“မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗုဒ္ဓဘာသာရဟန်းသံဃာများ အဓိကအခန်းကဏ္ဍက ပါဝင်ဟု ဦးကိုကိုကြီးပြော”


မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗုဒ္ဓဘာသာရဟန်းသံဃာများ အဓိကအခန်းကဏ္ဍကပါဝင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဓမ္မပီယတရားရိပ်သာ၌ ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်း အနားတွင် ပြောကြားလိုက်သည်။
“ဆရာတော်ဦးဥတ္တမတို့ ကစလို့ တစ်လျှောက်လုံးမှာ ဆရာတော်တွေရဲ့ အခန်းကဏ္ဍအင်မတန်ကြီးမားခဲ့တယ်၊ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းဖြစ်တိုင်း မတရားမှုကိုဆန့်ကျင်တဲ့ အခါ ဆရာတော်များရဲ့အခန်းကဏ္ဍက ထိပ်ဆုံးကပါခဲ့တယ်” ဟု ပြောာကားခဲ့သည်။
အဆိုပါအခမ်းအနားကို တစ်နိုငင်ငံလုံးရှိ ရွှေဝါရောင်သံဃာတော်များ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ အင်အားစုဝင်များ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။ “ရဟန်းသံဃာတွေအနေနဲ့ မြန်မာနိုင်ငံရေးအရွေ့ကိုစောင့်ကြည့်နေတဲ့ အချိန်မှာ မလျော်ကန်တဲ့ အမိန့်တွေကို ဖီဆန်ကြတဲ့ခေါင်းစဉ်အောက်မှ ဦးပဉ္စင်းတို့လည်းပါတယ်၊ ၂၀၀၇ ထဲရောက်တဲ့အခါ ပခုက္ကူမှာ သံဃာတစ်ပါးကို ရိုက်နှက်တာကြုံတွေ့ရပါတယ်၊ ဒါကိုပြန်လည်တောင်းပန်ပေးဖို့ပြောတဲ့အခါမှာ အာဏာရှင်အဖွဲ့ အစည်းတွေက ဥပေက္ခာပြုထားကြတယ်၊ အဲလိုနဲ့ပဲ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာတာဖြစ်ပါတယ်” ဟု အခမ်းအနားတွင် ရွှေဝါရောင်သံဃာကွန်ရက်မှ ဆရာတော်ဦးပြည်ကျော်က မိန့်ကြားခဲ့သည်။
အခမ်းအနားကို တက်ရောက်ခဲ့သော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ရွှေဝါရောင်သံဃာ များ၏ကျေးဇူးကြောင့် တိုင်းပြည်အခြေအနေမှာလက်ရှိအခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သံဃာများ၏ စွမ်းဆောင်မှုကိုအသိအမှတ်ပြုရမည်ဖြစ်ကြောင်း ပြောသည်။
စက်တင်ဘာလ ၁၈ ရက်ရောက်တိုင်းတွင် ရွှေဝါရောင်တော်လှန်ရေးနေ့နှစ်ပတ်လည်အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ရှစ်ကြိမ်မြောက်နှစ်ပတ်လည်ပြည့်ပြီဖြစ်သည့်အတွက် ယင်းအထိမ်းအမှတ်အဖြစ် ဒီမိုကရေစီတိုက်ပွဲနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့သည့် ရဟန်းရှင်လူကျောင်းသားပြည်သူများအတွက် ရွှေတိဂုံစေတီတော်အောင်မြေတွင် မေတ္တာပို့ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မျိုးကျော်စိုး(သတင်း၊ ဓာတ်ပုံ)

0 comments:

Post a Comment