Windows အစားထိုး ပြည်တွင်းဖြစ် OS ကို အောက်တိုဘာလတွင် ဖြန့်ချိရန် တရုတ်စီစဉ်နေ


တရုတ်နိုင်ငံသည် Windows ကဲ့သို့သော နိုင်ငံခြားဖြစ် OS များ၏ နေရာတွင် အစားထိုးသုံးစွဲမည့် ပြည်တွင်းဖြစ် operating system တစ်မျိုးကို အောက်တိုဘာလတွင် ဖြန့်ချိရန် စီစဉ်နေကြောင်း Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Xinhua မှ အမည်ဖော်ပြခဲ့ခြင်း မရှိသည့် အဆိုပါ operating system ကို desktop ကွန်ပျူတာများအတွက် ကနဦး ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် စမတ်ဖုန်းများအထိ တိုးချဲ့ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။ Xinhua သည် အချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ ထုတ်ဝေသည့် People’s Post and Telecommunication News သတင်းစာမှ ဖော်ပြချက်ကို ကိုးကားဖော်ပြခဲ့ခြင်း ဖြစ်သည်။


တရုတ်နိုင်ငံ၏ Academy of Engineering မှ မစ္စတာနီဂွမ်နမ် ဆိုသူက “App store တွေကို ထောက်ပံ့ပေးထားတဲ့ ပြည်တွင်းဖြစ် desktop operating system ကို အောက်တိုဘာလ မှာ ဖြန့်ချိရန် မျှော်လင့် ထားပါတယ်” ဟု PPTN သတင်းစာထံ ပြောကြားချက်ကို Reuters က ဘာသာပြန်ကာ ဖော်ပြခဲ့သည်။

အဆိုပါ PPTN သတင်းစာတွင် ဖော်ပြထားချက်အရ ပြည်တွင်းဖြစ် OS ကြောင့် Windows 8 အသုံးပြုမှုကို တားမြစ်ထားသည့် တရုတ်အစိုးရသုံး ကွန်ပျူတာများတွင် Windows XP အသုံးပြုမှုကို ရပ်ဆိုင်းပြီး ပြည်တွင်း OS developer များကို လမ်းဖွင့်ပေးနိုင်လိမ့်မည်ဟု သိရသည်။

တရုတ်အစိုးရသည် အစိုးရ ကွန်ပျူတာများတွင် Windows 8 အသုံးပြုခြင်းကို ယခုနှစ် အစောပိုင်းက တားမြစ်ခဲ့သည်။ ထို့အပြင် သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်သော Windows XP အတွက် လုံခြုံရေး update များ ရပ်ဆိုင်းခဲ့မှုအတွက်လည်း တရုတ်အာဏပိုင်အဖွဲ့က Microsoft ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

Ref: ComputerWorld

0 comments:

Post a Comment