ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော အူရီးဒူးအနေဖြင့် ကွန်ရက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေသည်ဟုဆို





သုံးစွဲရအဆင်မပြေသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဆက်သွယ်ရေးအော်ပရေတာ အူရီးဒူးအနေဖြင့် ကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်ဟု အူရီးဒူးမြန်မာက သြဂုတ် ၁၉ ရက်တွင် ၎င်းတို့၏ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ကြေညာထားသည်။


အူရီးဒူးအနေဖြင့် သြဂုတ်လ ၁၅ ရက် တွင် ၎င်းတို့၏ ၀န်ဆောင်မှုကို ကောင်းမွန်သည့် ပုံစံဖြင့် စတင်ပေးနိုင်မည်ဟုဆိုထားသော်လည်း အသုံးပြုသူများက ၀န်ဆောင်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသည်။

ဒဂုံမြို့နယ်နေ အူရီးဒူးဖုန်းကတ် အသုံးပြုသူတစ်ဦးဖြစ်သည့် ကိုသျှမ်းထက်အောင်က“ဖုန်းပြောဖို့က ရလိုက်၊ မရလိုက်ဖြစ်နေတယ်။ အင်တာနက်လည်း ဒီအတိုင်းပဲ။ လိုင်းကျပ်တယ်လို့ ပြောရမယ်”ဟု ဆိုသည်။

အူရီးဒူးဖုန်းများသို့ MPT ၏ CDMA ဖုန်းများမှ ခေါ်ဆို၍ မရမှုများ ဖြစ်နေသည်ဟု သာကေတမြို့နယ်နေ အသုံးပြုသူ တစ်ဦးက ဆိုသည်။

၎င်းက“ဖုန်းပြောရတာတော့ အဆင်ပြေတယ်။ ကိုယ့်ဆီကခေါ်ရင် ပြဿနာ မရှိဘူး။ ကိုယ့်ဆီကို ခေါ်ရင်တော့ CDMA ဖုန်းတွေ ခေါ်လို့ မရဘူး။ ၈၆ နဲ့ စတဲ့ ဖုန်းကလည်း ခေါ်လို့မရဘူး။ GSM ဖုန်းတွေတော့ရတယ်” ဟု ဆိုသည်။

အူရီးဒူး၏ ဆင်းမ်ကတ်များသည် လှိုင်သာယာ၊ လှည်းတန်းစသည့်နေရာများတွင် လိုင်းမမိသည့် ပြဿနာများ ရှိသည်ဟု အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ ကိုအောင်မြင့်သူက ဆိုသည်။

၎င်းက “အဆောက်အအုံထဲ ၀င်ရတာမျိုးဆိုရင် လိုင်းမမိတော့တာတွေ ဖြစ်တယ်။ အင်တာနက်ကိုတော့ အခမဲ့တုန်းကပဲ သုံးကြည့်ဖူးတယ်။ အခုတော့ ဈေးတွေကြီးတာနဲ့ စမ်းမသုံးရသေးဘူး”ဟု ဆိုသည်။

အူရီးဒူးက စတင်ဝန်ဆောင်မှုပေးခဲ့စဉ်က သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ရှိ ၃၄ မြို့နယ်ကို ၀န်ဆောင်မှုပေးနိုင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း အဆိုပါ မြို့နယ်များတွင်လည်း ၀န်ဆောင်မှုနှင့်ပတ်သက်သည့် ဝေဖန်မှုများထွက်ပေါ်နေသည်။

ယင်းအပြင် အူရီးဒူးဖုန်းကတ်ဖြင့် အင်တာနက် သုံးစွဲခမှာ ကုန်ကျစရိတ်မြင့်မားနေသည်ဟု ဝေဖန်မှုများရှိနေသည်ကို စီမံရေးရာအဖွဲ့သို့ တင်ပြထားပြီးဖြစ်သည်ဟု အူရီးဒူး၏ National Sales Director ဦးမြင့်ဇော်က မဇ္ဈိမကို ပြောသည်။

“အင်တာနက်သုံးစွဲခကို စီမံရေးရာဌာနကို ကျွန်တော်တို့ တင်ပြထားတယ်။ အရင် 1MB ကို နှစ်ဆယ့်ငါးကျပ် များတယ်ဆိုလို့ ခုစိတ်ကြိုက်ဝယ်ယူသုံးစွဲနိုင်တဲ့ Package အမျိုးအစားတွေ ခွဲထားပါတယ်”ဟု ၎င်းက ပြောသည်။

အင်တာနက် အသုံးပြုခများအဖြစ် တစ်ရက်လျှင် 30MB အင်တာနက်အသုံးပြုခွင့်နှင့် Facebook အခမဲ့ အသုံးပြုခွင့် 20 MB ကို ကျပ်ငါးရာဖြင့်လည်းကောင်း၊ တစ်ပတ်လျှင် အင်တာနက် 200 MB အပါအ၀င် Facebook အခမဲ့အသုံးပြုခွင့် 150MB ကို ကျပ် ၃,၀၀၀ ဖြင့်လည်းကောင်း၊ တစ်လလျှင် အင်တာနက်အသုံးပြုခွင့် 1GB နှင့် Facebook အခမဲ့အသုံးပြုခွင့် 600 MB ကို ကျပ် ၁၂၀၀၀ နှုန်းဖြင့်လည်းကောင်း ၀ယ်ယူနိုင်မည် ဖြစ်သည်။

အူရီးဒူးမြန်မာ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “Ooredoo သုံးစွဲသူများကို မေတ္တာရပ်ခံလိုသည်မှာ ကျွန်တော်တို့၏ ၀န်ဆောင်မှုများကို များပြားသော တောင်းဆိုမှုများ ကြုံတွေ့နေရပါသည်။ ကျွန်တော်တို့၏ ကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုများကို ပိုမိုတိုးတက်ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင်းတွင် ဆက်သွယ်ရေးတာဝါတိုင်များကို နေ့စဉ်နဲ့အမျှ တိုးချဲ့ဆောက်လုပ်လျက် ရှိပါသည်။ မြန်မာနိုင်ငံရှိ မြို့ကြီး/မြို့ငယ် အနှံ့အပြားတွင် ကျွန်တော်တို့၏ ကွန်ရက်ကို အမြန်ဆုံး ကျယ်ပြန့်လာအောင် ဆောင်ရွက်လျက် ရှိပါသည်”ဟု ဖော်ပြထားသည်။
Mizzima

0 comments:

Post a Comment