ဘန်ကောက်မြို့ တွင် အမျိုးသမီးတစ်ဦး မိကျောင်းကန်တွင်း ခုန်ချအဆုံးစီရင်

ဘန်ကောက်၊ စက်တင်ဘာ ၁၅။ ထိုင်းနိုင်ငံ မြို့ တော် ဘန်ကောက်ရှိ ဆာမတ်ပါရာခန်း မိကျောင်း မွေးမြူရေး စခန်း တစ်ခုတွင် မိကျောင်း ကောင်ရေပေါင်း ၁၀၀၀ကျော်ထက် မနည်း ရှိနေသည့် ကန်အတွင်းသို့  စိတ်ကျ ဝေဒနာ ခံစားနေရသော အမျိုးသမီး တစ်ဦး ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြသည်။



ဝန်ပန် အင်ရန်းဆိုသူ အသက် ၆၅နှစ်ရှိ စိတ်ကျ ဝေဒနာသည် အမျိုးသမီးကြီးသည် သောကြာနေ့ အစောပိုင်းက ဘန်ကောက်မြို့ ရှိ ၎င်း၏ နေအိမ်မှ ထွက်ခွာလာ ခဲ့ပြီး ယခုကဲ့သို့  မိကျောင်းကန် အတွင်းသို့ ခုန်ဆင်းကာ ကိုယ်ကိုကို သေကြောင်းကြံ သွားခဲ့ခြင်း ဖြစ်သည်။

ကန်အတွင်းသို့  ၎င်းဘာသာ ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောပြီး ၎င်းက ကန်အနီးသို့ လျှောက်လာကာ ဝတ်ထားသည့် ဖိနပ်များ ချွတ်ကာ မိကျောင်းကန်တွင်း ခုန်ချသွားသည်ကို လုံခြုံရေး ကင်မရာများတွင်လည်း မြင်တွေ့ ရသည်။ အခင်းဖြစ်ပွား ရာသို့ ရောက်သွားသည့် အခါ ခြံပိုင်ရှင်နှင့် ဝန်ထမ်းများက အမျိုးသမီးကြီး၏ ခန္ဓာကိုယ်အား ကိုက်ဖဲ့လျက် ရှိကြသည့် မိကျောင်း ဒါဇင်များစွာကို တုတ်ရှည် များဖြင့် ခြောက်လှန့် မောင်းထုတ်လျက် ရှိသည်ကို တွေ့ ရသည်ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

ဝန်ပန်၏ ညီမဖြစ်သူက သူ၏အစ်မမှာ စိတ်ကျဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်ပြီး ၎င်း အိမ်မှ ပျောက်မသွားမီ ရက်များစွာ ကပင် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ စကားပြောဆိုခြင်း မရှိကြောင်း ဘန်ကောက်ပို့ စ်သို့ ပြောခဲ့သည်။ ၎င်း အိမ်မှ ထွက်သွားသည့် နေ့ က မိသားစုဝင် များသည် ရဲစခန်းကို လူပျောက် တိုင်ကြားခဲ့ သော်လည်း ဥပဒေအရ ၂၄ နာရီ ပြည့်မှသာ တိုင်ကြား နိုင်သဖြင့် အမှုမဖွင့် နိုင်ခဲ့ပေ။

အွန်လိုင်းတွင်လည်း ကန်ထဲ ခုန်ချသွားသည့် ဝန်ပန်၏ အနီး မိကျောင်း တစ်ကောင် တွားသွား ချဉ်းကပ်လာ နေသည့် ဓာတ်ပုံ တစ်ပုံလည်း ပျံ့ နှံ့သွား ခဲ့သည်။ ဆာမတ်ပရာခန်း မိကျောင်းခြံသည် ကမ္ဘာအကြီးဆုံး မိကျောင်းခြံ ဖြစ်ပြီး ၁၉၅၀ပြည့်နှစ်က စတင်ဖွင့်လှစ် ခဲ့သည်ဟု ယင်းမွေးမြူရေးခြံ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဧက ၃၀၀ ကျယ်ဝန်းသည့် ခြံအတွင်း မိကျောင်းကောင်ရေ တစ်သိန်း မွေးမြူထားပြီး အခြား တောရိုင်း တိရစ္ဆာန် များလည်း ရှိသည်။
by Mizzima News

0 comments:

Post a Comment