ဩစတြေးလျတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေ သတိပေးချက်ကို အဆင့်မြှင့်တင်ထား


ဩစတြေးလျ နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ခြေအတွက် သတိပေး တပ်လှန့်ထားမှုကို အလယ်အလတ်အဆင့်မှ မြင့်မားသည့် အဆင့်သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ဝန်ကြီးချုပ် တိုနီအက်ဘော့က စက်တင်ဘာ (၁၂)ရက်တွင် အဆိုပါ တပ်လှန့်မှု အဆင့်သတ်မှတ်ချက် အသစ်ကို ကြေညာခဲ့ပြီး နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ပေါ်ပေါက်နိုင်မှုသည် “ဖြစ်နိုင်သည့် အခြေအနေ”တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဩစတြေးလျသည် သေချာပေါက် အကြမ်းဖက် တိုက်ခိုက်ခံရမည်ဟု တစ်ထစ်ချ မှတ်ယူပြီး စိတ်ပူမနေရန်လည်း ပြည်သူများကို နှစ်သိမ့်ခဲ့သည်။

“တိတိကျကျ စီမံပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုတွေအကြောင်း ဘာထောက်လှမ်းရေး သတင်းမှ မရသေးပါဘူး”ဟု အက်ဘော့က ဆိုသည်။ “ကျွန်တော်တို့ ရထားတဲ့ ထောက်လှမ်းရေး သတင်းတွေက ဩစတြေးလျကို အကြမ်းဖက် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရော၊ လုပ်နိုင်စွမ်းပါ ရှိနေတဲ့ လူတချို့ ရှိနေပြီ ဆိုတာပါပဲ”ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အစိုးရ ဆန့်ကျင်ရေး စစ်ပွဲများ၌ သွားရောက်ပါဝင် တိုက်ခိုက်နေသော ဩစတြေးလျ နိုင်ငံသားအချို့ ပြန်ရောက်လာချိန်တွင် အကြမ်းဖက် မူဝါဒများကို ဆောင်ယူလာမည့် အလားအလာမျိုး ရှိကြောင်းလည်း ဩစတြေးလျ အစိုးရက ဝန်ခံထားသည်။ အက်ဘော့က အကြမ်းဖက်မှု ဖြစ်ပေါ်နိုင်ခြေ တပ်လှန့်မှု အဆင့်ကို မြှင့်တင် သတ်မှတ်လိုက်သည့်တိုင် ဩစတြေးလျ ပြည်သူလူထု၏ နေ့စဉ် လှုပ်ရှားသွားလာမှုကို အပြောင်းအလဲ သက်ရောက်စရာ မလိုကြောင်းလည်း ဆိုသည်။

“ပြည်သူတွေ နားလည်စေချင်တာက ဩစတြေးလျရဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေက အဆင့်မြင့်မြင့် လုပ်ဆောင်နေတယ်။ ပတ်ဝန်းကျင်မှာလည်း အထူးလေ့ကျင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေတယ် ဆိုတာပါ”ဟု အက်ဘောက ပြောကြားခဲ့သည်။ ဩစတြေးလျ ဖက်ဒရယ်လ် ရဲတပ်ဖွဲ့ ကော်မရှင်နာ အန်ဒရူး ကိုလ်ဗင်ကလည်း ပြည်သူ အများအနေဖြင့် အကြမ်းဖက် ခြိမ်းခြောက်မှုအပေါ် အတန်ငယ် နိုးကြားနေရန် တိုက်တွန်းခဲ့သည့်တိုင် အလွန်အမင်း စိတ်ပူနေစရာ မလိုကြောင်း ကြေညာထားသည်။

_Ref: Skynews

0 comments:

Post a Comment