RCSS/SSA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ယင်းလူမျိုး ကလေးငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ လွိုင်ငင်းကျေးရွာအနီးတွင် စက်တင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မ တော်(RCSS/SSA)အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံကလေးငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။


အဆိုပါဖြစ်စဉ်မှာ ၎င်းကျေးရွာနေ ကလေးငယ်နှစ်ဦးသည် ကျွဲကျောင်းသွားစဉ် ကျွဲတစ်ကောင်မှ မိုင်းနင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``ကျွဲကျောင်းသွားကြတာလေ၊ မိုင်းနင်းမိလို့ ကျွဲနှစ်ကောင်ကတော့ အဲဒီနေရာမှာဘဲ ပွဲချင်းပြီး ဆုံးသွားတယ်၊ ကလေးနှစ်ယောက်ကလည်း မိုင်းစတွေ ထိမှန်ထားတဲ့ ဒဏ်ရာတွေက မြင်မကောင်းဘူး´´ ဟု ရွာခံတစ်ဦးက ပြောသည်။

RCSS/SSA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သော ကလေးငယ်နှစ်ဦးမှာ မောင်အိုက်ပွဲ(ဘ) ဦးအိုက်မောင်း၊ (၁၁)နှစ်၊ ယင်း/ဗုဒ္ဓနှင့် မောင်အိုက်နောင့်(ဘ) ဦးအိုက်ကာ၊(၁၃)နှစ်၊ ယင်း/ဗုဒ္ဓ တို့ဖြစ်ကြောင်း သိရသည်။

``အစကတော့ နမ့်စန်ပြည်သူ့ဆေးရုံမှာတင်တာ၊ ဒါပေမယ့် ဒဏ်ရာတွေကများတော့ လွိုင်လင်ပြည်သူ့ဆေးရုံ ကို ထပ်ပြီးတင်ထားရတယ်´´ ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများတွင် RCSS/SSA အဖွဲ့ဝင်များ ၀င်ထွက်သွားလာကာ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းခြင်းတို့ကို ပြုလုပ်ချက်ရှိရာ ယခုကဲ့သို့ မိုင်းထောင်ထားမှုကြောင့် ဒေသခံကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး၊ ကျွဲနှစ်ကောင်သေဆုံးမှုအပေါ် ဒေသခံများအနေဖြင့် ၎င်းအဖွဲ့ အား မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

စိုင်းဇော်ရှိုင်း

0 comments:

Post a Comment