အသားဖြူဖြူ၊ ကိုယ်လုံးသွယ်သွယ်နဲ့ မိန်းမချော စာရင်းဝင်သူ နေရှင်နယ်ဒါရိုက်တာ လှနုထွန်း

မလှနုထွန်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
အသားဖြူဖြူ၊ ကိုယ်လုံးသွယ်သွယ်နဲ့ မိန်းမချော စာရင်းဝင်သူ မလှနုထွန်းဟာ မင်းသမီး၊ 
အဆိုတော် မဟုတ်သလို၊ အလှမယ် တစ်ယောက်လည်း မဟုတ်ပါဘူး။ 

ဒါပေမဲ့ နာမည်ကြီးနေတဲ့ နိုင်ငံတကာဆုရ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာအဖြစ် 
သူ့ကို လူသိများနေပါတယ်။ 

မြန်မာအမျိုးသမီးငယ်တစ်ဦးကို နိုင်ငံတကာပြိုင်ပွဲဆီ ပို့ဆောင်ပေးခဲ့သူ၊ သရဖူရရှိတဲ့အခါမှာ 
အလှမယ်လိုပဲ လူစိတ်ဝင်စားမှုကို ခံလာရသူ၊ တစ်ဖန် အလှမယ်နဲ့ သူ့အကြားက
အဆင်မပြေမှုတွေကြောင့်နဲ့ နောက်ဆုံးမှာတော့ နိုင်ငံတကာအဖွဲ့အစည်းထံကနေ
အလှမယ်မေမြတ်နိုး သရဖူသိမ်းခံရတာတွေကြောင့် လတ်တလောမှာတော့ မေမြတ်နိုး နည်းတူ
လူအများရဲ့ စိတ်ဝင်စားမှုကို ခံယူရရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 

နေရှင်နယ်ဒါရိုက်တာအဖြစ် ရပ်တည်ဖြစ်ပုံကို မလှနုထွန်းက ကိုယ်တိုင်ဝါသနာပါလို့ မော်ဒယ်
အလုပ်ကို စလုပ်ခဲ့ရင်းက မြန်မာအမျိုးသမီးတွေ လူပုံအလယ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ရှိလာစေဖို့ လေ့ကျင့်သင်ကြားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တာလို့ ဆိုပါတယ်။

"ကိုယ်တိုင်က ဒီအလုပ်ကို ၀ါသနာပါတယ်။ ပြီးတော့ စင်ပေါ်မှာ ရပ်နေတဲ့အချိန်၊ ပရိသတ်တွေ
ရှေ့မှာ လမ်းလျှောက်တဲ့အချိန်မှာ ဖြစ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကို ရစေချင်တယ်။
ဆုကတော့ တစ်ယောက်ပဲရမှာပဲ။ ဒါပေမဲ့ အတွေ့အကြုံနဲ့ ယုံကြည်စိတ်ရှိတာနဲ့အမျှ ကိုယ့်ကို
လူတွေက ပိုသတိထားမိပြီး နောင်ပိုင်း လူအများကြီးနဲ့ ဆက်ဆံတဲ့အခါမှာလည်း ယုံကြည်မှု
ပိုရှိလာမယ်။ အဲဒီလိုမျိုးလေး မြန်မာအမျိုးသမီးတွေကို ဖြစ်စေချင်တဲ့အတွက် ဒီအလုပ်ကို 
စဖြစ်ခဲ့တယ်"လို့ ပြောပြပါတယ်။ 

အသက် ၃၈ နှစ်လို့ မထင်ရအောင် နုပျိုလှပတဲ့ မလှနုထွန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အချိန်တုန်း
ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အ၀ သိပ်မရှိသူ တစ်ဦးလို့ ဆိုရပါတယ်။ 

အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ အင်္ဂလိပ်စာပြဆရာမ
တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ 

အဲဒီအတွက် လူအများ ရှေ့မှာ ရပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေဖို့အတွက် 
၂၀၀၄ ခုနှစ်မှာ ဆရာမ တင်မိုးလွင်ထံမှာ မော်ဒယ်သင်တန်း တက်ဖြစ်ခဲ့တယ်လို့ မလှနုထွန်းက
ပြောပြပါတယ်။ 

