တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အားလှူဒါန်းသည့် ဗုဒ္ဓစွယ်တော်ပွားကျောင်း ဆောင် လားရှိုးမြို့ တွင် တစ်ညတာကိန်းဝပ်။



တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗုဒ္ဓစွယ်တော်တိုက်ဆရာတော်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ထံ ဗုဒ္ဓစွယ်တော်ပွားကျောင်းဆောင်အားလှူဒါန်းခဲ့ရာ ယနေ့  စက်တင်ဘာလ (၁၆) ရက် ညနေပိုင်း ၈နာရီခန့် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ၊ သီရိမင်္ဂလာမန်ဆူ ကျောင်းတိုက်တွင် တစ်ညတာကိန်းဝပ်တော်မူခဲ့ကြောင်း သိရသည်။
ဗုဒ္ဓစွယ်တော်ပွားကျောင်းဆောင်အား ယနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့ တွင် သာသနာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေးဦးဆောင်သောအဖွဲ့ က လွဲပြောင်းလက်ခံခဲ့ပြီး မူဆယ်မြို့ မှ လားရှိုးမြို့  သို့  ပင့်ဆောင်လာခြင်းဖြစ်ကာ ဗုဒ္ဓစွယ်တော်ပွားကျောင်းဆောင်သည် စက်တင်ဘာလ (၁၇) ရက်နေ့ တွင် မန္တလေးမြို့ ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်းကောင်း၊ စက်တင်ဘာလ (၁၈) ရက်နေ့ တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် သာ သနာ့မဟာဗိမာန်တော်တွင်လည်းကောင်း၊ စက်တင်ဘာလ (၁၉) ရက်နေ့ တွင် ရန်ကုန်မြို့ ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင်လည်းကောင်း တစ်ညတာစီ ကိန်းဝပ်တော်မူမည်ဖြစ်ပြီး စက်တင်ဘာလ (၂၀) ရက်နေ့ တွင် ရန်ကုန်မြို့ မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ ရွှေမုဌောစေတီတော်သို့  ဆက်လက်ပင့်ဆောင်ကာ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓစွယ်တော်ပွားကျောင်းဆောင်ကို မူဆယ်မှလားရှိုးသို့  မော်တော်ယာဉ်တန်းဖြင့်ပင့်ဆောင်လာရာ လမ်း တလျှောက်ရှိ မြို့ ရွာများမှ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ က သောင်းသောင်းဖြဖြပူဇော်ခဲ့ကြပြီး တစ်ညတာ ကိန်းဝပ်တော်မူရာ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်တွင်လည်း စွယ်တော်ပွားဖူးမြော်ရန်လာရောက်သူ ဘုရားဖူးများ ဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
Lashio News Diary

0 comments:

Post a Comment