အားလုံးက မေးနေကြပြီ ဦးခင်ရီ



စက်တင်ဘာ ၁ ရက်ကပြုလုပ်သည့် E-visa ရှင်းလင်းပွဲ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား တွေ့ရစဉ်၊ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်းက အစိုးရသတင်းစာများတွင် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဖော်ပြပါရှိမှုအချို့ကို တွေ့ရစဉ်

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁၄၁၉၄၂၀ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြားထဲမှာ သံသယဂယက် ရိုက်သွားခဲ့တယ်။

၂၀၀၈ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၈ သန်းနီးပါးရှိတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိတယ်လို့ နိုင်ငံတော်က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းအရဆိုရင် လေးနှစ်လောက်အတွင်းမှာ လူဦးရေရှစ်သန်းလောက် ပျောက်သွားတဲ့သဘောပါ။ တစ်နှစ် လူဦးရေနှစ်သန်းနှုန်း လျော့ကျသွားသလို ဖြစ်နေပါပြီ။

အဲဒီအတွက်လည်း ပြည်သူတွေကြားမှာ မေးခွန်းတွေမြောက်မြားစွာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်စဉ် ပြည်ပထွက်တဲ့ လူဦးရေ သန်းနဲ့ချီလို့လား၊ ၂၀၁၀ တုန်းက ထုတ်ပြန်ခဲ့တာ အမှားကြီးလား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထောက်ခံခဲ့တဲ့ လူဦးရေစာရင်းက အတုကြီးလား၊ ဒါမှမဟုတ် အခု ထုတ်ပြန်တဲ့စာရင်းက မှားယွင်းနေတာလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရောက်ရောက်လာတတ်သလိုပဲ ၂၀၁၀ တုန်းကလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ အသည်းကြားကမဲပြားတွေ ဖုံးအုပ်ခံခဲ့ရတာ ရှိခဲ့လေတော့ ပြည်သူတွေ မေးမယ်ဆို မေးလောက်ပါတယ်။

လူဦးရေစာရင်းဆိုတာ လာမယ့်ရွေးကောက်ပွဲတွေအတွက် အင်မတန်အရေးကြီးတဲ့ အခြေခံစာရင်းပါ။

ထုတ်ပြန်တဲ့ စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာပဲ စက်တင်ဘာ ၇ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြေညာလိုက်ခဲ့တဲ့အတွက်လည်း မေးခွန်းတွေက ပိုမေးလာခဲ့ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံ ရှေ့ပြေးလူဦးရေစာရင်းအရ ၅၁ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီလို့ ဆိုလိုက်တာနဲ့ အရင်ရဲချုပ်တာဝန် ယူခဲ့စဉ်က ဗုံးပေါက်ကွဲမှုတွေ၊ ငါးလောင်းပြိုင်လူသတ်မှုလို အမှုကြီးတွေအတွက် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားရှင်းလင်းခဲ့မှုတွေနဲ့ တကယ်လက်တွေ့လုပ် မပြနိုင်သေးတာတွေနဲ့တွဲမြင်ပြီး အခုသန်းခေါင်းစာရင်း ထုတ်ပြန်တဲ့အပေါ်မှာလည်း အရင်လိုမဖြစ်အောင် မေးကြမြန်းကြ ထောက်ပြကြရတာလို့ ဆိုလာခဲ့ကြပါတယ်။

ဗုံးသုံးလုံးပေါက်ကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၅ ခုနှစ် မေ ၇ ရက်က ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန၊ Junction 8 စင်တာ၊ ဒဂုံစင်တာ စတဲ့သုံးနေရာမှာ ငါးမိနစ်စီခြားပြီး ဗုံးသုံးလုံး ထပ်ဆင့်ပေါက်ကွဲခဲ့ပါတယ်။

လူပေါင်း ၁၉ ယောက်သေဆုံးပြီး လူပေါင်း ၁၅၀ နဲ့အထက် ဒဏ်ရာရာခဲ့တဲ့ ဗုံးသုံးလုံးပေါက်ကွဲမှုအတွက် မေ ၁၆ ရက်မှာ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၊ ဘဏ္ဍာ/အခွန်၊ ပြည်ထဲရေး၊ ကျန်းမာရေး စသည်ဖြင့် ၀န်ကြီးဌာနအတော်များများက ၀န်ကြီးတွေဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီလည်း ပါဝင်ခဲ့ပါတယ်။

