အိုဇုန်းလွှာ ပြန်ကောင်းလာသော လက္ခဏာများ တွေ့ရကြောင်း ကုလသမဂ္ဂ သုတေသန ဆို

ကင်ဆာဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များဒဏ်မှ ကမ္ဘာကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာသည် နှစ်ပေါင်းများစွာ ပါးလွှာသွား ခဲ့ပြီးနောက် ပြန်လည်ထူထဲလာသည့် ကနဦးလက္ခဏာများကို ပြသနေကြောင်း ကုလသမဂ္ဂ လေ့လာမှု တစ်ခုက ဆိုသည်ဟု စက်တင်ဘာ ၁၁ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။



အန္တာတိက အပေါ်တွင် နှစ်စဉ်ပေါ်လာလေ့ရှိသည့် အိုဇုန်းလွှာအပေါက်မှာလည်း ယခင်က နှစ်စဉ် ကြီးလာခဲ့ရာမှ ယခုအခါ ထပ်ကြီးလာခြင်း မရှိတော့ပေ။

အိုဇုန်းလွှာအပေါက် စတင်သေးငယ်လာမည့် အချိန်ရောက်ရန်မှာမူ နောက်ထပ် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူရလိမ့်ဦးမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အိုဇုန်းလွှာကို ပျက်စီးစေသော လူလုပ်ဓာတ်ငွေ့ဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် CFC ဓာတ်ငွေ့များ တဖြည်းဖြည်းလျှော့ချရေး နိုင်ငံရေး သန္နိဋ္ဌာန် များကြောင့် အိုဇုန်းလွှာ ပြန်ကောင်းလာခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။

ထိုသုတေသန စာတမ်းအား ကမ္ဘာ့ မိုးလေဝသ အဖွဲ့ WMOနှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP မှ သုတေသီများက ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

“အိုဇုန်းလွှာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လုပ်ဆောင်ချက်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အောင်မြင် မှု ဖြစ်စဉ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဥတုရာသီ ပြောင်းလဲလာမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုမိုကြီးမားတဲ့ စိန်ခေါ်ချက်တွေနဲ့ပတ်သက်ပြီး အလားတူ အရေးတကြီးနဲ့ စည်းစည်းလုံးလုံး ကိုင်တွယ်ဆောင်ရွက်မှုမျိုး ပြသဖို့ ဒီအောင်မြင်မှုကနေ ကျွန်တော်တို့ စေ့ဆော်မှုတွေ ရယူသင့်ပါတယ်” ဟု WMO ညွှန်ကြားရေးမှူးချုပ် မိုက်ကယ်ဂျရတ်ဂ်က ဆိုသည်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ မှ ဒေါက်တာ ကန်ဂျက်စ် က “စက်မှုတော်လှန်ရေး မစခင်အချိန်က ရှိခဲ့တဲ့ ကမ္ဘာ့လေထု အခြေအနေမျိုး ပြန်ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့အတွက် လူသားတွေဟာ မှန်ကန်တဲ့အရာကို စပြီး လုပ်နေကြပါတယ်” ဟု ပြောပြခဲ့သည်။
Ref:BBC
by Mizzima News

0 comments:

Post a Comment