သူခိုးရေးတဲ့ သူခိုးဝတ္ထု

(၁) 
သူခိုးလို့ စကားစလိုက်တော့ ကိုရင့်မျက်နှာကြည့်ရတာ သိပ်စိတ် မ၀င်စားတဲ့ပုံပဲ။ မပျင်းစေရဘူးဆိုတာ ကျုပ်တာဝန်ယူပါတယ်ကိုရင်။ ကဲ၊ ကြာပါတယ်လေ။ သူခိုးအကြောင်း ဟာသပုံပြင်လေးတပုဒ်နဲ့ စလိုက်ကြစို့ ရဲ့။ 

တခါတုန်းက ရွာတရွာမှာ အပျိုကြီးတယောက်ရှိသတဲ့ဗျ။ သူ့ခမျာ မိန်းမသားပီပီ အချိန်တန်အရွယ်ရောက် လူလားမြောက်ချိန်မှာ သီးချိန် တန်သီး၊ ပွင့်ချိန်တန်ပွင့်ချင်ရှာပေမယ့် ရုပ်ဆင်းအင်္ဂါ မလှရှာတော့ အိမ် ထောင်ဘက်မတွေ့နိုင်ဘဲ တကိုယ်တည်း အပျိုကြီးဖြစ်ရရှာတာတဲ့ဗျာ။ မိဘ ဆွေမျိုးဉာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်း လေးဆယ်ကျော်ဖြစ်လာတော့ တအိမ်လုံးမှာ တယောက်တည်းအထီးကျန် ဘ၀နဲ့နေရင်း အိမ်ထောင်ကျနိုင်မယ့် အခွင့်အလမ်းကို ဇွတ်ကြံဆနေရသတဲ့ ကိုရင်။ ဒီလိုနဲ့ တနေ့တော့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော် သူခိုးတယောက်ဝင်ခိုးတော့ ကံဆိုးတဲ့ သူခိုးခင်မျာ အပျိုကြီးရဲ့ လက်ရဖမ်း ဆီးခြင်းကိုခံရပါလေရော။ သူခိုးလူမိပြီဆိုမှတော့ မျက်နှာငယ်လေးနဲ့ ပြန် လွှတ်ပေးဖို့ တောင်းပန်ရတာပေါ့။ ဒီမှာတင် အပျိုကြီးဟာ ““နင်လူပျို လား””လို့ သူခိုးကို မေးသတဲ့ဗျ။ ““လူပျိုပါ””လို့လည်း သူခိုးကဖြေလိုက် ရော၊ အပျိုကြီးဟာ ““ဒီတခါတော့ ဟန်ကျပြီဟဲ့””ဆိုတဲ့အတွေးနဲ့ ““ဒါဆို နင်ငါ့ကို လက်ထပ်ယူမလား၊ ယူမယ်ဆိုရင် ငါလွှတ်ပေးမယ်။ မယူဘူးဆိုလို့ ကတော့ သူကြီးအိမ်အပို့ပဲ””တဲ့။ 

အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ ရွာထဲက သူခိုးမဟုတ်ဘဲ ရွာကျော်ပြီး လာခိုးတဲ့ သူခိုးထင်ပါရဲ့။ အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင် သူ့လူပျိုဘ၀ကို စတေးရတော့မယ့်အချိန်မို့ ““အမကြီးရယ်၊ မီးခြစ် ကလေး တချက်လောက်ခြစ်ပါလားဗျာ””လို့ တောင်းဆိုလိုက်တော့ အပျို ကြီးလည်း သူခိုးရဲ့လက်ကို ဂျိုင်းကြားမှာခပ်တင်းတင်းညှပ်ထားရင်း ကျန် တဲ့သူ့လက်တဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ခနဲခြစ်လိုက်ရောပေါ့ ကိုရင် ရယ်။ အရေးထဲ မီးခြစ်ကမသုံးတာကြာလို့ ထင်ပါရဲ့။ ဖျက်ခနဲသာ တချက် သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါလေရော။ အပျိုကြီးကတော့ မီးခြစ် ကို ချပ်၊ ချပ်၊ ချပ်နဲ့ ကြိုးစားပမ်းစား ထပ်ခြစ်ရှာပါတယ်။ ဒါပေမဲ့ သူခိုး အတွက်ကတော့ ဖျပ်ခနဲ တချက်လင်းလိုက်တဲ့ အလင်းရောင်နဲ့တင် ဆုံးဖြတ်ချက်ချနိုင်သွားတယ် ထင်ပါရဲ့။ ““အမကြီးရယ်၊ သူကြီးအိမ်သာ ပို့ပါတော့””ဆိုပဲ။ 

