ရည်းစားဟောင်းဆီ ဖုန်းခေါ်ပြီး မက်ဆေ့ပို့သူ အမျိုးသား ထောင်ချခံရ


ပြင်သစ်အမျိုးသားတစ်ဦး သူ့ချစ်သူဟောင်းကို ဖုန်းခေါ်ဆိုခြင်းနဲ့ စာတိုပေးပို့ခြင်း အရေအတွက်ပေါင်း ၂၁,၈၀၇ ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက် ထောင်ချခံရတယ်လို့ သတင်းဖော်ပြချက်အရ သိရှိရပါတယ်။

Agence France-Presse သတင်းအရ အမည်မဖော်ပြလိုတဲ့ အသက် (၃၃) ရှိ ၎င်းအမျိုးသားဟာ သူတို့နှစ်ယောက်ကွဲသွားတဲ့ အချိန်ကစလို့ (၁၀) လအတွင်း ဖုန်းခေါ်ဆိုမှုနဲ့ စာများ မရပ်မနား ပေးပို့ခဲ့တာကြောင့် ဒီအပတ်မှာတော့ ထောင်ဒဏ် (၁၀) လ ချခံရပြီး ဒဏ်ငွေ ဒေါ်လာ ၁၃၀၀ ရိုက်ခံရတယ်လို့ သိရပါတယ်။

သူနေထိုင်ရာ တိုက်ခန်းမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုအတွက် ကောင်မလေးဆီက လျော်ကြေး (သို့) ဝန်ခံချက်လိုချင်တာကြောင့် သူ့ရည်းစားဟောင်းနဲ့ အဆက်အသွယ်ပြန်ရဖို့ ကြိုးစားခဲ့တာပါလို့ အဲဒီအမျိုးသားက ပြောဆိုခဲ့ကြောင်း သတင်းအစီရင်ခံအရသိရပါတယ်။

အဲဒီအချိန်မှာ သူမ အဲဒီပိုက်ဆံပြန်မပေးမချင်း ဒါမှမဟုတ် အနည်းဆုံး ကျေးဇူးတင်တယ်ဆိုတဲ့ စကားမပြောမချင်း ဖုန်းခေါ်ဆိုနေမယ်ဆိုတဲ့ အတွေးရှိခဲ့ပါတယ်လို့ သူ Lyon မှာရှိတဲ့ တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် သူ တစ်နေ့ ၇၃ ကြိမ်လောက် ဖုန်းခေါ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူမက ဖုန်းလိုင်းကို ပိတ်ပစ်ခဲ့ပေမဲ့ သူမမိဘတွေနဲ့ အလုပ်ရုံကို ပြောင်းဆက်ပြန်တယ်လို့ တရားခံရှေ့နေ Manuella Spee ပြောဆိုခဲ့တဲ့အပြင် အဲဒီအမျိုးသမီး စိတ်အနှောက်အယှက် အလွန်ြဖစ်ခဲ့ရတယ်လို့လည်း ထပ်မံပြောဆိုခဲ့ပါတယ်။

တရားရုံးက အဲဒီအမျိုးသားအား စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့နဲ့ သူ့ရည်းစားဟောင်းနဲ့ အဆက်အသွယ် ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်း France 24 က သတင်းထုတ်ပြန်ခဲ့တယ်။

ဒါမိုက်မဲတဲ့ အပြုအမူလို့ အဲဒီအမျိုးသားက ကိုယ့်ကိုယ်ကိုယ် ပြောမိကြောင်း တရားရုံးကို ပြောပြခဲ့တယ်လို့ သိရပြီး ဟိုးအရင်ကလည်း သူဟာ စိတ်ရောဂါကြောင့် ဆေးရုံ တက်ရောက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Source: huffingtonpost
Trend Myanmar

0 comments:

Post a Comment