အရက် ၊ ဆေးလိပ် နှင့် ဆေးရွက်ကြီးတို့ကြောင့် ဖြစ်ပွားတတ်သော ကင်ဆာသုံးမျိုး



ကင်ဆာ ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ် အများဆုံးနှင့် မကူးစက် နိုင်သော နာတာရှည် ရောဂါဖြစ်သည်။ ကွမ်းယာထဲ တွင် ဆေးထည့် စားလျှင် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ ဆေးပေါ့လိပ်၊ စီးကရက် ကြောင့် အဆုတ်ကင်ဆာ၊ အရက်ကြောင့် အသည်းကင်ဆာ တို့ ဖြစ်ပွား တတ်သည်။


ကွမ်းထဲဆေးထည့်စားခြင်း


ကွမ်းယာတွင် အန္တရာယ် အပေး နိုင်ဆုံးမှာ ကွမ်းစားဆေး ဖြစ်သည်။ ''ထုံး'' မဟုတ်ပါ။ ဆေးရွက်ကြီးတွင် နီကိုတင်း၊ အယ်ကာလွိုက် အပါအဝင် ဓာတ်များသည် တံတွေးနှင့် ပေါင်း၍ ကင်ဆာ ဖြစ်စေသည်။ ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ အစာမျို လမ်းကြောင်း ကင်ဆာနှင့် အစာအိမ်ကင်ဆာ တို့ ဖြစ်စေသည်။ နီကိုတင်း ၏ ကင်ဆာ ဖြစ်စေသော အာနိသင် သည် ကွမ်းသီးတွင် ပါသော အေရိုကိုလင်း (Arecoline) ကြောင့် ပို၍ အစွမ်းထက် တတ်သည်။ ကွမ်းစားခြင်း ကြောင့် ဆိုးကျိုး မဖြစ်မီ ကွမ်းဖြတ် သင့်သည်။


ဆေးလိပ်နှင့် အဆုတ်ကင်ဆာ


၉ဝ ရာခိုင်နှုန်း သော အဆုတ်ကင်ဆာ သည် ဆေးလိပ် သောက်ခြင်း ကြောင့်ဖြစ်သည်။ ဆေးလိပ်တွင် ပါဝင်သည့် နီကိုတင်းနှင့် ဓာတု ပစ္စည်းပေါင်း ၄ဝဝ ကျော်သည် ကင်ဆာ ဖြစ်စေသည့် အပြင် အဆုတ် လေပြွန်များ အတွင်းတွင် မလိုအပ်သော ဓာတုပစ္စည်းများ စုမိပါက ကင်ဆာ ဖြစ်စေသည်။ စောစီးစွာ သိရှိနိုင်ရန် လိုအပ်သည်။ ကင်ဆာဖြစ်ပါက ရေရှည် ချောင်းဆိုးခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ရင်ကျပ်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ အသံပြောင်းခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်ပွားတတ်သည်။ အဆုတ်ကင်ဆာ ဖြစ်နေကြောင်း ကို ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်၊ သလိပ် စစ်ဆေးခြင်း၊ အသက်ရှူ လမ်းကြောင်း မှန်ပြောင်းဖြင့် ကြည့်ခြင်း စသော နည်းလမ်း များစွာဖြင့် စစ်ဆေး နိုင်မည် ဖြစ်သည်။ ဆေးလိပ် မသောက်လျှင် အဆုတ်ကင်ဆာ ဖြစ်ရန် ၅ဝ ရာခိုင်နှုန်း ကျဆင်းသွားပြီး နှစ် ၂ဝ ဆေးလိပ်ဖြတ်လျှင် နဂို အဆုတ် အနေအထား သို့ ပြန်ရ နိုင်သည်။


အဆုတ်ကင်ဆာကုသမှု


အဆုတ်ကင်ဆာ ကုသမှုသည် ပျံ့နှံ့ဖြစ်ပွားမှု အဆင့်၊ တစ်သျှူး အမျိုးအစား၊ လူနာ အသက်၊ မူလ ကျန်းမာရေး အခြေအနေ စသည်တို့ အပေါ် မူတည်သည်။ စောစီးစွာ သိရှိပါက ခွဲစိတ် ကုသလျှင် ပျောက်ကင်း နိုင်သည်။ 


နောက်ပိုင်း ခွဲစိတ် ကုသပြီး ကင်ဆာ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည် ဖြင့် ကုသခြင်း တို့ ပူးပေါင်း ပါဝင်မှုက ပို၍ ရလဒ် ကောင်းခြင်း ကြောင့် နှစ်မျိုး သို့မဟုတ် သုံးမျိုးတွဲ ကုသမှုကို သုံးလာ ကြသည်။ အဆုတ်ကင်ဆာ အားလုံး၏ ၅ ရာခိုင်နှုန်း သာ နောက်ထပ် ငါးနှစ် သက်တမ်း ရှည်နိုင်သည်။


အရက်နှင့် အသည်းကင်ဆာ


အသည်းကင်ဆာ သည် ကမ္ဘာပေါ်ရှိ ကင်ဆာ အားလုံးအနက် အသေအပျောက် အများဆုံး ဖြစ်သည်။ အသည်းကင်ဆာ ကို တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ အိန္ဒိယ နှင့် ရုရှား တို့၌ ပိုမိုတွေ့ရှိ ရသည်။ အသည်း ကင်ဆာ သည် အသည်းရောင် ဘီပိုး နှင့် စီပိုးတို့ ကြောင့် ဖြစ်တတ်သည်။ အရက် သောက်စားမှု သည် အသည်းရောင် ဘီ နှင့် စီဗိုင်းရပ်စ်ပိုး ကို ပွားများစေ၍ ပိုမိုဆိုးရွားစေသည်။ အသည်း ကင်ဆာ၏ လက္ခဏာများမှာ အသည်းကြီး လာခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အစားအသောက် ပျက်ပြီး ပိန်ချုံး လာခြင်းတို့ ဖြစ်သည်။ ရောဂါ လက္ခဏာ မပြမီ အသည်းကင်ဆာ ရှိ၊ မရှိ သိနိုင်ရန် အေအက်ပီ ဓာတ်တစ်မျိုး သွေးဖောက် စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန် ရိုက်ခြင်းတို့ ပြုလုပ် ရမည်။


အသည်း သွေးကြောများ အတွင်းသို့ ဆေးထိုးခြင်း၊ အသည်း အစားထိုးခြင်း၊ ဓာတ်ရောင်ခြည် နှင့် ဟော်မုန်း များဖြင့် ကုသခြင်းတို့ ပြုလုပ် နိုင်သည်။ အသည်းရောင် ဘီ ကာကွယ်ဆေး ထိုးထား သင့်သည်။ အရက်ကို လက်လွတ်စပယ် သောက်ခြင်းကို ဆင်ခြင် ရမည်။ အရက် ဖြတ်ရမည်။ အရက် ဖြတ်လျှင် အရက်စွဲ လက္ခဏာများ ပေါ်လာတတ် သဖြင့် ဆရာဝန် နှင့် စနစ်တကျ ဖြတ်ရမည်။

Themyawadydaily

0 comments:

Post a Comment