(၂)
သူခိုးအကြောင်းတွေ ပြောမယ်ဆိုရင် ရယ်စရာချည်းတော့ မဟုတ်ပေဘူး ကိုရင်။ တရားသံဝေဂရထိုက်တဲ့ သူခိုးသုတ္တန်တောင်ရှိသေးသဗျာ။ ဘာတဲ့။ ရာမာခရှစ်ရှနာဆိုလား၊ အိန်္ဒိယသူတော်စင်တပါး ဟောခဲ့ဖူးတာ ပေါ့။ တခါတုန်းက သူခိုးတယောက်ဟာ နန်းတော်ထဲက အဖိုးတန် ပစ္စည်း တွေ အလစ်သုတ်မဟဲ့ဆိုပြီး နန်းတော်ထဲကို သက်စွန့်ဆံဖျားခိုးဝင်သွား လိုက်တာ မထင်မှတ်ဘဲ ဘုရင့်အိပ်ဆောင်တော်ကိုရောက်သွားသတဲ့။ ဒီသူခိုးကြည့်ရတာ နာရီဝယ်မပတ်နိုင်လို့များလား မဆိုနိုင်ဘူး။ သူရောက် သွားတဲ့အချိန်မှာ ဘုရင်ကြီးက မအိပ်သေးဘဲ မိဖုရားကြီးနဲ့ နှစ်ကိုယ် ကြား ကိစ္စတခုကို တိုင်ပင်နေတော့ သူခိုးလည်း တိတ်တိတ်လေး ခိုးနား ထောင်နေလိုက်ရောပေါ့။ 

လက်စသတ်တေ့ ဘုရင်ကြီးဟာ နောက်တနေ့မနက် မိုးသောက်ရင် သူ့ရဲ့ ရှုမငြီးတဲ့ သမီးတော်အတွက် ဂင်္ဂါမြစ်ကမ်းမှာရှိတဲ့ သူတော်စင်တွေ ထဲက တပါးပါးကို လက်ဆက်ပေးပြီး ထီးနန်းစည်းစိမ်ကိုပါ လွှဲပေးဖို့ စီစဉ်နေသကိုး။ ဒီမှာတင် သူခိုးလည်း အကွက်ကောင်းတော့ဆိုက်ပြီဟ ဆိုပြီး နန်းတော်ထဲက ဘာပစ်္စည်းမှ ခိုးမနေတော့ဘဲ ဂင်္ဂါမြစ်ကမ်းမှာ နဖူးပြာသုတ်ပြီး သူတော်စင်ယောင်ဆောင်လိုက်ရောပေါ့ ကိုရင်ရယ်။ နံနက် မိုးသောက်တော့ ဘုရင်ကြီးဟာ သူ့အစီအစဉ်အတိုင်း ဂင်္ဂါမြစ်ကမ်း ကိုရောက်လာ၊ သူတော်စင်တွေကို တပါးချင်း သူ့သမီးကိုယူဖို့ တောင်းပန်၊ သူတော်စင်အစစ်တွေကငြင်း၊ နောက်ဆုံး အယောင်ဆောင် သူတော်စင် သူခိုးအလှည့်ကျတော့ အကြံသမား ငတိက တုံဏိဘာဝေ ဆိတ်ဆိတ် နေလိုက်တော့ ဘုရင်ကြီးလည်း ၀မ်းသာလုံးဆို့ပြီး နောက်တနေ့မှာ ကြီးကျယ်တဲ့ အခမ်းအနားနဲ့ မင်းကရာဇ်စည်းစိမ်ကို ခံစားဖို့ လာရောက် ပင့်ဆောင်မယ့်အကြောင်း လျှောက်တင်ပြီး နန်းတော်ပြန်သွားကြတော့ သူခိုးခမျာ တညလုံးစဉ်းစားခန်းဝင်အတွေးနယ်ချဲ့လိုက်မိတာ တမှေးမှ အိပ်မပျော်ဘူးတဲ့။ အော်၊ တညတာ သူတော်ကောင်းယောင်ဆောင်တာ တောင် ထီးနန်းစည်းစိမ်ကိုရတဲ့အဖြစ်ပါကလား။ တသက်လုံးများ သူတော် ကောင်းဖြစ်ခဲ့ရင် သံသရာမှာ ဘယ်လောက်များ အကျိုးထူးလိုက်ပါမလဲ စသည်ဖြင့်ပေါ့ ကိုရင်။ 

