စစ်တွေတွင် အမေရိကန်လုပ် လက်ပစ်ဗုံး ၂ လုံး ဖမ်းမိ



ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညနေက အမေရိကန်လုပ် လက်ပစ်ဗုံး (၂) လုံးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှတဆင့် သိရှိရသည်။

ယင်းလက်ပစ်ဗုံးမှာ အမေရိကန်လုပ် အမျိုးအစားဖြစ်ပြီး စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှူးက ပြောသည်။

“ စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ကသဲရပ်ကွက်၊ ဆတ်ရိုးကျချောင်းဆိပ်ခံတံတား (အမှတ် ၁၉)မှာ ဆိုက်ကပ်ထားတဲ့ စက်လှေတစ်စီးပေါ်က မိတာပါ။ မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၉ နာရီခန့်မှာ သက်ဆိုင်ရာက တွေ့ရှိသိမ်းဆည်းရမိပါတယ်” ဟု သူက ဆိုသည်။

လက်ပစ်ဗုံးများကို စစ်တွေမြို့မှ ဦးဟန်သိန်းပိုင်ဆိုင်သော “မင်းမင်းဝင်း”အမည်ရှိ စက်လှေပေါ် တွင် အမဲရောင်ပလပ်စတိတ်အိတ်ဖြင့် ထည့်လျက်အနေအထားဖြင့်သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလက်ပစ်ဗုံး (၂) လုံးနှင့် ဆက်စပ်ပြီး ယင်းစက်လှေမှ လုပ်သား တစ်ဦး ဖြစ်သူ မောင်ကြီးယေ(၂၃ နှစ်)ကိုလည်း ဖမ်းဆီးထားကြောင်း ယနေ့ နံနက်ပိုင်းက နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ယင်းအမူနှင့် ဆက်စပ်ပြီး ဆင်ကူးလမ်းရပ်ကွက်မှ ဦးကျော်တင်(၄၉ နှစ်)၏ အိမ်သို့ဝင်ရောက်ရှာဖွေရာ နောက်ထပ် ယမ်းတောင့် သုံးခုကိုပါ ဆက်လက်ရှာဖွေသိမ်းဆည်းရမိသည်ဟု စခန်းမှူးက ဆက်ပြောသည်။

“လက်ကိုင်ဗုံးတွေကတော့ အမေရိကန်လုပ်ပေါ့နော်။ စက်လှေပေါ်မှာ မောင်ကြီးယေဆိုတဲ့စက်လှေ လုပ်သားကောင်လေးတစ်ယောက်နဲ့အတူတွေ့တာပါ။ ဆင်ကူးလမ်းရပ်ကွက်က ဦးကျော်တင်က ယူလာတာ ကိုမြင်ပါတယ်လို့ သူကဖြေပါတယ်။ ဆက်ရှာဖွေတော့ နောက်ထပ် ယမ်းတောင့် သုံးခုကိုပါ ဖမ်းမိတယ်။ ခု ဦးကျော်တင်ကိုလည်း ဖမ်းဆီးထားပါတယ်”ဟု ဆိုသည်။

အဆိုပါဗုံးများကို ၂ဝ၁၂ ခုနှစ်အတွင်းက ဘင်္ဂါလီစက်လှေတစ်စီးပေါ်မှ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခြင်း မပြုဘဲ ပင်လယ်ပြင်သို့ထွက်ခွာသည့်အခါ လုံခြုံမှုရှိစေရန် ယခုကဲ့သို့ လှေပေါ်တွင် သိမ်းဆည်းထား ခြင်းဖြစ်ကြောင်း ဦးကျော်တင်အား ကနဦးစစ်ဆေးစဉ် ထုတ်ဖေါ်ပြောဆိုသည်ဟု စခန်းမှူးက ဆိုသည်။

အမှုကို စစ်တွေမြို့မရဲစခန်းက ၁၉/၆ လက်နက်ပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

( နိရဉ္စရာ၊ ၁၇ စက်တင်ဘာ ၂၀၁၄) / ခိုင်ခိုင်ဇံ

0 comments:

Post a Comment