ရှင်းလင်းပွဲကို ခြုံကြည့်ရင် ယွက်ဆစ်ဦးစီး SSA, KNU, KNPP, NCUB, NCGUB, ABSDF အဖွဲ့တွေနဲ့ အပေါင်းအပါတွေက လုပ်တာဖြစ်တယ်ဆိုပြီး ဖောက်ခွဲဖို့သင်တန်းပေးသူတွေ၊ ကြီးကြပ်သူတွေ၊ သင်တန်းတက်သူတွေကို နာမည်နဲ့တကွ ရှင်းလင်းခဲ့ကြတယ်။ အဲဒီအထဲမှာ ဖောက်ခွဲရေးသင်တန်းပို့ချတယ်၊ အဲဒီအဖွဲ့ကို အနီးကပ်ကြီးကြပ်သူတွေကိုပါ နာမည်နဲ့တကွ ထုတ်ပြန်ရှင်းလင်းခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအမည်တွေထဲမှာ ပါတဲ့သူတချို့ဟာ အခုမြန်မာနိုင်ငံထဲမှာပဲ အေးရာအေးကြောင်း နေထိုင်လုပ်ကိုင်နေကြတာတွေ့ရတော့ တိုင်းသိပြည်သိ ကမ္ဘာသိ ရှင်းခဲ့လင်းခဲ့ ထုတ်ပြန်ခဲ့တာတွေက အမှားကြီးထုတ်ပြန်ခဲ့တာလား၊ မမှားဘူးဆိုရင်ရော ဘာကြောင့်လဲဆိုပြီး အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ငါးလောင်းပြိုင်နဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် မတ် ၃ ရက်က တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာလမ်းသွယ်မှာ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတွေကြားမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့တယ်။

အဲဒီ နာမည်ကျော်မှုခင်းကြီးနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဇွန် ၂၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီးမှာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းခဲ့ပါတယ်။

ရဲချုပ်က “ငါးလောင်းပြိုင်လူသတ်မှုကိုလည်း ကျွန်တော်တို့ တိုက်ရိုက်နေ့စဉ် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အမှုတိုးတက်မှုတွေလည်း ရှိပါတယ်။ မှန်းပေးတာတွေလည်း ရှိပါတယ်။ မှန်းထားတာတွေလည်း ရှိပါတယ်။ မှန်းထားတယ်ဆိုတာလည်း အရမ်းမှန်းထားတာ မဟုတ်ပါဘူး။ ထွက်ချက်တွေအရ အချက်အလက်တွေစုထားတာ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။


၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။ ၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ . . . . . 

ရဲချုပ်ကထပ်ပြီးတော့ “အဲဒါက On-going Case ပါ။ လမ်းကြောင်းတွေဖွင့် ဆောင်ရွက်နေပါတယ်။ နီးပြီလို့ပဲ ပြောပါရစေ။ စစ်ချက်အများကြီး လုပ်နေတယ်။ လုပ်လည်း လုပ်ထားပြီးပြီ။ သို့သော်လည်း သက်သေနဲ့ တရားစွဲဖို့ကိစ္စတွေ ကြန့်ကြာနေတာပါ။ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ပဲ ပတ်သက်မလား၊ လောင်းကစားအမှုနဲ့ပဲ ပတ်သက်မလား။ ကျောက်သံပတ္တမြားနဲ့ပဲ ပတ်သက်မလား။ မိသားစုအမွေကိစ္စနဲ့ပဲ ပတ်သက်မလား။ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ ပေါ်တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီကိစ္စအပြင်ကို သတင်းပေါက်သွားရင် တရားခံအစစ်က ငုပ်သွားမှာလည်း စိုးတယ်” လို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

အဲဒီကတည်းက နီးပြီလို့ပြောခဲ့ပေမယ့် ယခုအချိန်အထိ ခြောက်နှစ်ကျော်ကြာသည့်တိုင် ငါးလောင်းပြိုင်လူသတ်မှုမှာ မပေါ်ပေါက်သေးတာကရော ဘာကြောင့်လဲ၊ အားလုံးက သတိတရနဲ့ မေးနေကြပြန်ပြီ ဦးခင်ရီခင်ဗျာ။

ရွှေပြည်သာဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် ဇူလိုင် ၁ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအောက်ထပ် ရုံးခန်းအ၀င်အ၀မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရွှေပြည်သာဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြားမှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အကြောင်း၊ ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ပြီး သိရှိရတာတွေ၊ ဖမ်းဆီးရမိသူတွေနဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့တွေအကြောင်းကိုလည်း အမည်နာမနဲ့တကွ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို စစ်ဆေးချက်အရ ပြည်တွင်း/ပြည်ပ ချိတ်ဆက်ပြီး ပြည်ဖျက်စီမံကိန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဝင်အချို့ကိုပါ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီအဖွဲ့က NGD ခေါ် မျိုးဆက်သစ် မဟာမိတ်များအဖွဲ့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားရှင်းလင်းခဲ့ပါတယ်။