နောက်တနေ့လည်းရောက်ရော၊ ဘုရင်ကြီးဟာ သူ့သမီးတော်ရဲ့ သူ့ကြင်ယာတော်လောင်းလျာသူခိုးကို နန်းတော်ကြီးဆီပင့်ခေါ်ပို့၊ ဆင်တွေ မြင်းတွေခြံရံပြီး ဝေါယာဉ်နဲ့ရောက်လာတော့တာပေါ့။ ဒီတော့ သူခိုးဟာ မင်းကြီး၊ ငါသည် မနေ့ကအထိ အတုဖြစ်ခဲ့ချေသည်။ ယခုမူ အစစ်ဖြစ်ခဲ့ပြီမို့ ထီးနန်းစည်းစိမ်ကို မမက်တော့ပြီဆိုပြီး သံဝေဂတရားဟော၊ ပြန် လွှတ်လိုက်ရောဆိုပါတော့ ကိုရင်။

(၃)
သံဝေဂရစရာ သူခိုးဇာတ်လမ်းပြီးတော့ သူခိုးတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်လေးလည်း ပြောပြချင်သေးတယ်မောင်။ အဲဒီသူခိုးကတော့ ကျုပ်ကိုယ်တိုင်ပါပဲ။ သိပ်လည်း အံ့သြမသွားပါလေနဲ့ ကိုရင်။ ဟုတ် တယ် ကိုရင်ရဲ့။ ကျုပ်ကိုယ်တိုင်လည်း သူခိုးဖြစ်ဖူးခဲ့တာ အမှန်ပဲ။ ပြောရ မှာ ရှက်စရာဆိုပေမယ့် ဒီကိစ်္စကို ဖွင့်ပြောလိုက်ရင်၊ စိတ်သက်သာရာ တခုခုရမယ်ထင်ပါရဲ့။ ဒီလို ကိုရင်ရဲ့။ ကျုပ်ဆယ်နှစ်သားလောက်တုန်းက ပေါ့။ လေးတန်းကျောင်းသားဘ၀၊ စာကိုဂျောင်းဂျောင်းပြေးဖတ်တတ်နေ ပြီမို့ ကျောင်းစာပြင်ပက ၀တ္ထု၊ ကာတွန်း၊ မဂ္ဂဇင်းတွေတောင် ဖတ်တတ် နေပြီဆိုပါတော့။ ကလေးဘ၀ရတဲ့ မုန့်ဖိုးနဲ့ စာအုပ်ဝယ်ဖတ်ဖို့ ဘယ်မှာ လာလုံလောက်ပါ့မတုန်း။ စာအုပ်အငှားဆိုင်က ငှားဖတ်ရတာပေါ့။ စာအုပ် တွေကို ၀ါးစားသလိုဖတ်တော့ ငှားခနဲ့လည်း မလုံလောက်ပြန်ဘူးဆိုပါ တော့။ ဒီကြားထဲ ကာတွန်းဗကလေးရဲ့ ရွှင်ပြုံးစာစောင်ထဲက ကာတွန်းတွေ စုထုတ်တဲ့ စာအုပ်တအုပ်ကို ကျုပ်လွှတ်သဘောကျနေတဲ့အချိန်ပေါ့။ အဲဒီ စာအုပ်က နှစ်ကျပ်ခွဲတန်တယ် ကိုရင်။ 

