Sony Xperia စမတ်ဖုန်း မော်ဒယ်သစ်များ မိတ်ဆက်


Sony ၏ နောက်ဆုံးထွက် Xperia Z3 ၊ Xperia Z3 Compact မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးနှင့် ၈ လက်မ အရွယ်အစား Xperia Z3 Compact Tablet မိတ်ဆက်ပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ပြီး Xperia Z3 စီးရီး စမတ်ဖုန်းနှင့် Tablet တွင် အဆက်မပြတ် အသုံးပြုခြင်းအတွက် နှစ်ရက်တာအထိ ထောက်ပံ့နိုင်မည့် Power Saving နည်းပညာသစ်၊ ကမ္ဘာ့ပထမဆုံး ISO 12800 အထိ တုံ့ပြန်နိုင်သည့် 1/2.3 Exmor RS ကင်မရာစနစ်၊ အသံအရည်အသွေးနိမ့် သီချင်းများ၏ အသံကို အမြင့်မားဆုံးအထိ မြှင့်တင်ပေးသည့် DSEE HX နည်းပညာသစ်၊ ရေအောက်တွင် ရိုက်ကူးနိုင်သည့် ရေစိုခံနိုင်မှုစွမ်းရည်၊ ပြင်ပဆူညံသံကို ထိရောက်စွာ ဖယ်ရှားပေးသည့် Noise Canceling စနစ်၊ မိမိတို့၏ လှုပ်ရှားမှုကို တွက်ချက်ဖော်ပြပေးမည့် ကျန်းမာရေးဆိုင်ရာ Application များနှင့် ကင်မရာစနစ် အထောက်အကူပြု Multi-camera ၊ Sound Photo ၊ Movie Creator ၊ AR Fun စသည့် စနစ်များပါဝင်လာကြောင်း သိရသည်။

Z3 စီးရီး စမတ်ဖုန်းများသည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G နှင့် LTE ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အလူမီနီယံ ဘေးဘောင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Xperia Z3 မော်ဒယ်သစ် စမတ်ဖုန်းနှင့် Tablet များသည် ရေစိုခံအမျိုးအစားများဖြစ်ပြီး 3GB RAM၊ ROM 16GB ၊ အမြန်နှုန်း 2.5GHz ရှိသည့် Qualcomm Snapdragon အမျိုးအစား Quad-core CPU ကို အသုံးပြု ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Xperia Z3 စမတ်ဖုန်းသည် အထူ ၇.၃ မီလီမီတာ၊ မြင်ကွင်းအကျယ် ၅.၂ လက်မ၊ 20.7 MP နောက်ကင်မရာနှင့် အလေးချိန် ၁၅၂ ဂရမ် ရှိမည်ဖြစ်ပြီး Xperia Z3 Compact စမတ်ဖုန်းသည် အထူ ၈.၆ မီလီမီတာ၊ မြင်ကွင်းအကျယ် ၄.၆ လက်မ၊ 20.7 MP နောက်ကင်မရာနှင့် အလေးချိန် ၁၂၉ ဂရမ် ရှိမည်ဖြစ်သည်။ Xperia Z3 Compact Tablet သည် အထူ ၆.၄ မီလီမီတာ၊ မြင်ကွင်းအကျယ် ၈ လက်မ၊ 8.1 MP နောက်ကင်မရာနှင့် အလေးချိန် ၂၈၀ ဂရမ် ရှိမည်ဖြစ်သည်။

တန်ဖိုးအားဖြင့် Xperia Z3 စမတ်ဖုန်းသည် ကန်ဒေါ်လာ ၆၆၅ ၀န်းကျင်နှင့် Xperia Z3 Compact သည် ကန်ဒေါ်လာ ၅၅၉ ၀န်းကျင်ရှိမည်ဖြစ်ပြီး Xperia Z3 Compact Tablet ၏ တန်ဖိုးအား ဈေးကွက်သို့ စတင်ရောင်းချသည့်အချိန်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Internet Journal

0 comments:

Post a Comment