စက်တင်ဘာ (၁၄) တွင် အမေရိကန် နိုင်ငံသားကို မြောက်ကိုရီးယား ရုံးတင် စစ်ဆေးမည်


ထိန်းသိမ်း ထားသော အမေရိကန် နိုင်ငံသား မက်သရူး မေလာကို စက်တင်ဘာ (၁၄) တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ပြောကြား လိုက်သည်။


ထိန်းသိမ်း ခံထားရသော အမေရိကန် နိုင်ငံသား မက်သရူး မေလာသည် ပြီးခဲ့သည့် အပတ်က ၎င်းလွတ်မြောက်ရေး အမေရိကန် အစိုးရ ကူညီပေးရန် ရုပ်သံ အင်တာဗျူးမှ အကူအညီ တောင်းခံထားသည်။

မစ္စတာ မေလာသည် ဧပြီလတွင် မြောက်ကိုရီးယားသို့ ရောက်ရှိစဉ် နိုင်ငံကူး လက်မှတ်ကို စုတ်ဖြဲပြီး မြောက်ကိုရီးယား ၌ နိုင်ငံရေး ခိုလှုံခွင့် ရလိုကြောင်း တောင်းဆိုမှုဖြင့် ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။ မစ္စတာ မေလာ အပြင် နောက်ထပ် အမေရိကန် နိုင်ငံသား ဂျက်ဖရေး ဖိုးလ်တို့အား မြောက်ကိုရီးယား အပေါ် ကျူးလွန်မှုများ အတွက် စစ်ဆေးမည် ဖြစ်ကြောင်း ဇူလိုင်လ ကတည်းက မြောက်ကိုရီးယားက ထုတ်ပြန် ကြေညာ ထားခဲ့သည်။ မေလ၊ ဖိုးလ် နှင့် တတိယမြောက် အမေရိကန် နိုင်ငံသား ကဲနက်ဘေ တို့သည် CNN နှင့် အင်တာဗျူးတွင် ၎င်းတို့ လွတ်မြောက်ရေး အကူအညီပေးဖို့ အမေရိကန် အစိုးရကို ပန်ကြား ထားကြသည်။

အမေရိကန် နိုင်ငံသား သုံးယောက် လွတ်မြောက်ရေး အတွက် “မလှန်မိသော ကျောက်တုံး မရှိစေရ” ဆိုသလို လုပ်လို့ ရနိုင်သမျှ အစွမ်းကုန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရကလည်း ပြောကြား ထားသည်။ အသေးစိတ် ဆောင်ရွက်မည့် အစီအစဉ် များကိုမူ ထုတ်ပြန်ခြင်း မရှိကြောင်းလည်း တွေ့ရသည်။

ယခင်ကလည်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ အုပ်ချုပ်ရေးမှူး ဟောင်း ဘီလ်ရစ်ချတ်ဆန် တို့ ဦးဆောင်သော သံအဖွဲ့သည် မြောက်ကိုရီးယား သို့ သွားကာ ဖမ်းဆီး ခံထားရသော အမေရိကန် နိုင်ငံသားများ လွတ်မြောက်ရေး ကြိုးပမ်း နိုင်ခဲ့ကြသည်။

မစ္စတာ ဖိုးလ်သည် မြောက်ကိုရီးယား ကို ဧပြီ (၂၉) ရက် နေ့တွင် ၀င်ရောက် ခဲ့ပြီး ဟိုတယ် တစ်ခုတွင် သမ္မာကျမ်း စာအုပ် ကျန်ခဲ့ရာမှ ဆက်စပ်ပြီး ထိန်းသိမ်း ခံခဲ့ရသည်။ ကဲနက် ဘေကိုကား ၂၀၁၂ နိုဝင်ဘာ ကတည်းက ဖမ်းဆီးခဲ့ပြီး မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ် ခံရသည်။

မြောက်ကိုရီးယားတွင် အမေရိကန် သံရုံး မရှိသဖြင့် ဆွီဒင် သံရုံးက ကြားခံ ဆောင်ရွက် ပေးလျက်ရှိသည်။ မြောက်ကိုရီးယားရှိ ဆွီဒင် သံတမန် များသည် သြဂုတ် (၁၁) ရက် နေ့ မစ္စတာ ဘေကို သွားရောက် တွေ့ဆုံခဲ့သလို၊ ဇွန်လ နှောင်းပိုင်းကလည်း ဖိုးလ် နှင့် မေလာ တို့ကို သွားရောက် တွေ့ဆုံခဲ့သည်။

Source: AFP
Messenger News Journal

0 comments:

Post a Comment