"လှနုက အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုလျော့နည်းနေတဲ့ အချိန်ပေါ့နော်။ 
အမျိုးသားဖြစ်သူက အဲဒီသင်တန်းလေး ကောင်းတယ်။ မော်ဒယ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်
ဖြစ်စေ လူတိုင်းအတွက် ကိုယ်ဟာမော်ဒယ်ပါပဲ။ Role Model တစ်ယောက် ဖြစ်ဖို့ စမတ်ကျနေဖို့ 
လိုအပ်တယ်၊ တက်သင့်တယ်လို့ အားပေးတာနဲ့ တက်ဖြစ်ခဲ့တယ်ပေါ့။ အဲဒီ နောက်ပိုင်းတော့
စာသင်ကြားရေးပိုင်းကိုပဲ ဦးစားပေးခဲ့တယ်"လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ သုံးနှစ်မှာတော့ တက်ခဲ့တဲ့ မော်ဒယ်သင်တန်းကို ထပ်တိုးပြီးလေ့လာချင်တာကြောင့် 
ဆရာ ဂျွန်လွင်ထံမှာ မော်ဒယ်သင်တန်း ထပ်တက်ဖြစ်ခဲ့ကာ အဲဒီကစပြီး မော်ဒယ်ပိုး စ၀င်လာ
တယ်လို့လည်း မလှနုထွန်းက ဆိုပါတယ်။ 

"ဆရာဂျွန်လွင်က အရမ်းတက်တက်ကြွကြွကို သင်ပေးတာပေါ့နော်။ အရမ်းပျော်ဖို့ကောင်းပြီး၊ 
အတွေ့အကြုံတွေလည်း ရတယ်။ နောက်ပိုင်း ဆရာက လှနုကို အပြင်မှာလည်း ဆရာမ
လုပ်နေမှန်းသိတော့ သင်တန်းမှာပဲ ထရိန်နာအနေနဲ့ ဆက်လုပ်ဖို့ပြောတာနဲ့ လုပ်ဖြစ်ခဲ့တယ်။ 
အဲဒီအချိန်မှာ ဆရာက လှနုနဲ့ အဆင်ပြေမယ့်ပွဲတွေမှာ အတွေ့အကြုံရအောင် ရှိုးလျှောက်ဖို့ 
ထည့်ပေးနေပါပြီ"လို့ဆိုပါတယ်။ 

အဲဒီအချိန်မှာ အသက် ၃၅ လောက် ရှိနေပြီဖြစ်ပြီး ရှိုးလျှောက်ဖော်တွေကြားထဲမှာ အသက်ကြီး
နေပေမယ့် စိတ်ကျေနပ်ပြီး ပျော်ခဲ့တယ်လို့လည်း မလှနုထွန်းက ပြောပြပါတယ်။ 

တင်မိုးလွင်ဆီက သင်တန်းပြီးတဲ့နောက်မှာ စားသောက်နေထိုင် ပြောဆိုနည်းတွေကို စနစ်တကျ
တတ်ကျွမ်းလာပြီး ဂျွန်လွင်ဆီမှာ သင်တန်းပြီးတဲ့ အခါမှာတော့ ဖိနပ်အမြင့်နဲ့ စမတ်ဖြစ်အောင်
လမ်းလျှောက် တတ်ဖို့နဲ့ တခြားလူမှုဆက်ဆံရေးပိုင်းတွေ တတ်ကျွမ်းလာတယ်လို့ သင်တန်းကနေ
ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပါတယ်။ 

E-Nat ကနေ အသက် ၃၀ကျော် အရွယ်တွေအတွက် လုပ်တဲ့ အလှမယ်ရွေးချယ်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး နောက်ဆုံးဆန်ခါတင် ငါးယောက်မှာ ပါခဲ့ပေမယ့် ဆုနဲ့ လွဲချော်ခဲ့ပါတယ်။ 

