IS အဖွဲ့က ဗြိတိန် ဓားစာခံကို ခေါင်းဖြတ်သတ်ခဲ့ခြင်းမှာ သတင်းမှန်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အတည်ပြုလိုက်ပြီ

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသား ဓားစာခံ တစ်ဦးကို ခေါင်းဖြတ် သတ်လိုက်ခြင်းမှာ အစစ်အမှန်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အတည်ပြုခဲ့သည်။

အလွန်ရက်စက် ကြမ်းကြုတ်သည့် သတ်ဖြတ်မှုကို IS အဖွဲ့က ကျူးလွန်ခဲ့ခြင်းမှာ သတင်းမှန်ဖြစ်ကြောင်း ကင်မရွန်းက ဆိုသည်။ “အလန်ဟန်းနင်းကို ISIL အဖွဲ့က သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ ဒီအကြမ်းဖက်သမားတွေ ဘယ်လောက် ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်”ဟု ကင်မရွန်းက ပြောကြားခဲ့သည်။ ကင်မရွန်းသည် IS ဆိုသော အမည်အစား အဖွဲ့၏ ယခင်အမည်ဟောင်း ISILကိုသာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်း ညွှန်းဆိုသွားသည်။

အောက်တိုဘာ (၃)ရက်တွင် IS စစ်သွေးကြွ အဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသား ဟန်းနင်းကို ခေါင်းဖြတ်နေသည့် ဗီဒီယိုကို လွှင့်တင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် သဲကန္တာရ နောက်ခံတစ်နေရာတွင် ရိုက်ကူးထားပြီး မျက်နှာဖုံး စွပ်ထားသည့် IS အဖွဲ့သား တစ်ဦးက ဒူးထောက်လျက်သား ရှိနေသည့် ဟန်းနင်း၏ နံဘေးတွင် ဓားတယမ်းယမ်းနှင့် စကားပြောဆိုနေပြီးမှ ၎င်းကို ခေါင်းဖြတ် ကွပ်မျက်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။

အသက်(၄၇)နှစ်ရှိ ဟန်းနင်းသည် မန်ချက်စတာမြို့မှဖြစ်ပြီး ဆီးရီးယားရှိ မွတ်ဆလင် ထောက်ပံ့ရေး အသင်းအဖွဲ့ တစ်ခုဖြစ်သည့် Aid4Syria အတွက် စေတနာ့ဝန်ထမ်းအဖြစ် ကားမောင်းပေးနေသူ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် (၁၀)လခန့်က ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။ IS ၏ ရက်စက်သော လူသတ်မှုကို ဗြိတိန်၏ အကြီးမားဆုံး အစ္စလာမ်မစ် အဖွဲ့အစည်းဖြစ်သည့် ဗြိတိန်မွတ်ဆလင် ကောင်စီကလည်း ရှုတ်ချကြောင်း ကြေညာသည်။

ကောင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ရှူဂျာရှာဖီက “ဟန်းနင်းဟာ မွတ်ဆလင်တွေရဲ့ မိတ်ဆွေ တစ်ယောက်ပါ။ သူသေဆုံးခြင်းဟာ မွတ်ဆလင်တွေအတွက် ဝမ်းနည်း ကြေကွဲစရာ ဖြစ်ပါလိမ့်မယ်။ သူ့ကို သတ်ဖြတ်သူတွေဟာ အစ္စလာမ် ဘာသာရေးရဲ့ အနှစ်သာရကို လုံးဝဥဿုံ ဆန့်ကျင်သူတွေသာ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။
_Ref: Channelnewsasia
7 Day

0 comments:

Post a Comment