အဲဒီ NGD အဖွဲ့ကို ဘယ်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖွဲ့တယ်ဆိုတာကိုပါ အတိအကျ ဖော်ပြခဲ့တာပါ။ ဥပမာ-အဲဒီအဖွဲ့ကို ကူညီထောက်ပံ့တဲ့အထဲမှာ ပြည်သစ်ညွှန့်ဝေ၊ မိုးသီးဇွန်တို့ပါတယ်။ သူတို့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းခဲ့တာလို့ ပြောထားခဲ့တယ်။

ဖော်ပြခံရတဲ့သူတွေဟာ ပြည်တွင်းကိုလည်း ပြန်ဝင်ခွင့်ရခဲ့တာ တွေ့ရတော့ အဲဒီတုန်းက ရှင်းလင်းခဲ့တာက မမှန်ခဲ့တာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကိုလည်း အားလုံးက မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

X2O မဏ္ဍပ်ဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေ ၁၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ် မေ ၆ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကပဲ ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ရဲချုပ်က ကျူးလွန်သူတွေရဲ့ အမည်တွေကိုပါ ဖော်ထုတ်ရှင်းလင်းခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြု ကြိုးကိုင်နေသူတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူက ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ပိုင်းမှာ သေဒဏ်အထိ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ် ၃ ရက်မှာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
ဒါပေမဲ့ ကိုဖြိုးဝေအောင်ဟာ မတရားစွပ်စွဲခံခဲ့ရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့မိသားစုက တရားဝင်သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ဖြေရှင်းခဲ့ကြပါတယ်။

ဒီကိစ္စအပေါ်မှာလည်း ကိုယ်တိုင်ကျူးလွန်ခဲ့သူလို့ တိုင်းသိပြည်သိရှင်းလင်းခဲ့၊ အပြစ်ပေးခဲ့ လုပ်ခဲ့တာတွေဟာ မမှန်တာတွေဘဲလား၊ ဒါမှမဟုတ် ဘယ်လိုကြောင့်လဲဆိုတာ အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း

လူဦးရေသန်းခေါင်စာရင်းဆိုတာ နိုင်ငံရဲ့အသက်ပါ။ သန်းခေါင်စာရင်း အနီးစပ်ဆုံးမှန်ကန်မှု၊ ဒါမှမဟုတ် အကြီးအကျယ်ကွဲလွဲမှုဟာ ရွေးကောက်ပွဲပေါ်ကို တိုက်ရိုက်ပတ်သက်နေမှာ မလွဲပါဘူး။

အခုတော့ မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁ သန်းကျော်လို့ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာတယ်။ နိုင်ငံတကာက တွက်ချက်ထားတာတွေရော၊ အရင်တုန်းက နိုင်ငံတော်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေနဲ့ရော တော်တော်ကွာခြားကုန်တဲ့အတွက်ပါ။

သန်းခေါင်စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ တိုက်ဆိုင်တာလား ဘာလား၊ ပတ်သက်တာလား မပတ်သက်တာလား ပြောဖို့ခက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ကြေညာလိုက်လို့ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ထပ်ထွက်လာပြီဖြစ်တယ်။

နောက်ဆုံးအခွင့်အရေးတစ်ခုနဲ့ ဦးခင်ရီ

ဘယ်လိုပဲဖြစ်ဖြစ် သန်းခေါင်စာရင်း အနီးစပ်ဆုံး မှန်ကန်မှုဟာ တစ်နိုင်ငံလုံးအတွက် အရေးပါနေတာ ထင်ရှားပါတယ်။

သြဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား တွေ့ရစဉ်

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါက ရှေ့ပြေးစာရင်းပဲဖြစ်ပြီး နိုင်ငံခြားရောက် အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေ မပါသေးဘူးလို့ ဆိုထားပါတယ်။ လ၀က ကလည်း ၂၀၁၅ မေကျမှပဲ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မှာလို့ ရှင်းလင်းထားပါတယ်။

ဒီအခွင့်အရေးလေးတစ်ခု ကျန်နေသေးတဲ့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကို မေးခွန်းတွေထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။

၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ။

ပြည်သူတွေအတွက် နိုင်ငံအတွက် အရေးပါဆုံးစာရင်းဖြစ်လို့ အရင်တုန်းက ရှင်းလင်းခဲ့တဲ့ ဗုံးပေါက်ကွဲမှု၊ လူသတ်မှု အမှုကြီးတွေလို ပြောခဲ့တာနဲ့ ဖြစ်လာတာ၊ ရှင်းခဲ့တာနဲ့ ဒီနေ့လက်တွေ့ဖြစ်နေတာတွေလို အကွဲကွဲ အလွဲလွဲတွေ ထပ်အဖြစ်ခံလို့မရတဲ့ စာရင်းဖြစ်လို့ ကွဲလွဲမှုထပ်မဖြစ်ဖို့ အားလုံးက မေးနေကြရတာပါ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီခင်ဗျာ။
EMG

0 comments:

Post a Comment