ရုပ်ရှင် အကြိုခံစားခြင်း စုန်းပြူး


ဒီတစ်ပတ်ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ မိသားစုမေတ္တာဖွဲ့ ဒရာမာ ဇာတ်ကားလေးတစ်ကား ညွှန်ပေးလိုက်ပါတယ်။

မုန်တိုင်းက စကားပြောနည်းပြီး ဂျစ်ကန်ကန်နိုင်ပေမယ့် မိသား စုအပေါ်မှာတော့ သိတတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဖေဆုံးသွားပြီးတဲ့အချိန် သားသမီးတွေ အကုန်လုံးကျောင်းတက်နေတာကြောင့် အမေစီးပွားရေး အဆင်မပြေတာကိုသိတဲ့ မုန်တိုင်းတစ်ယောက်စာတော်ပေမယ့် ဆယ်တန်းမဖြေဘဲ အပြင်မှာကြုံရာကျပန်းအလုပ်လုပ်ခဲ့ပါတယ်။ ဆယ်တန်း မအောင်တာကြောင့် မိသားစုထဲမှာ အနှိမ်ခံခဲ့ရ သလို စိတ်မြန်တာကြောင့်လည်း မကြာခဏရန်ဖြစ်လေ့ရှိပါတယ်။ ရန်ဖြစ်လို့ အမေဆူတိုင်းသူက အပြုံးမပျက်ပေမယ့် မောင်နှမတွေနဲ့ ဆွေမျိုးတွေက အမေကို ဒုက္ခပေးတဲ့ စုန်းပြူးတစ်ယောက်အဖြစ် သတ်မှတ်တာကိုတော့ သူမခံနိုင်ပါဘူး။ မုန်တိုင်းရဲ့အကြောင်းတွေကို အကုန်သိပြီး နားလည်မှုပေး သူကတော့ သူ့ရဲ့သူငယ်ချင်း မြတ်နိုးပွင့်ဆိုတဲ့ ကောင်မလေးပါ။ မြတ်နိုးပွင့်က မုန်တိုင်းရဲ့ ဘ၀ကို စာနာပေးသလို ဆုံးလည်းဆုံးမတတ်ပါတယ်။ မုန်တိုင်းက အမေကို အရမ်းချစ်တဲ့သားဖြစ်ပြီး အိမ်ပြန်လာတဲ့ အချိန်တိုင်းမှာ အမေ့အတွက် စားစရာတစ်ခုမဟုတ်တစ်ခု အမြဲဝယ်လာလေ့ရှိပါတယ်။

မုန်တိုင်းက သူ့ရဲ့အစ်ကိုနဲ့ ညီမမှာ ချစ်သူတွေရှိနေတာကို သိပေမယ့် ဘာမှတော့မပြောသလို သူလည်း မြတ်နိုးပွင့်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ သူ့အစ်ကိုက ချစ်သူကို သစ္စာမရှိတဲ့အတွက် ပြဿနာဖြစ်လေ့ရှိပါတယ်။ သူ့အစ်ကိုကလည်း သူတို့မိသားစုတွေ ကောင်းစားဖို့ လုပ်တာဆိုပြီး အကြောင်းပြချက်ပေးပါတယ်။ တစ်ရက်မှာတော့ သူ့အစ်ကိုရဲ့ ချစ်သူညိုချောမှာ ကိုယ်ဝန်ရှိလာတာကြောင့် မုန်တိုင်းက တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကိုတော့ အောက်တိုဘာ ၂၄ ရက်ကစပြီး ရန်ကုန်နဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်မယ့် စုန်းပြူးဇာတ်ကားမှာ ဆက်လက်ရှုစားပေးကြပါ။

ဒီရုပ်ရှင်က သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့ ရိုက် ကူးထားတာဖြစ်လို့ ပရိသတ်တွေ စိတ်ကြိုက်ဇာတ်ကားတစ်ကားဖြစ်မှာပါ။

ပတ်ဝန်းကျင်အမြင်မှာ မိသားစုအတွက် စုန်းပြူးတစ်ယောက်အဖြစ် နေတိုးက ပီပီပြင်ပြင် သရုပ်ဆောင်ထားသလို မိသားစုဝင်တွေအဖြစ် သရုပ်ဆောင်တဲ့ သိင်္ဂီထွန်း၊ မင်းရာဇာ၊ သင်ဇာဝင့်ကျော်တို့ကလည်း ကျရာနေရာမှာ အကောင်းဆုံး သရုပ်ဆောင်ထားကြပါတယ်။

ခိုင်သင်းကြည်၊ သက်မွန်မြင့်တို့ကလည်း အပိုအလိုမရှိ သရုပ်ဆောင်ထားကြပါတယ်။

7Day Daily

0 comments:

Post a Comment