ကိုဘိန်းမြို့အနီးရှိ IS စစ်သွေးကြွများကို အမေရိကန် ဦးဆောင်သော မဟာမိတ်များ အပြင်းအထန် ဗုံးကြဲ


တူရကီ-ဆီးရီးယား နယ်ခြားရှိ ကိုဘိန်းမြို့ကို တိုက်ခိုက်လျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွ IS များကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


ကိုဘိန်းမြို့အနီး တိုက်ခိုက်မှု ငါးကြိမ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုသွားသော်လည်း မည်သည့်အချိန်တွင် တိုက်ခိုက်သွားကြောင်း ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။

မကြာသေးမီက လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့ပိုင် လက်နက်တပ်ဆင်ထားသော မော်တော်ယာဉ် လေးစီး၊ တင့်ကားတစ်စီးနှင့် သံချပ်ကာကား တစ်စီးတို့ကို ဖျက်ဆီးလိုက်ကြောင်း အမေရိကန်တပ်မတော်က ပြောကြားသည်။

အမေရိကန် ဦးဆောင်သော လေကြောင်းထိုးစစ်သည် ပြင်းထန်သော်လည်း လက်ရှိအချိန်ထက်စော၍ ပေါ်ပေါက်လာသင့်သည်ဟု ဆီးရီးယားကာ့ခ် တိုက်ခိုက်ရေးသမားများက မှတ်ချက်ပြုထားသည်။

IS တပ်ဖွဲ့များ ချီတက်လာမှု ရပ်တန့်သွားပြီ ဖြစ်သော်လည်း ကိုဘိန်းမြို့အနီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“ကာ့ခ်တပ်ဖွဲ့တွေ PYD တွေက ဆက်လက်တိုက်ခိုက်နေပါတယ်။ သူတို့က အရပ်သားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေပါတယ်” ဟုဆီးရီးယား ကာ့ခ်ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ ခေါင်းဆောင် ဆလစ်မူလန်က ပြောကြားသည်။

ကိုဘိန်းမြို့အနီး ရက်သတ္တပတ် သုံးပတ်နီးပါးခန့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ၄၀၀ ထက်မနည်း သေဆုံးသွားပြီး ဆီးရီးယား ၁၆၀,၀၀၀ ကျော် တူရကီနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပေးခဲ့ရသည်။

နယ်ခြားဒေသနီးရှိ ကိုဘိန်းမြို့အရေးတွင် တူရကီနိုင်ငံက စစ်ရေးအရ ပါဝင်ပတ်သက်ခြင်း မရှိသည့်အတွက် အမေရိကန် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က စိတ်ပျက်လျက်ရှိပြီး ယခုကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

The Voice

0 comments:

Post a Comment