သတိပြုဖွယ် လျှပ်စစ်အန္တရာယ်(၄)


လျှပ်စစ်အန္တရာယ် သတိပြုနိုင်ရန်အတွက် ဖြစ်ပွားခဲ့ သော ဖြစ်စဉ်များမှ ကောက်နုတ်ဖော်ပြပေးခြင်းဖြင့် အများပြည်သူများ လျှပ်စစ်အသိ သတိရှိရန်ဖြစ်ပါသည်။ သတိပြုဖွယ် လျှပ်စစ်အန္တရာယ်(၃)၌ ဓာတ်လိုက်မှုဖြစ်စဉ် များတွင် အများဆုံးဖြစ်ပွားလျက်ရှိသော ''လျှပ်စစ်စီးဝင် နိုင်သော ပစ္စည်းများ၊ ဓာတ်အားလိုင်းအောက်အနီးတွင် သတိမထားဘဲ လုပ်ငန်းဆောင်ရွက်မှု'' ဖြစ်စဉ်အချို့ကို ဖော်ပြခဲ့ပါသည်။ ဓာတ်လိုက်မှုဖြစ်စဉ်များတွင် ဒုတိယ အများဆုံးဖြစ်သော ''စက်ရုံ၊အလုပ်ရုံ၊ နေအိမ်များတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ စနစ်တကျ တပ်ဆင် သုံးစွဲမှုမရှိခြင်းကြောင့် ဓာတ်လိုက်ခြင်း'' ဖြစ်စဉ်အချို့ကို ဖော်ပြလိုပါသည်။


၂ဝ၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က မန္တလေးတိုင်းဒေသ ကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ဦး--- နေအိမ်ရှိ ရေဝင်နေသော မီးဖိုဆောင်အတွင်း မိန်းခလုတ်မပိတ်ဘဲ မိမိ သဘောဖြင့် လျှပ်စစ်မီးဖိုကွိုင်ပျက်နေသည်ကို ပြုပြင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွား၍ ဦး--- ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား ခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသ ကြီး ထီးချိုင့်မြို့ရှိ ဦး---၏ စက်ရုံတွင် သံဂဟေ အလုပ်သမား---- သည် မိန်းခုံပလပ်ပေါက်မှ Two Pin Socket ဖြင့် ရေပန့်မော်တာသို့ ဓာတ်အားရယူ၍ ကားရေ ဆေးခဲ့ပြီး လုပ်ငန်းပြီးချိန်၌ မိန်းခုံပလပ်ပေါက်မှ Two Pin Socket ကို ရေစိုလက်ဖြင့်ဆွဲဖြုတ်စဉ် ဓာတ်လိုက်မှု ဖြစ်ပေါ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် လယ်တီရပ်ကွက် တွင် နေထိုင်သော ဦး----- ၏ သမီး မ----သည် ရေစိုနေသည့် လက်ဖြင့် အားသွင်းထားသော ရေဒီယို အင်တာနာတိုင်အား ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်က မွန်ပြည်နယ် သိမ်ဆိပ်မြို့တွင် ဦး---- က မိမိနေအိမ်ခြံဝန်းအတွင်း ရေမော်တာဖြင့် ရေတွင်းမှ ရေတင်ရာ ရေတင်၍ မရသဖြင့် လျှပ်စစ်မီးခလုတ်မပိတ်ဘဲ ရေမော်တာကို ကိုင်တွယ်ပြုပြင်ရာမှ ရေမော်တာကိုယ်ထည်မှတစ်ဆင့် လျှပ်စစ်စီးဝင်၍ ဦး---- ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ သည်။

အဆိုပါ ဓာတ်လိုက်မှုဖြစ်စဉ် အမျိုးအစားများအနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် သေဆုံးသူ ၂၈ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် သေဆုံးသူ ၃၄ ဦး၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လအထိ သေဆုံးသူ ၂၁ ဦးရှိခဲ့ပါသည်။ ဓာတ်လိုက်မှုဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက ခန္ဓာကိုယ်ရေစိုအနေထားဖြင့် လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ မီးခလုတ်မပိတ်ဘဲ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ မြေပြင်သမံတလင်း များတွင် ခြောက်သွေ့သော ဖိနပ်မစီးဘဲ လျှပ်စစ်ပစ္စည်းများ ကို ကိုင်တွယ်ခြင်းကြောင့် ဓာတ်လိုက်သေဆုံးရခြင်း ဖြစ်ပါသည်။

- အိမ်သုံးပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရပါ။

- သမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရပါ။

- လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေး ငယ်များ လက်လှမ်းမမီသောနေရာတွင် တပ်ဆင် ရပါမည်။

- ပျက်စီးနေသော မီးပလပ်၊ ဆော့ကတ်များ မသုံးရပါ။

- မိန်းခလုတ်မပိတ်ဘဲ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ပြုပြင်ခြင်းမပြုလုပ်ရပါ။

- ဓာတ်လိုက်မှုဖြစ်ပွားပါက မိန်းခလုတ်ကို ဦးစွာ ပိတ်ပြီးမှ ဓာတ်မလိုက်နိုင်သော ပစ္စည်းတစ်ခုခုဖြင့် တွန်းထုတ်ခြင်း၊ ဖယ်ရှားခြင်းပြုလုပ်ရပါမည်။ (ဥပမာ-ခြောက်သွေ့သော ဝါးလုံး၊ သစ်သားချောင်း)

0 comments:

Post a Comment