JJ Express နေပြည်တော်-မန္တလေးယာဉ် တိမ်းမှောက် နိုင်ငံခြားသား အပါအဝင် ၁၇ ဦး ဒဏ်ရာရ


နေပြည်တော်၊ မဇ္ဈိမ။ ။ ဂျေဂျေ (JJ) အဆင့်မြင့် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သြဂုတ် ၂၁ ရက် နေ့လည်က တိမ်းမှောက် ခဲ့ရာ နိုင်ငံခြားသား သုံးဦး အပါအဝင် ခရီးသည် ၁၇ ဦးဒဏ်ရာ ရရှိခဲ့ သော်လည်း စိုးရိမ်ရသည့် အနေအထား မရှိဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးနေဝင်းက ပြောသည်။


"နိုင်ငံခြားသားလည်း မစိုးရိမ်းရဘူး။ မြန်မာခရီးသည်တွေလည်း မစိုးရိမ်ရဘူး။ ဖြစ်တဲ့အချိန် မိုးကလည်း ရွာနေတယ်။ စလစ်ဖြစ်ပြီးတော့ တစ်ဖက်ယာဉ်ကြောမှာ တိမ်းမှောက်တာ”ဟု ရဲမှူးကြီး ဦးနေဝင်းက ပြောသည်။

နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာသည့် JJ Express ယာဉ်မှာ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင်အမှတ် ၂၂၁/၁တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများက နေပြည်တော် ကုတင် ၁ဝဝ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ ဒဏ်ရာအနည်းငယ်သာ ရရှိသူအချို့ က ဆေးရုံတွင် စစ်ဆေးမှု ခံယူကာ ပြန်လည်ဆင်းသွားပြီဟု သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ပြီး ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈ အပြင် ပုဒ်မ ၂၇၉ မဆင်မခြင် မောင်းနှင်မှုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

ဂျေဂျေ မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူ မကျော့က ”ကျွန်မတို့ ခုမှသွားနေတုန်း လမ်းမှာပဲ ရှိသေးတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်သွားတဲ့ ခရီးသည်တွေ အတွက် အပြည့်အဝ တာဝန်ယူ သွားမှာပါ။ နောက်ဆုံး အခြေအနေကို မသိရသေးပါဘူး။ အရမ်း မစိုးရိမ်ရဘူး လို့တော့ သိထားပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

ယာဉ်ပေါ်တွင် စုစုပေါင်းခရီးသည် ၂၉ ဦးလိုက်ပါလာပြီး ဒဏ်ရာရရှိ ခဲ့သည့် နိုင်ငံခြားသားသုံးဦးမှာ သြစတြေးလျ နိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား နှစ်ဦး ဖြစ်ပြီး စိုးရိမ်ရသည့် အနေအထား မရှိဟု ဆိုသည်။

ဂျေဂျေ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကို ၂ဝ၁၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် စသည့်မြို့ကြီးများ ကို ပြေးဆွဲလျက် ရှိသည်။
Mizzima

0 comments:

Post a Comment