ဆွာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်း ပေးခဲ့ရကြောင်း သတင်းများကို ဘာစီလိုနာငြင်းဆို


လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူရာတွင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၇၅)သန်း ပေးချေခဲ့ရကြောင်း သတင်းများကို ဘာစီလိုနာက ငြင်းဆန်ခဲ့သည်။


လီဗာပူးလ်သည် ၎င်းတို့၏ တိုက်စစ်မှူးကို စာချုပ်ပါ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၅)သန်း သတ်မှတ်ထားသော်လည်း ဘာစီလိုနာက ခေါ်ယူရာတွင် ပေါင်စတာလင် (၆၅)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ စပိန်ကလပ်အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ယော်ဒီ မက်စ်ထရီက မိမိတို့၏ အပြောင်းအရွှေ့ရေးရာ ပါးနပ်စွာ ညှိနှိုင်းနိုင်မှုကြောင့် လီဗာပူးလ်က ဈေးနှုန်းလျော့ချပေးရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။ “ဆွာရက်ဇ်ရဲ့ စာချုပ်ပါဈေးက ပေါင်စတာလင် (၇၅)သန်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဈေးစကားပြောမှု အရည်အသွေးပိုင်းကြောင့် နောက်ဆုံးမှာ ပေါင်စတာလင် (၆၅)သန်းနဲ့ ဈေးတည့်သွားတယ်”ဟု မက်စ်ထရီက ပြောကြားခဲ့သည်။

ဘာစီလိုနာသည် အသက်(၂၇)နှစ်ရှိ ကစားသမားကို စာချုပ်ချိန်တွင် ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် သန်း(၁၇၀)သို့ မြှင့်တင်ခဲ့ကြောင်းလည်း သိရသည်။ ဆွာရက်ဇ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီတလီ လက်ရွေးစင် နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီကို ကိုက်ခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံနေရပြီး လတ်တလောတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအဆင့် ပွဲစဉ်များ၌ ပါဝင်ကစားခွင့် မရှိသေးချေ။ သို့သော်လည်း တရားဝင် ပြိုင်ပွဲမဟုတ်သည့် လီယွန်နှင့် ခြေစမ်းပွဲတွင်မူ ဘာစီလိုနာအတွက် ပွဲဦးထွက်ခွင့် ရခဲ့သည်။

Ref: Daily Mail

0 comments:

Post a Comment