အဲဒီပွဲဟာ သူ့အတွက် ပထမဆုံး ပြိုင်ပွဲအတွေ့အကြုံပဲဖြစ်ပါတယ်။ 

"၀င်ပြိုင်မယ်ဆိုတုန်းက အကုန်လုံးက လှနုကို ၀ိုင်းပြောကြတယ်ပေါ့။ မရှက်ဘူလား၊ ဘာလို့ 
ဝင်ပြိုင်တာလဲ။ ကိုယ်တိုင်လည်း ဆရာမ လုပ်နေပြီးတော့ အခုလိုမျိုး တပည့်တွေနဲ့ အဆင့်တူတူ
ဝင်ပြိုင်ရမှာ မရှက်ဘူးလားဆိုပြီး ၀ိုင်းပြောကြတယ်။ အကုန်လုံးကို လှနုတစ်ခုပဲ ပြန်ပြောခဲ့ပါတယ်။
အဆင့်ရယ်လို့လည်း မရှိပါဘူး။ ကိုယ်တိုင်မှာ အတွေ့အကြုံမရှိရင် ဘယ်လိုတပည့်တွေကို
ပြန်သင်ပေးမလဲဆိုပြီးပဲ ပြောခဲ့တယ်"လို့ တစ်ချိန်က သူ့ရဲ့ ပွဲဦးထွက်ပြိုင်ပွဲ အတွေ့အကြုံကို
ပြောပြပါတယ်။ 

ပထမဆုံးပြိုင်ပွဲကနေ ရှုံးနိမ့်တဲ့ အရသာကို သိခဲ့ပြီး ကိုယ့်အားနည်းချက်တွေကို ရှာဖွေတွေရှိခဲ့တယ်
လို့လည်း ဆိုပါတယ်။ 

"စစချင်း နှစ်လလောက်က သူများတွေကို အပြစ်တင်နေတုန်းပေါ့။ ဘာလို့မရတာလဲ၊ ဟိုလူတွေက
ဒိုင်တွေကို ပိုက်ဆံပေးလို့လား၊ အဲဒီလိုမျိုးတွေ စဉ်းစားမိပါတယ်။ ဒါပေမဲ့ နှစ်လလောက်ကြာတော့
ဒါ ငါလိုအပ်လို့ဖြစ်တာပဲ။ ရှုံးနိမ့်တဲ့အချိန်မှာ ဒီလိုမျိုး သူများကို အပြစ်တင်မိတာပါလား။ ဒါကို 
ကလေးတွေကို ပြန်သင်ပေးရမယ်ဆိုတဲ့အသိကို ရခဲ့ပါတယ်"လို့ ဆိုပါတယ်။



ပထမဆုံးပွဲမှာ အောင်မြင်မှု မရှိခဲ့ပေမယ့် ဒုတိယအကြိမ် ထပ်မံကြိုးစားဖို့ မလှနုထွန်းဟာ
စိတ်အားထက်သန်ခဲ့ပါတယ်။ 

Oramin-F ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ခင်ပွန်းသည်က ဖောင်တင်ပေးခဲ့ပြီး အဲဒီပွဲမှာတော့ 
သူကြိုးစားရကြိုးနပ်ခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် အလှမယ်များပွဲမှာ သရဖူဆောင်နိုင်ခဲ့တယ်လို့ သူက ပြောပြပါတယ်။ 

အဲဒီလို ဆုရရှိအောင်လည်း ပြင်ဆင်မှုတွေကို စနစ်တကျနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