စာအုပ်လိုချင်စိတ် ငယ်ထိပ်ရောက်နေတဲ့ကျုပ်လည်း နှစ်ကျပ်ခွဲ တန်စာအုပ်တအုပ်ခိုးတာလောက်တော့ မထူးပါဘူးလေဆိုပြီး ငှားနေကျ စာအုပ်ဆိုင်မှာ စာအုပ်ရွေးနေရင်း အဲဒီစာအုပ်ကို ကျုပ်ခိုးခဲ့ပါလေရော။ ဆိုင်ရှင်ကတော့ ကျုပ်ဟာ သူခိုး မဟုတ်လောက်ပါဘူးဆိုပြီး စိတ်ချနေ ဟန်တူပါရဲ့။ ကျုပ်ခိုးလာတာ သူမ သိလိုက်ရှာဘူး။ ဒါပေမဲ့ဗျာ။ တကိုယ် လုံး နတ်ပူးသလိုလိုတုန်နေတဲ့ ကျုပ်ဟာ၊ အဲဒီစာအုပ်ကို ခါးကြားမှာ ညှပ်ပြီး အိမ်ကိုပြန်ခဲ့တဲ့နေ့ကနေစပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ““ငါဟာ သူခိုး၊ ငါဟာ သူခိုး””ဆိုတဲ့ ဥပဒါန်ကြီးက စွဲနေပါလေရောဗျာ။ အိမ်က ပိုက်ဆံတို့၊ အချိန်မတော်သူများခြံထဲက အုန်းသီးတက်ခိုးတာတို့လည်း ကျုပ်လုပ်ခဲ့ဖူးပါတယ်။ ခံစားချက်ချင်းက မတူရေးချမတူဘူး ကိုရင်။ အပျော်သဘော၊ ဘာလောဘမှ မပါဘဲ ခိုးခဲ့တဲ့ကိစ်္စက ဘာမှ ထူးထူးခြား ခြား မသိသာပေမယ့် ရည်ရွယ်ချက်ရှိရှိ၊ မက်မောစိတ်နဲ့ခိုးခဲ့တဲ့ကိစ်္စကျ တော့ စိတ်ထဲမှာ သံမှိုနဲ့စွဲသလို စွဲနေလေရဲ့။ ဘုရားရှိခိုးတဲ့အခါ ပါဏာ တိပါတာ ဝေရာမဏိ နေရာမှာ နှစ်ကျပ်ခွဲတန် ကာတွန်းစာအုပ်က ခေါင်းထဲ ရောက်ရောက်လာတတ်သကိုး။ စာအုပ်တအုပ်ရတာနဲ့ နှစ်ပေါင်းရှည်ကြာ ခံစားပေးဆပ်ရတာ မတန်လွန်းလို့ ကျုပ်ဖြင့် လက်ရှိအချိန်မှာ တယောက် ယောက်နဲ့၊ အပြန်အလှန်ငွေခန်းပစ်္စည်းခန်း ဆက်ဆံရတဲ့အခါ ကျုပ် လက်ထဲ အပိုပါလာရင် ချက်ချင်းပြန်ပေးပစ်လိုက်တာပါပဲ။ တခါသေဖူး၊ ပျဉ်ဖိုးနားလည်သွားခဲ့တယ်ဆိုပါစို့မောင်။ 

