Facebook တွင် Poke လုပ်မိသောကြောင့် လူတစ်ဦး အသက်ဆုံးရ

Facebook ၏ feature တစ်ခု ဖြစ်သည့် မိတ်ဆွေ တစ်ဦးနှင့် တစ်ဦး သတိထားမိအောင် ပြုလုပ်ရသည့် Poke ပြုလုပ်မှုကြောင့် ဗြိတိန် နိုင်ငံတွင် မတော်တဆ လူသေစေမှု တစ်မှု ဖြစ်ပွားခဲ့သည်။

သူငယ်ချင်း ဖြစ်သူ၏ လက်ချက်ဖြင့် အသက်ဆုံးခဲ့ ရသည့် ရိုဗက်တို။

စကော့ ဟမ်ဖာရေး ဆိုသူ အသက်၂၅ ရှိသူသည် သူငယ်ချင်း ဖြစ်သူ ရစ်ချက် ရိုဗက်တို အသက် ၂၉နှစ်ကို သူ၏ ရည်းစားအား Facebook တွင် Poke လုပ်သည်ဟု ဆိုကာ ထိုးကြိတ် ရာမှ လူသေဆုံးမှု ဖြစ်သွားခြင်းဖြစ်သည်။ နော့တင်ဟမ် အရပ်တွင် ယင်း အမှုအခင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ကျုးလွန်သူ စကော့ကို ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။

အခင်း ဖြစ်စဉ်မှာ ၎င်းတို့ သူငယ်ချင်း နှစ်ဦးတို့ က တက္ကစီဖြင့် အတူ ပြန်လာကြပြီးနောက် ကားရပ် ထားစဉ် စကော့က ရိုဗက်တိုကို ရည်းစားနှင့် ပက်သတ်ကာ စွပ်စွဲ မေးမြန်းပြီး ထိုးကြိတ် ရာမှ ရိုဗက်တို သေဆုံးခြင်း ဖြစ်သည်။

နော့တင်ဟမ် တရားရုံး၌ ကြားနာ ရာတွင် ကားတွင်း ရှိခဲ့ကြစဉ် စကော့က ရိုဗက်တိုကို “မင်းသာ သူငယ်ချင်းကောင်း ပီသရင် ဘာကြောင့် ငါရည်စူး ထားတဲ့ မိန်းကလေး ဆီ Poke လုပ်ရ တာလဲ”ဟု စိတ်ဆိုး ဒေါသထွက်ကာ မေးမြန်းပြီး အကြိမ်ကြိမ် ထိုးကြိတ် ခဲ့ကြောင်း သိရသည်။

ရိုဗက်တိုမှာ ထိုးကြိတ်ခံရ သဖြင့် နှာခေါင်းမှ သွေးများ စီးကျ ခဲ့ရသည်။ ယင်းနောက် စကော့က ရိုဗက်တိုကို ကားပေါ်မှ တွန်းထုတ် ခဲ့ရာ ပလက်ဖောင်းနှင့် ခေါင်း ရိုက်မိ သွားခဲ့သည်။ ရိုဗက်တိုကို ဆေးရုံသို့ တင်ပို့ သော်လည်း နာရီ အနည်းငယ် အကြာတွင် သေဆုံး ခဲ့ခြင်း ဖြစ်သည်။

ကားမောင်းသူ ကလည်း စကော့က ရိုဗက်တိုကို ယခင်ကပင် သူ၏ ချစ်သူအား ဖေ့ဘုတ်ပေါ်မှ အဆက်အသွယ် ပြုလုပ်သည်ဟု စွပ်စွဲ ပြောဆိုကြောင်း ထွက်ချက် ပေးသည်။ “ရိုဗက်တိုက သူ့ ရည်းစား ဖြစ်မှန်း မသိကြောင်း ပြန်ပြော ခဲ့တယ်။ အဲ့ဒီ အချိန်မှာ အမုန်း တရားက ပြင်းထန်နေ ခဲ့ပါတယ်”ဟု ယာဉ်မောင်းက တရားရုံးတွင် လျှောက်လဲချက် ပေးခဲ့သည်။

အခင်း ဖြစ်ပွားစဉ်က စကော့သည် နေရာမှ ထွက်ပြေး ခဲ့သော်လည်း နောက်ပိုင်း မကြာမီ မှာပင် ရဲလက်သို့ ကိုယ်တိုင် လာရောက် အဖမ်းခံ ခဲ့ခြင်း ဖြစ်သည်။ သူငယ်ချင်း ဖြစ်သူ ၎င်း၏ ဒေါသကြောင့် ယခုကဲ့သို့ သေဆုံးစေ ခဲ့ခြင်း အတွက် များစွာ ကြေကွဲ နောင်တရ ကြောင်းလည်း ပြောသွား ခဲ့သည်။

Mizzima

0 comments:

Post a Comment