နောက်ပိုင်းမှာ မော်ဒယ်အလုပ်ကို အရမ်းဝါသနာပါခဲ့ပြီး နိုင်ငံတကာအလှမယ်ပွဲတွေဖြစ်တဲ့
Miss Universe၊ Miss Earth စတဲ့ ပွဲတွေကို ကိုယ်တိုင် သွားကြည့်ဖြစ်ခဲ့ပြီး Missology မှ အဖွဲ့ဝင်
တစ်ဦးရဲ့ အကြံပေးမှု၊ Miss Golden Land Myanmar က ကိုဟန်ဇော်လတ်တို့ လမ်းညွှန်မှုနဲ့ 
Miss Asia Pacific နဲ့ Miss Glode Myanmar ကို National Director အဖြစ် ၂၀၁၄ ခုနှစ်မှာ 
စတင်တာဝန်ယူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီမတိုင်ခင်အထိမှာတော့ ဆရာဂျွန်လွင် သင်တန်းနဲ့ နေရာတော်တော်များများမှာ Personality 
Development ဘာသာရပ်ကို ဆရာမအနေနဲ့ လိုက်သင်ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်လောက်မှာတော့
Road To Mandalay သင်္ဘောနဲ့ Governor Residence တို့က ၀န်ထမ်းတွေကို Personality 
Development ဘာသာရပ်ကို သင်ကြားပေးခဲ့ပါတယ်။ 

လက်ရှိမှာတော့ ကိုယ်ပိုင် Personality Development သင်တန်းကျောင်းကို Style Plus H
အမည်နဲ့ ဖွင့်လှစ်ထားပါတယ်။ 

"Style Plus ဖြစ်လာတာကတော့ British Council မှာ လူငယ်အဖွဲ့အစည်းကို မေတ္တာနဲ့ စာသင်ဖို့ 
ကမ်းလှမ်းခံရရင်း certificate ပေးဖို့ လိုလာတယ်ဆိုတော့ နာမည်တစ်ခု စဉ်းစားရင်း
ဒီနာမည်လေးနဲ့ အပြင်မှာ စာတွေသင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ မှာ သင်တန်းကျောင်းကို 
ဖွင့်လိုက်တာဖြစ်ပါတယ်"လို့ ကိုယ်တိုင်ကျောင်းဖွင့်ဖြစ်ပုံကို ပြောပြပါတယ်။ 

နေရှင်နယ်ဒါရိုက်တာအဖြစ် ပထမဆုံးလုပ်တဲ့ပွဲက ကြိုးစားသလောက် အောင်မြင်မှုရခဲ့ပေမယ့်
နောက်ဆက်တွဲဖြစ်လာတဲ့ ပြသာနာတွေကလည်း သူ့အတွက်တော့ သင်ခန်းစာပါပဲလို့ မလှနုထွန်း
က ပြောပါတယ်။ 

Miss Glode Myanmar အတွက် လူရွေးပွဲလုပ်ဖြစ်ခဲ့မယ့် Miss Asia Pacific World အတွက်
ကတော့ မေမြတ်နိုးရဲ့ အရည်အချင်းတွေကိုပဲ ကြည့်ကာ ကိုရီးယားကို ဓာတ်ပုံပို့ခဲ့ပြီး အဲဒီဓာတ်ပုံ
နဲ့ပဲ ဟိုဘက်က ပြိုင်ပွဲမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့တာလို့ ပြောပြပါတယ်။ 

"အဲဒီတုန်းကတည်းက ဆုကြေးအနေနဲ့ ဖိလစ်ပိုင်မှာ လေ့ကျင့်ရေးပေးခဲ့တာပေါ့။ ကလေးတွေ
ဆိုတော့ ပိုက်ဆံတွေ ဘာတွေနဲ့ ဆုကြေးပေးပြီး မလုပ်ချင်ပါဘူး။ ကိုယ်တိုင်ကလည်း ဆရာမ
ဆိုတော့ သူတို့အတွက် တစ်ခုခု ကျန်မယ့်အရာကို စဉ်းစားပြီး မေမြတ်နိုးနဲ့ ဂျုးစံသာကို
ဖိလစ်ပိုင်မှာ သင်တန်းပို့ခဲ့တာပါ"လို့ မလှနုထွန်းက ပြောပါတယ်။ 