(၄)
သူခိုးဇာတ်လမ်းတွေကတော့ပြောလို့ မကုန်နိုင်ပါဘူး။ ဘုရားလောင်းတောင် တခုသောဘ၀မှာ ခိုးမှုကြီးဖြစ်ခဲ့ဖူးဆိုလား။ တထောင့်တည ပုံပြင်ထဲမှာလည်း သူခိုးကို ဇာတ်လိုက်ထားတဲ့ ပုံပြင်တွေလည်း အများ သားကလား။ ကိုရင်မှာလည်း အိမ်ထောင်ရှိမယ် ထင်ပါတယ်။ တချို့ ကျမ်းဂန်တွေမှာ မိမိ ဇနီးမယားဟာ ခိုးသူနဲ့တူသောမယားဖြစ်နေတတ် သတဲ့။ ဒါလည်း သတိထားဦး ကိုရင်။ အမယ် သူခိုးဆိုတာ ပုဂ်္ဂိလိကပိုင်ဆိုင် မှုကို တကိုယ်တော်ဆန့်ကျင်တိုက်ဖျက်နေတဲ့သူ ဘာညာဆိုပြီး သူခိုးဖြစ် အောင် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ တလွဲဆံပင်ကောင်းနေသူတွေလည်း ရှိသေးဗျာ။ အမယ်။ သူခိုးတွေမှာလည်း သူခိုးစည်းကမ်းရှိသေး သတဲ့။ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် မခိုးရတာတို့၊ ပစ်္စည်းခိုးတဲ့ အခါ လူကိုရန်မမူရတာတို့၊ ဘာတို့ပေါ့ ကိုရင်။ သူခိုးကြီးတော့ ဓားပြတဲ့ ကိုရင်ရဲ့။ ဓားပြကတော့ ပစ္စည်းလည်းယူသေး၊ တခါတလေ လူကိုလည်း ရန်မူတတ်သေးဆိုတော့ ဓားပြက သူခိုးထက်ပိုဆိုးတယ် ဆိုရမယ်။ ကျုပ်ကြားဖူးတာက တချို့လူတွေဟာ မွေးကတည်းက စောရနက္ခတ်နဲ့ ယှဉ်ပြီးမွေးလာကြတယ်ဆိုပဲ။ ကျုပ် သူငယ်ချင်းတယောက်ကတော့ ဘာရယ်မဟုတ်ဘဲ၊ သူငယ်ချင်းတွေရဲ့ ဖိနပ်တွေကို အလစ်မှာ ယူယူပြီး ဖွက်ထားတတ်လေရဲ့။ ကျုပ်ဖြင့် ဒီလူဟာ စောရနက်္ခတ်နဲ့ မွေးလာတာများ လားတွေးမိတဲ့အထိ။ ရန်သူမျိုးငါးပါးစာရင်းမှာတောင် သူခိုးက ပါနေသေး ဗျာ။ ကြည့်လေ။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူတဲ့။ ကျုပ်ကပဲ အတွေးခေါင်လေရော့သလား မဆိုနိုင်ဘူး။ ရန်သူမျိုးငါးပါး စာရင်းမှာ မင်းနဲ့ခိုးသူကို ကပ်လျက်တွဲထည့်တာ အံ့သြစရာတော့ အကောင်းသားကလား။ ကိုရင် စဉ်းစားကြည့်လေ။ ကလေကချေ သူခိုး ကလည်း အကြံအဖန်ကောင်းရင် “မင်း”ဖြစ်သွားနိုင်တယ်။ ရာဇာဆိုတဲ့ “မင်း”ကလည်း မင်းကျင့်တရားနဲ့ မညီရင် အချိန်မရွေး သူခိုးဖြစ်သွားနိုင် တာကို ဆိုလိုချင်တယ် ထင်ပါရဲ့။ အံမယ်လေး၊ ကျုပ်တို့ ဗမာပြည်မှာတော့ သူခိုးကနေ အစိုးရမင်းတွေဖြစ်ကုန်တာ မဆန်းလှဘူး ကိုရင်ရေ။ နားဝေးချက် ကိုရင်ရယ်။ မဲခိုးပြီး အမတ်တွေ၊ ၀န်ကြီးတွေဖြစ်သွားတဲ့ သူတွေဟာ အဲဒီစာရင်းဝင်တွေပဲပေါ့။ သူခိုးကနေ ၀န်မင်းတွေအမတ်တွေ ဖြစ်လာမှတော့ ဒီလူတွေ သူခိုးစာရင်း ဆက်ဝင်ကုန်ကြတာ သေချာတွေး ကြည့်ရင်၊ သဘာဝတော့ အကျသားမောင်။ ဒီတော့ ရှေးပညာရှိများဟာ ရန်သူမျိုးငါးပါးစာရင်းမှာ မင်းနဲ့သူခိုးကို တဆက်တည်း ထည့်ထားတာ ဟာ ဒီခေတ်ဗမာပြည်အစိုးရမင်းတွေရဲ့ရှေ့ဖြစ်ကို ကြိုဟောထားတာများ ဖြစ်နေလေရော့သလားလို့။ 

