Facebook ဆန့်ကျင်ရေးကွန်ရက် Ello

လူမှုကွန်ရက် အသစ် Ello ကို သြဂုတ် ၇ ရက်တွင် အမေရိကန် ပြည်ထောင်စု ဗာမောင့် ပြည်နယ် မှ စက်ဘီး အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က လူအများ အသုံးပြု နိုင်ရန် ဖွင့်လှစ် ပေးထားခြင်း ဖြစ်ပြီး Facebook ကဲ့သို့ ကြော်ငြာများ မပါခြင်း နှင့် အသုံးပြုသူ များ၏ အချက်အလက် များကို ကုမ္ပဏီများထံ မရောင်းချခြင်း တို့ကြောင့် '' Facebook ဆန့်ကျင်ရေးကွန်ရက် '' ဟုလည်း လူသိများသည်။

Ello.co ကို Paul Budnitz စတင် တည်ထောင် ခဲ့စဉ်က သူငယ်ချင်း ၉ဝ ဦး ခန့်အတွက် တွေ့ဆုံရာ ကွန်ရက်တစ်ခု အဖြစ်သာ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ Ello ကွန်ယက်နှင့် ချိတ်ဆက် အသုံးပြုရန် တောင်းဆိုချက် ၃၁ဝဝဝ နှင့်အထက်တွင် ရှိနေပြီ ဖြစ်ကြောင်း Paul Budnitz က BBC သတင်းဌာန အား ပြောပြခဲ့သည်။

Ello ကွန်ရက်တွင် ပါဝင်သည့် feature များကို အပြည့်အဝ အသုံးပြုနိုင်ရန် app store များက အက်ပလီကေးရှင်း များ ရောင်းချ သကဲ့သို့ feature များကို ရောင်ချခြင်း၊ Ello ဝက်ဆိုက်၏ ဒီဇိုင်းမှာ ထူးခြားနေ သဖြင့် စတင် အသုံးပြုသူများ အတွက် အဆင်မပြေ ဖြစ်ခြင်း၊ အသုံးပြုသူ ရုတ်တရက် များပြား လာသဖြင့် Service ခေတ္တ ပိတ်ပင်ခြင်း ခံရခြင်း စသည်တို့ကြောင့် အသုံးပြု သူများက Ello ကို ဝေဖန်ကြသည်။

ကျွမ်းကျင်သူ အများစုက ကွန်ရက်တစ်ခု အောင်မြင်ရန် အတွက် အခမဲ့ အသုံးပြုနိုင်ခြင်း က သော့ချက် ဖြစ်ကြောင်း Whatsapp, Instagram, Pinterest တို့ကို ဥပမာပေးကာ ပြောကြ သည်။ တည်ထောင်သူ Paul Budnitz က ၄င်းတို့၏ Ello မှာ Beta ဗားရှင်းသာ ရှိသေးသဖြင့် အမှားအယွင်း များစွာ ရှိနေသေးကြောင်၊ ၄င်းတို့၏ အမှားအယွင်း များမှ သင်ခန်းစာ ယူကာ အမြန်ဆုံး ပြင်ဆင် သွားမည် ဖြစ်ကြောင်း၊ တောင့်တင်းသော နည်းပညာ အဖွဲ့သားများ လည်း ရှိကြောင်း ပြောပြခဲ့သည်။

Ello ကို ဖေ့ဘွတ် ဆန့်ကျင်ရေး ကွန်ရက်ဟု လူအများက နာမည်ပေး ကြသော်လည်း Paul Budnitz က ၄င်း၏ ကွန်ရက်ကို ထိုကဲ့သို့ မယူဆကြောင်း၊ Facebook ကို ပြိုင်ဘက်အဖြစ် မသတ်မှတ်ကြောင်း၊ Facebook က ကြော်ငြာ ပလက်ဖောင်း ဖြစ်ပြီး ၄င်းတို့က ကွန်ရက်တစ်ခု ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

www. အင်တာနက် စာမျက်နှာကို စတင် တီထွင်သူ Sir Tim Berners Lee က တိုးတက်လာ နေသည့် Ello နှင့် ပတ်သက်၍ မိမိတို့သည် ကြော်ငြာခြင်း အပေါ် မလိုလားသည့် စိတ်များ ထားရှိရန် မလိုအပ်ကြောင်း အကြံပေးသည်။

Sir Tim Berners Lee က ကုမ္ပဏီများက မိမိတို့၏ ကိုယ်ပိုင် အချက်အလက်များ အပေါ် အမြတ်အစွန်း ထုတ်ယူသဖြင့် မိမိတို့ ကြော်ငြာများကို မနှစ်သက် သော်လည်း လူအများစု အင်တာနက် အသုံးပြုပုံကို လေ့လာလျှင် ကုမ္ပဏီများက မိမိတို့ အလိုရှိသည်ကို ဖြည့်ဆည်း ပေးခြင်းဖြစ်ပြီး နောက်ပိုင်း ၄င်းတို့ ဘာဆက်လုပ်သည်ကို မိမိတို့ ဂရုစိုက်လေ့ မရှိကြောင်း ပြောပြသည်။

PyiChitThar

0 comments:

Post a Comment