"အဲဒီအချိန်တုန်းက တော်တော် အပြောခံလိုက်ရတယ်။ နီးစပ်ရာကို ရွေးပါတယ်ဆိုပြီး။ 
အမှန်တော့ နီးစပ်ရာကို ရွေးတာမဟုတ်ပါဘူး။ မေမြတ်နိုးမှာ ရှိတဲ့ အသားအရေ၊ ပြီးတော့
ပညာအရည်အချင်း၊ ပြီးတော့ သူ့ရဲ့ တခြားအရည်အချင်းတွေပေါ့။ အရမ်းတော်တဲ့ထဲမှာ မပါဘူး။ 
ဟိုဘက်ကလည်း အရမ်းတော်တဲ့လူကို လိုချင်တာမဟုတ်ဘဲ သူတို့က ပျိုးထောင်ပေးချင်တဲ့
ပြိုင်ပွဲဆိုတော့ သူက ကံကောင်းတာပါ။ သရဖူကို ပိုင်ဆိုင်နိုင်ခဲ့တယ်"လို့ သူ့ရွေးချယ်မှုနဲ့
ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ 

"သူ သွားမပြိုင်ခင်တုန်းကတည်းက လှနု သူ့ကို ပြောပါတယ်။ သမီးဟိုက ပြန်လာရင် အခု
ဘာမှမဟုတ်သေးတဲ့ သမီးကို ဂရုမစိုက်တဲ့လူတွေ ဂရုစိုက်လာလိမ့်မယ်။ ဆရာမထက် ပိုသာတဲ့၊ 
ပိုကောင်းတဲ့နေရာတွေကို ခေါ်သွားလိမ့်မယ်။ သမီးကို အကောင်းစားအရာတွေနဲ့ 
လာချဉ်းကပ်လိမ့်မယ်။ အဲဒီအခါကျရင် သမီး ဆရာမကို ကန်ထွက်သွားမှာပဲလို့ ပြောခဲ့ပေမယ့် 
သူက လုံးဝ မသွားဘူး။ ဘယ်တော့မှ မလုပ်ဘူးလို့ ပြောခဲ့ပေမယ့် လှနုက ကိုယ့်အတွေ့အကြုံနဲ့
တော့ သိနေပါတယ်"လို့ ဆိုပါတယ်။ 

မေမြတ်နိုး ဆုရချိန်မှာ သူ့အနေနဲ့ ၀မ်းသာဂုဏ်ယူမိပေမယ့် သူအောင်မြင်မှုရဲ့ ဒဏ်ကို ခံနိုင်ရည်
ရှိပါမလားဆိုတဲ့ စိုးရိမ်စိတ်လည်း ဖြစ်လာမိတယ်လို့လည်း ဆိုပါတယ်။ 

"သရဖူ ရသွားတယ်ဆိုရင်ပဲ ကလေးကို ကိုရီးယားက ပိုင်သွားပြီပေါ့နော်။ အဲဒါကိုကော
မြန်မာပြည်သူတွေက နားလည်ပါ့မလား။ ဘယ်လို ရှင်းပြရမလဲဆိုတဲ့ အတွေးတွေလည်း
ဝင်ခဲ့တယ်။ ကိုယ်ကပဲ နောက်ဆုံးတော့ ဒီစုန်းမကြီးက ဘာလို့ ချယ်လှယ်နေတာလဲ။
မေမြတ်နိုးကို ကပ်စားတယ်ဆိုတာမျိုးတွေ အပြောခံရပြီး ကလေးလည်း စိတ်ရှုပ်သွားတော့ 
သူများစကားတွေကို နားယောင်ပြီး အမှန်ကို မစဉ်းစားနိုင်ဘူးဖြစ်သွားတယ်"လို့ သူခံစားရတာတွေ
ကို ပြောပြခဲ့ပါတယ်။ 

အမှန်ဆို သရဖူ ရပြီးသွားရင် မေမြတ်နိုးကို ပျိုးထောင်ပေးသူအနေနဲ့ သူ့အနေနဲ့ ပိုင်ဆိုင်သွားပြီး 
သူနဲ့ကော ကိုရီးယားဘက်က အဖွဲ့အစည်းနဲ့ပါ မေမြတ်နိုးက အလုပ်လုပ်ရမှာပါလို့လည်း 
သူ့အမြင်ကို ပြောပြပါတယ်။ 