(၅)
ခက်ပါဘိ ကိုရင်ရယ်။ သက်သေသက္ကာယခိုင်ခိုင်မာမာမရှိဘဲ ကျုပ်ဘယ်ပြောရဲပါ့မတုန်းမောင်။ ဗမာပြည်ရဲ့မင်းစိုးရာဇာစာရင်းဝင် သမ္မတ ၀န်ကြီး၊ ၀န်လေး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေး၊ ညွှန်ချုပ်ကြီး၊ ညွှန် ချုပ်ကလေးတွေရဲ့ လက်ရှိပိုင်ဆိုင်မှု ဓနဥစ္စာတွေကို ကာလပေါက်ဈေး နဲ့ တွက်ကြည့်လေ။ ဒါတွေဟာ ၀န်ထမ်းလုပ်သက်တလျှောက်ရခဲ့တဲ့ လစာငွေကြေးနဲ့ဖြစ်နိုင်ပါ့မလား။ ဒါကြောင့် ဒီမောင်တွေဟာ သူခိုးအဆင့် တော့ မကလောက်ဘူး။ ခက်နေတာက ဘယ်သူခိုးမှခိုးတယ်လို့ ၀န်မခံ တတ်ကြဘူးမောင်ရဲ့။ 

အင်း . . . ““တိုင်းပြည်ခေါင်းဆောင်””အကုန်လုံးတော့ သူခိုးမဟုတ်ပါဘူး ကိုရင်ရယ်။ ဥပမာ၊ ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်၊ သူ့ခမျာ လူမသမာတွေ လက်ချက်နဲ့ ကျဆုံးသွားရှာတော့ သူ့နာမည် အမည်ပေါက် အိမ်တလုံး၊ မြေတကွက်တောင် မကျန်ခဲ့ရှာပါဘူး။ ရန်ကုန်၊ နတ်မောက် (တာဝါလိန်း)လမ်းက ဗိုလ်ချုပ်ပြတိုက်လုပ်ထားတဲ့ အိမ်ကြီးဟာ သူပိုင် မဟုတ်ရှာဘူး ကိုရင်။ စစ်အတွင်းက လူမျိုးခြားသူဌေးတယောက်၊ စစ် ဘေးကြောင့်ပစ်ထားခဲ့တဲ့ အိမ်ပေါ်တက်နေတာ ကိုရင်။ ဒီအိမ်ကြီးကို ဗိုလ်ချုပ်ဟာ သူ့နာမည်၊ သူ့ဇနီးနာမည်နဲ့ အမည်ပေါက်အောင် မြေစာရင်း ဦးစီးဌာနမှာ နာမည်ပြောင်း လျှောက်သွားခဲ့တယ်လို့လဲ မကြားမိဘူး။ ဟော၊ သူခိုးအကြောင်းပြောနေရင်းကနေ ချော်တောငေါ့သွားပြန်ပြီ။ စကား လက်စသတ်ကြပါစို့ရဲ့။ သူခိုးဆိုမှတော့ ဘယ်သူမှ မကောင်းပါဘူး မောင် ရယ်။ ဒါပေသိ ကျုပ်စောစောကပြောခဲ့တဲ့ သူခိုးဇာတ်လမ်းတွေထဲကလို သူကြီးအိမ်အပို့ခံဝံ့တဲ့သူခိုး၊ တရားသံဝေဂရတဲ့သူခိုး၊ နောင်တရနေတဲ့ သူခိုးတွေဆိုရင်တော့ သူခိုးသိက္ခာနည်းနည်းရှိသေးတယ်ဆိုရမယ်။ ဒီလို မဟုတ်ဘဲ လူစိတ်ကင်းတဲ့ သူခိုး၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ သူခိုး၊ တိုင်း ပြည်ဘဏ္ဍာကို ကိုယ်ပိုင်ဥစ္စာ၊ ကိုယ့်ဘိုးဘွားအမွေမှတ်နေတဲ့ အမျိုးကောင်းသား သူခိုးတွေကတော့ သိက္ခာတပြားသားမှမရှိတဲ့ သူခိုးစာရင်းသွင်းသင့် တယ်မောင်ရဲ့။ စိတ်မရှိနဲ့နော်။ ကိုရင်က ဗမာပြည်မှာ နေတယ်ဆိုတော့ စားဝတ်နေရေးအတွက် ဘာအလုပ်များ လုပ်သတုန်း။ ကိုယ့်ကိုယ်ကိုယ် သေချာပြန်ဆန်းစစ်ရင် ကိုရင်တောင် သူခိုးစာရင်းဝင်ချင်ဝင်နေမှာ။ ကျိန်း သေတဲ့အချက်ကတော့ ကိုရင့်အမျိုးထဲမှာ သူခိုးတယောက်တော့ ရှိနေ နိုင်တယ် ကိုရင်။ အင်းလေ။ အပြစ်လို့လဲ မဆိုသာပြန်ပါဘူး။ စစ်ဝါဒ စနစ်ဆိုးကြီးက ဗမာတပြည်လုံးကို သူခိုးစာရင်းဝင်အောင် လုပ်ပစ်ခဲ့ပေ သကိုး။ ရင်လေးဖို့ ကောင်းတာက သူခိုးမင်းဆက်ဟာ တော်တော်နဲ့ ပြတ်မှာ မဟုတ်သေးဘူးထင်ပါရဲ့။ အဆိုးဆုံးကတော့ အဲဒီ သူခိုးကြီးငယ်စာရင်းဝင်တွေဟာ ဒီမိုကရေစီခေတ်သစ်ကြီးဆီ ကို ချီတက်နေပါပြီလို့ အသံကုန်အော်နေကြတာ၊ ဘယ်ဆွေမျိုး ပေါက် ဖော်အားကိုးနဲ့များပါလိမ့်။ အဟုတ်မှတ်ပြီး ယုံတဲ့သူတွေကလည်း ယုံကြ တာပဲ မောင်။ ကျုပ်ဖြင့် ဘယ်လိုမှ နားမလည်နိုင်ပါဘူး ကိုရင်ရယ်။ ပြောရတာ အာတောင်ချောက်လာပြီ။ နားကြဦးစို့ရဲ့ ကိုရင်။ 

မင်းဒင်
စောင့်ကြည်သတင်းဂျာနယ်

0 comments:

Post a Comment