အီဘိုလာရောဂါကူးစက်ခံရသော စပိန်သူနာပြု၏ခွေး အသတ်ခံရ

အီဘိုလာရောဂါကူးစက်နေလိမ့်မည်ဟူသော ကြောင့်ကျ ယုံကြည်ချက်ဖြင့် အီဘိုလာရောဂါကူးစက်ခံရသော စပိန်သူနာပြု Teresa Romero Ramos ၏ ခွေးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။


Excalibur ဟု အမည်ရသည့် ထိုခွေးကလေးအား အသက်ချမ်းသာခွင့်ပေးရန် လူသုံးသိန်းက အသနားခံခဲ့ပြီး ဖြစ်ပေမယ့် စပိန်သူနာပြု ထရီဆာရဲ့ ခွေးကလေး အိမ်ထဲမှာ အိပ်ဖို့ထားခဲ့ချိန်၌ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

Excalibur အား သတ်ဖြတ်ရန် စပိန်တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း နှင့် ခွေးကလေး Excalibur အား သုတ်သင်ပြီးဖြစ်ကြောင်းကို စပိန်အစိုးရက အတည်ပြုပြောကြားခဲ့သည်။

ယခုအခါတွင် ပိုးသတ်ထားသော ခွေးကလေး Excalibur ၏ အသက်မဲ့ကိုယ်အား နီးစပ်ရာ သင်္ဂြိုလ်စက်၌ မီးသင်္ဂြိုလ်ဖို့ အဖြူရောင်ဗန်ကားဖြင့် သယ်ဆောင်သွားပြီးဖြစ်ကြောင်း သိရသည်။

ရဲကားများ ခြံရံထားသော ထိုဗန်ကားအား ရပ်တန့်ဖို့ ဆန္ဒပြသူများက လုပ်ဆောင်ခဲ့ကြသဖြင့် ရဲများက ဖယ်ရှားခဲ့ရကြောင်းလည်း သိရသည်။


စပိန်နိုင်ငံအနောက်မြောက်ပိုင်းမှ အသက်(၄၄)နှစ်အရွယ် သူနာပြု Teresa ဟာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရသော စပိန်ဘုန်းတော်ကြီးအား ပြုစုပေးလျက်မှ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Teresa အား ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားခြင်းမရှိသော ဆေးအကူဝန်ထမ်းများက ရိုးရိုးလူနာတင်ကားဖြင့် ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် (၁၂)နာရီအကြာတွင်မှ Teresa ၌ အီဘိုလာရောဂါပိုး ရှိနေခဲ့တာကို သိရှိခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာ(၈)ရက်နေ့ နံနက်တိုင်အောင် Teresa ၏ အမျိုးသား၌ အီဘိုလာရောဂါ ကူးစက်ခံရမှု မရှိသေးကြောင်း သိရပြီး တနင်္လာနေ့ နံနက်က ဖြစ်ပွားခဲ့သော Teresa ၌ အီဘိုလာရောဂါပိုး တွေ့ရှိရမှုအတွက် လူခြောက်ဦးအား ရောဂါမကူးစက်စေရန် အထူးကြပ်မတ်ထားရှိသည့် သီးသန့်ဆောင်၌ ထားရှိသည်ဟု သိရသည်။

အီဘိုလာကူးစက်ခံရသူ စပိန်သူနာပြု Teresa က ၎င်းအား တစ်နာရီခြားတစ်ခါမှ လာရောက်ကြည့်ရှုလေ့ရှိသည့် ဆရာဝန် နှင့် သူနာပြုများ ရုတ်တရက် မပေါ်လာတော့တဲ့အတွက် သူ့ဖုန်းကနေ သတင်းဖတ်ရှုမှ နှစ်ပြန်စစ်ဆေးရာ၌ ၎င်းတွင် အီဘိုလာရောဂါပိုးရှိနေတာကို သိရှိခဲ့ရကြောင်း ၊ မည်သူကမှ သူမတွင် အီဘိုလာရောဂါပိုး ကူးစက်ခံထားရတယ်လို့ မျက်နှာချင်းဆိုင် ပြောဆိုခြင်း မရှိခဲ့ဘူးဟု စပိန် ရုပ်သံသတင်းဌာနတစ်ခုသို့ ပြောဆိုခဲ့သည်။

ယခုအခါတွင် Teresa က ၎င်း အနည်းငယ် သက်သာလာပြီဟု ဆိုခဲ့ကြောင်းလည်း သိရသည်။

Source : Dailymail

0 comments:

Post a Comment