ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှုအတွက် ခေါ်ယူမေးမြန်းခဲ့သည့် မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့ ပြန်လွှတ်ပေးလိုက်ပြီ


ကမ္ဘာလှည့် ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရမှုတွင် မသင်္ကာသဖြင့် ခေါ်ယူ မေးမြန်းခဲ့သည့် မြန်မာ လုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အသက်(၂၄)နှစ်ရှိ ဒေးဗစ်မီလာနှင့် အသက်(၂၃)နှစ်အရွယ် ဟန်နာဝီသာရစ်ခ်ျတို့၏ ရုပ်အလောင်းများကို ခိုဖန်ဂန်းရှိ အပျော်တမ်း ရေငုပ်သည့် နေရာတစ်ခုအနီး ဘန်ဂလို တစ်ခုနှင့် မလှမ်းမကမ်းတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ ဗြိတိန်နိုင်ငံသား စုံတွဲ၏ အလောင်းများသည် ဝတ်လစ်စားလစ် ဖြစ်နေပြီး သေသည်အထိ ရိုက်နှက်နှိပ်စက်ခံထားရကြောင်း ရဲများက ဆိုသည်။ အလောင်းများနှင့် (၃၅)ကိုက်မျှ အကွာတွင် သွေးစွန်းနေသော ပေါက်ပြားတစ်လက်ကိုလည်း သိမ်းယူရမိခဲ့သည်။ စက်တင်ဘာ (၁၆)ရက်နေ့ ညနေပိုင်းတွင် မှုခင်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အလောင်းများကို ဘန်ကောက်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

အစောပိုင်းက မြန်မာအမျိုးသား လုပ်သား(၃)ဦးကို ခေါ်ယူမေးမြန်းခဲ့သော်လည်း အမှုနှင့် မပတ်သက်နိုင်ကြောင်း ဆုံးဖြတ်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်းတောင်ပိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ပန်ယာမာမန်က ပြောကြားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာနဲ့ အဝေးကြီးမှာ သူတို့တွေ ရှိနေတာပါ။ သူတို့နဲ့ ဘာမှ ပတ်သက်ပုံ မရပါဘူး”ဟု ပန်ယာက ဆိုသည်။ သို့သော်လည်း အမျိုးသားများထံမှ DNA မှတ်တမ်းများကို ရယူထားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ မှုခင်းနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ၎င်းက သတင်းထုတ်ပြန်ပေးရန် ငြင်းဆိုခဲ့သည်။

သေဆုံးသူများနှင့်အတူ ခရီးထွက်လာသည့် အခြားဗြိတိန် ကမ္ဘာလှည့် ခရီးသည်များသည်လည်း လူသတ်မှုနှင့် ဆက်နွယ်မှုရှိသည့် အထောက်အထားမျိုး မတွေ့ရဟု ရဲတပ်ဖွဲ့က ဆိုသည်။ စက်တင်ဘာ (၁၆)ရက် နံနက်အစောပိုင်းက မြန်မာလုပ်သားများ နေထိုင်ရာ တဲအိမ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေသည့် သတင်းဗီဒီယိုများကို ထိုင်းရုပ်မြင်သံကြား ဌာနတစ်ခုက ပြသခဲ့သေးသည်။

ရဲတပ်ဖွဲ့က သေဆုံးသူ နှစ်ဦးသည် အခင်းမဖြစ်မီ နာရီပိုင်း အလိုက ဒေသတွင်းရှိ အရက်ဘား တစ်ခုတွင် ပါတီပွဲ တက်ရောက်နေခဲ့ကြောင်း မျက်မြင်များ၏ အဆိုကို ကိုးကား၍ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အစိုးရ အာဏာသိမ်းယူပြီးနောက် နေဝင်မီးငြိမ်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် သက်ရောက် ထိခိုက်မှုများ ရှိခဲ့သည်။ ကမ္ဘာလှည့် ခရီးသွားများ အဓိက သွားရောက်လည်ပတ်သည့် ဒေသအများအပြားတွင် အဆိုပါ အမိန့်ကို အလျင်အမြန် ပြန်လည် ဖယ်ရှားခဲ့သော်လည်း ထိုင်း၏ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ အရှိန်အဟုန် အတန်ငယ် တုံ့ဆိုင်းနေဆဲဖြစ်သည်။

7 Days

0 comments:

Post a Comment