"သူ့ကို ပိုင်တယ်ဆိုတာ မဟုတ်တာတွေ လုပ်ခိုင်းမှာ မဟုတ်ပဲ။ ဘယ်ဟာကတော့ ကောင်းတယ်။ 
ဘယ်ဟာကို လုပ်သင့်တယ်။ ပြီးတော့ လှနုရဲ့သင်တန်းမှာလည်း သူ့ကို ဆရာမအနေနဲ့
သူ့အတွေ့အကြုံတွေကို မျှဝေပေးစေချင်တယ်။ သူနဲ့ပတ်သက်ပြီး စဉ်းစားထားတာတွေ 
အများကြီးပေါ့။ ဒါပေမဲ့လည်း လှနုက သူ့ဆီက သုံးဆယ်ရာခိုင်နှုန်း လိုချင်လို့ဆိုတာမျိုးတွေ
ထွက်လာတယ်ပေါ့။ သူ့ သုံးဆယ်ရာခိုင်နှုန်းကို မမက်ပါဘူး။ အဲဒါ မရလည်း လှနုတို့ အဲဒါနဲ့ 
စားနေတာ မဟုတ်ပါဘူး။ သူသာ ပေးခဲ့မယ်ဆိုရင်တော့ နောက်ပိုင်းမယ်တွေအတွက် လှနု
ပြန်သုံးလို့ရတာပေါ့။ သူ့ဆီက ပိုက်ဆံထက် သူ့အတွေ့အကြုံတွေကိုပဲ ပိုမက်ပါတယ်"လို့ 
ဆိုပါတယ်။ 

ကြုံရတဲ့ပြဿနာတွေကြောင့် အစပိုင်းမှာ အရမ်း ၀မ်းနည်းပြီး ခံစားရပေမယ့် နောက်ပိုင်းတော့ 
အကုန်လုံးက စိတ်လျှော့လိုက်ဖို့ ၀ိုင်းအကြံပေးကြတော့ လက်လျှော့ပြီး လုပ်ပိုင်ခွင့်တွေကို
မေမြတ်နိုးရဲ့ အမေကို လွှဲအပ်ခဲ့တယ်လို့လည်း မလှနုထွန်းက ဆိုပါတယ်။ 

"လှနုကပဲ စိတ်လျှော့လိုက်ပါတယ်။ မဟုတ်ရင် လှနုကိုပဲ လူတွေက မုန်းတာ။ သူက ပြည်သူချစ်
အလှမယ်လေးဆိုတော့ ပြည်သူက ကလေးဘက်ကပဲ ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူအဆင်ပြေဖို့
ဆုတောင်းပေးခဲ့ပါတယ်။ သူ့အနေနဲ့ ကျေးဇူးသစ္စာစောင့်သိဖို့ ပျက်ကွက်ခဲ့တယ်လို့ပဲ မှတ်ယူ
လိုက်ပါတယ်" လို့လည်း ဆိုပါတယ်။ 

မေမြတ်နိုးနဲ့ အဆင်မချောခဲ့သလို Miss Globe Myanmar အလှမယ် ဂျူးစံသာ နဲ့လည်း
ပြဿနာတွေရှိခဲ့တာ လူသိထင်ရှားပါပဲ။ အဲဒီပွဲအတွက် သုံးဦးမြောက် အလှမယ်ကို ရွေးချယ်ခဲ့ပြီး
ကြုံရတဲ့ အတွေ့အကြုံတွေကို စိတ်မပျက်ဘဲ သင်ခန်းစာတွေယူကာ နေရှင်နယ် ဒါရိုက်တာအဖြစ်
ဆက်လုပ်သွားမှာပါလို့လည်း ဆိုပါတယ်။ 

"အခု ဒီနှစ်အတွက်ဆိုရင် Miss Tourism International, Miss Heritage International တို့ကို 
ထပ်ပြီး လုပ်သွားဖို့ စီစဉ်နေပါတယ်။ Miss Globe International ကတော့ ခုထိ သွားမပြိုင်
ရသေးဘူး" လို့ သူ့ရဲ့ အနာဂတ်အစီအစဉ်တွေကို မလှနုထွန်းက ပြောပါတယ်။

Myanmar Times

0 comments:

Post a Comment