မြန်မာက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်


ဘရူနိုင်း ဘုရင့်ဖလား ဖိတ်ခေါ် အကြိုဗိုလ်လုပွဲကို မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့ မလေးရှား ယူ ၂၁ အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်း ပွဲစပြီး ၂ မိနစ်အတွင်း ထောင့် ကန်ဘောရရှိလို့ ဂိုးရှေ့ချပေးတာကို မလေးနောက်တန်း လူတွေနဲ့ ထိပြီး ပြန် ထွက်လာ တဲ့ဘောလုံး ကို မြန်မာရှေ့တန်း ကစားသမား ကျောနံပါတ် ၁၁ သန်းပိုင်က ကန်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒီနောက် နှစ်ဖက်အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး မိနစ်၂၀ မှာ မြန်မာအသင်းက ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မလေးရှားအသင်း ဂိုးဧရိယာထိပ်နားမှာ မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူက မလေးနောက်တန်းသမား တဦးကို လိမ်ခေါက်ပြီး ဂိုးဧရိယာ ညာဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် မြန်မာအသင်းကပဲ အကြိမ်ကြိမ်ထိုးဖောက်ကစားခဲ့ပြီးနောက် ၃၂ မိနစ်မှာတော့ မြန်မာကစားသမား ကျောနံပါတ် ၂၃ မလေးနောက်တန်းသမားတွေ ကြားထဲကနေ ဂိုးဧရိယာထိပ်နား ဘောလုံးထိုးပေး လိုက်တာကို မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူက ဆွဲယူကာ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး တတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီနောက် နှစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပထမပိုင်း ပြီးဆုံးပါတယ်။

ဒုတိယပိုင်းစပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မြန်မာအသင်းက မလေးရှားအသင်းရဲ့ ဂိုးဧရိယာညဘက်ထိပ်နားမှာ ပြစ်ဒဏ်ဘော ကန်ခွင့် ရရှိခဲ့ပါတယ်။

အဲဒီပြစ်ဒဏ်ဘောကို မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူ ကန်သွင်းရာမှာ ဂိုးသမားပုတ်ထုတ်လို့ တိုင်နဲ့ ထိပြီး ပြန်ထွက်လာခဲ့တာကို မြန်မာကစားသမား ကန်သွင်းခွင့်ရပေးမယ့် ဂိုးပေါ် ကျော်တက်သွားပါတယ်။

၅၄ မိနစ်မှာတော့ မလေးရှားအသင်းက ရှေ့တန်းဝဲအစွန်ကစားသမား မြန်မာအသင်းဂိုးရှေ့ တင်ပေးတာကို ကျောနံပါတ် ၁၂ ခေါင်းတိုက်သွင်းပေမယ့် ဂိုးစည်းဘေးကနေ ထွက်သွားပါတယ်။

၆၇ မိနစ်မှာတော့ မလေးရှင်းအသင်းက ကျောနံပါတ် ၂၁ ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ မိနစ် ၇၀ မှာတော့ ရာသီဥတုပူတဲ့အတွက် ခေတ္တအနားပေးပါတယ်။

ပွဲပြန်ကစားပြီးနောက် ၇၅ မိနစ်မှာ မြန်မာရှေ့တန်း ၀ဲအစွန်လူ ဆွဲပြေးပြီး ဂိုးရှေ့ချပေးတာကို ကျောနံပါတ် ၂၃ ကန်သွင်းယူခဲ့ပေမယ့် မလေးရှား ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။

ဒီနောက် မြန်မာအသင်းက အပေးအယူ အချိန်အဆက် မိမိနဲ့ ဆက်လက်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုး ထပ်မံ သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲစဉ် ပြီးဆုံးသွားပါတယ်။

မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲမှာ အုပ်စုအဆင့် ၄ ပွဲစလုံး ခြေစွမ်းပြအနိုင်ရပြီး အကြို ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

ဘရူးနိုင်ဘုရင့်ဖလား အကြိုဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့လို့ တဖက် ထိုင်းနဲ့ဗီယက်နမ် အကြိုဗိုလ်လုပွဲကနေ တက်လာတဲ့အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ် ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment