လီဗာပူး သရေကျ၊ မန်ယူနိုင်ပွဲပြန်ရပြီး မန်စီးတီး၊ ချယ်လ်ဆီး ဂိုးပြတ်နိုင်



စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲများတွင် လီဗာပူး-အဲဗာတန် မာဆေးဆိုက်ဒါဘီမှာ ၁-၁ ဂိုးစီ သရေဖြင့်ပြီးခဲ့ပြီး မန်ယူ-ဝက်စ်ဟမ်းပွဲမှာ ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဟူးလ်စီးတီးကို အဝေးကွင်းတွင် သွားရောက်ကစားခဲ့သည့် မန်စီးတီးမှာ ၄-၂ ဂိုးဖြင့်လည်းကောင်း၊ ချယ်လ်ဆီးမှာ ဒဏ်ရာသက်သာလာသော ကော်စတာ ဂိုးသွင်းနိုင်ခဲ့ပြီး ဗီလာကို ၃-၀ ဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။

လီဗာပူးမှာ အိမ်ကွင်းတွင် အဲဗာတန်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးမရခဲ့ဘဲ အပြန်အလှန် ကစားကာ ဂျရတ်၏ အလွတ်တည်ကန်ဘော တစ်ဂိုးဖြင့် အနိုင်ရမည်မှန်းခဲ့ပြီးမှ ပွဲပြီးခါနီး နောက်ဆုံးမိနစ် တွင် ဂျက်ဂီယယ်ကာ၏ သွင်းဂိုး ကြောင့် သရေတစ်မှတ်စီခွဲယူခဲ့ရခြင်းဖြစ်သည်။ လီဗာပူးမှာ စတာရစ်ခ်ျ ပါဝင်နိုင်ခြင်းမရှိသေးဘဲ ဘာလော့တယ်လီကို အထောင်ထားကာ စတာလင်း၊ လာလမ်နာ၊ မာကိုဗစ်၊ ဂျရတ်၊ ဟန်ဒါဆန်တို့ဖြင့် ပွဲထွက်ခဲ့ကာ အဲဗာတန်မှာလည်း လူကာကူ၊ နိုင်းစမစ်၊ မိုင်ရဲလတ်စ်၊ ဘယ်ရီတို့ဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းလုံး ပထမပိုင်းတွင် ဂိုးမရခဲ့ဘဲ လီဗာပူးအတွက် ဂိုးကို ၆၅ မိနစ်တွင်ရသော အလွတ်တည်ကန်ဘောမှ တစ် ဆင့် ဂျရတ်က သွင်းခဲ့ခြင်းဖြစ်ကာ အဲဗာတန်အတွက် အဖိုးတန် ချေပဂိုးကို ဂျက်ဂီယယ်ကာက ပွဲပြီးခါနီးဖိကစားရင်း ပင်နယ်တီဧရိယာထိပ်မှ ချေပဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

လိဂ်ငါးပွဲတွင် တစ်ပွဲသာ အနိုင်ရသေးသော မန်ယူမှာလည်း အိမ်ကွင်းတွင် ဝက်စ်ဟမ်းကို ဖိကစားနိုင်ခဲ့ပြီး လူစုံပွဲထုတ်ခဲ့ကာ ဗန်ပါစီ၊ ရွန်းနေ၊ ဖယ်လ်ကာအို၊ ဒီမာရီယာ၊ ဟာရီရာ စသည်ဖြင့် လူစုံပါဝင်ခဲ့ကာ နောက်တန်းတွင် ရိုဂျိုနှင့်တွဲရန် (၁၇)နှစ်သာရှိသေးသည့် လူငယ်ကစားသမားသစ် မက်နိုင်းရာကို ထည့်ကစားခဲ့သည်။

မန်ယူတို့ ပထမပိုင်း ပွဲအစမှာပင် တိုက်စစ်ဖိကစားပြီး ရာဖေးလ် ပေးပို့မှုမှ ရွန်းနေက ၆ မိနစ်တွင် ပထမဂိုးရခဲ့သည်။ ထို့နောက် ကစားကွက် မငြိမ်သော်လည်း ဆက်လက်ဖိကစားကာ ဖယ်လ်ကာအို ဖန်တီးမှုမှတစ်ဆင့် ဗန်ပါစီက ၂၂ မိနစ်တွင် ဒုတိယဂိုးရခဲ့သည်။ သို့သော် ဝက်စ်ဟမ်း တန်ပြန်တိုက်စစ် တစ်ချက်တစ်ချက် ထိုးဖောက်မှုများရှိခဲ့ရာ ၃၄ မိနစ်တွင် မန်ယူဂိုးရှေ့၌ အဆင့်ဆင့် ခေါင်းတိုက်ရင်း ဆက်ခိုက အပိုင်တိုက်ကာ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ကစားရာတွင် မန်ယူမှ ရွန်းနေ ဝက်စ်ဟမ်းနောက်ခံလူကို ချိတ်လှဲမှုဖြင့် ၅၉ မိနစ်၌ အနီကတ်ပြ အထုတ်ခံခဲ့ရသည်။ ထို့နောက် ဝက်စ်ဟမ်းတိုက်စစ် အ နည်းငယ်မြှင့်ရန် ကြိုးပမ်းသော် လည်း ပွဲရလဒ်မှာ ၂-၁ ဂိုးဖြင့် မပြောင်းလဲဘဲ မန်ယူတို့ နိုင်ပွဲရခဲ့သည်။

မန်စီးတီးမှာ အဝေးကွင်း တွင် ဟူးလ်စီးတီးကို အဂူရို၊ ဒီဇီကိုတို့၏ ဂိုးများဖြင့် စောစီးစွာ ဦးဆောင်ခဲ့ပြီးနောက် မန်ဂါလာ၏ကိုယ့်ဂိုးကိုယ်သွင်းမှု (၂၁ မိနစ်)နှင့် ဟာနန်ဒက်ဇ်က ပင်နယ်တီ(၃၂ မိနစ်)တွင် ရခဲ့သောကြောင့် ပထမပိုင်းအပြီး နှစ်ဂိုးစီသရေကျနေခဲ့သည်။ သို့သော် ဒီဇီကို၏ ၆၈ မိနစ်တွင်သွင်းသော တတိယဂိုးနှင့် ပွဲပြီးခါနီး ၈၇ မိနစ်တွင် လမ်းပတ်၏ စတုတ္ထဂိုးများဖြင့် ၄-၂ ဂိုး အနိုင်ရခဲ့ခြင်းဖြစ်သည်။ လိဂ်အဖွင့်ပွဲမှစ၍ ဆက်တိုက်ခြေတက်နေသော ချယ်လ်ဆီးမှာလည်း အိမ်ကွင်းတွင် အော်စကာ၊ ကော်စတာ၊ ဝီလီယမ်တို့၏ သွင်းဂိုးများဖြင့် အသာစီးကစားကာ ၃-၀ ဂိုးပြတ် အနိုင်ရခဲ့သည်။

—Ref: Goal/BBC

0 comments:

Post a Comment