ထူးအိမ်သင်၏ မိခင်နှင့်ဇနီးတို့ကို ဂါရဝပြု အလှူငွေ ကျပ်သိန်း သုံးဆယ်လှူဒါန်းခဲ့သည့် Lလွန်းဝါ


အဆိုတော် Lလွန်းဝါ၏ တတိယမြောက် အယ်ဘမ်ဖြစ်သည့် My Music Dictionary ရောင်းချရာမှ ရရှိသည့် အကျိုးမြတ်ထဲမှအရင်းကို ဖယ်ကာ ကျန်ငွေအားလုံး လှူဒါန်းသွားမည်ဟု ပြောဆိုခဲ့သော်လည်း ယင်းအယ်ဘမ်ပြီးစီးမည့် အချိန်သည် ကြာမြင့်မည်ဖြစ်ခြင်းကြောင့် ဂါရဝပြုသည့် အလှူငွေအနေဖြင့် ငွေကျပ်သိန်းသုံးဆယ်ကို သြဂုတ်၂ဝ ရက်က My Garden စားသောက်ဆိုင်တွင် စာနယ်ဇင်းများရှေ့၌ လှူဒါန်းခဲ့သည်ဟု ပြောသည်။ “အမှန်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက စနစ် ကအခွေထွက်မယ်။ ပြီးရင် ဗီဒီယိုရိုက်မယ်။ အဲဒါတွေက ကြာဦးမယ်။ အရင်ဦးဆုံး ကျွန်တော်က ထင်သာမြင်သာ ရှိသွားအောင် ပြလိုက်တာပါ။ ကျွန်တော့ အနုပညာကြေးဖြစ်တဲ့ ဒီအခွေကို လှူဒါန်းလိုက်တာပါ။ အလှူငွေသိန်း ၃ဝ ကို မမြင်စေချင်ပါဘူး” ဟု မဇ္ဈိမသို့ ပြောခဲ့သည်။

ယင်းလှူဒါန်းမှုကို ထူးအိမ်သင်၏ မိခင်ဖြစ်သူ ဒေါ်မြရီနှင့် ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်တို့ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုတော် Lလွန်းဝါသည် အလှူငွေ လှူဒါန်းမှုအပြင် ထူးအိမ်သင် သင်ကြားပေးခဲ့သည့် How To Sing (Graham Hewitt) ပြည်ပ သင်ရိုးညွှန်း မိတ္တူစာအုပ်ကိုလည်း ဂီတဝါသနာရှင်များအတွက် ၎င်း၏ တေးသီချင်းများ စီစဉ်ပေးသူ ကိုမင်းမင်းဦးထံသို့ လှူဒါန်းခဲ့သည် ဟု ပြောသည်။

“ကျွန်တော်က မပေးချင်ဘူး။ ဒီစာအုပ်ကို ဖွက်ထားတယ်။ ဘယ်သူ့ကိုမှလည်း မပြခဲ့ဘူး။ သိမ်းထားတာ ၁၃ နှစ်လောက်ရှိပါပြီ။ ကိုယ်ခန္ဓာအနေအထား ဘယ်လိုထားရမလဲ။ ဘယ်လိုသီဆိုရမလဲ၊ အဆုတ်လေ့ကျင့်ခန်းစတဲ့ အရာတွေကို သင်ပေးထားတာပါ” ဟု ၎င်းက ထပ်မံပြောသည်။ ယင်းသင်ရိုးညွန်းတမ်းများကို လေ့လာသင်ယူချင်ပါက တေးစီးရီးများနှင့် ပွဲများကို စီစဉ်သူ ကိုမင်းမင်းဦးထံတွင် သွားရောက် မိတ္တူဆွဲယူနိုင်သည်ဟု ပြောသည်။ အဆိုတော် L လွန်းဝါ၏ ဆရာဖြစ်သူ ထူးအိမ်သင်၏ နှစ်ပတ်လည်နေ့ ဖြစ်သည့် သြဂုတ်၂၃ ရက်တွင် မာစတာတေးသံသွင်းမှ ၎င်း၏ My Music Dictionary ကို ထုတ်လုပ်ဖြန့်ချိမည်ဟုဆိုသည်။

ယင်းအယ်လ်ဘမ်တွင် ထူးအိမ်သင်၏ တေးသီချင်းကို ပြန်လည်သီဆိုသွားမည် မဟုတ်ဘဲ Lလွန်းဝါ ကိုယ်တိုင် ရေးသားထားသည့် ဂုဏ်ပြုတေးသီချင်းများ၊ ဆရာဖြစ်သည့် ထူးအိမ်သင်၏ တေးသီချင်းဖွဲ့စည်းပုံနှင့် တည်ဆောက်ပုံများကို ရေးသားထားသော တေးသီချင်းများ ပါဝင်မည် ဖြစ်သည်။

Lလွန်းဝါသည် ထူးအိမ်သင် ကွယ်လွန်ပြီး နှစ်နှစ်အကြာတွင် စတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထူးအိမ်သင် သီဆိုလေ့ရှိသည့် အမေ၊ အဖေ တေးသီချင်းများကို Lလွန်းဝါ က ၎င်း၏ ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ရေးသားပြီး မာမီ၊ ဒယ်ဒီဟု အစားသွင်းကာ သီဆိုထားသည့် သီချင်းတစ်ပုဒ် ပါဝင်မည် ဖြစ်သည်။ ယင်းတေးသီချင်းများကို Ironcross Band ဖြင့် တီးခတ်ပြီး အွန်လိုင်း Myanmar Music Store တွင် ရောင်းချသွားမည် ဖြစ်သည်။

Lလွန်းဝါသည် တေးသီချင်းများ သီဆိုရာ၌ ထူးအိမ်သင်၏ အယူအဆများဖြင့် သီဆိုလာခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် "အချစ်မျက်ဝန်း" ပထမ တေးစီးရီးကို ထွက်ရှိခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် " အဆုံးမဲ့မျှော်လင့်ချက်"ကို ထုတ်ဝေခဲ့ပြီးနောက် "အိပ်မက်ဝတ်စုံ" စီးရီးကို Lဆိုင်းဇီ ၊ ရေဗက္ကာဝင်း တိုနှင့် ပူးပေါင်းကာ ထွက်ရှိခဲ့သည်။
Mizzima

0 comments:

Post a Comment