ထိုင်းတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ ၂ ဦး အဖြစ်မှန် ထုတ်မပြောဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေးက ပြောကြားသည်။

ဇော်လင်းနှင့် ဇော်လင်းထွန်း အမည်ရ အဆိုပါ မြန်မာနှစ်ဦးကို တစ်စုံတစ်ခု လွှမ်းမိုးထားသည့် သဘောတွေ့ရှိရပြီး ၎င်းတို့ကို ဆူရတ်ဌာနီခရိုင် Kohsamuai မြို့ရှိ အကျဉ်းထောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က မေးမြန်းရာတွင် ဇော်လင်းက တုံ့ဆိုင်းတွေဝေနေပြီး ဇော်လင်းထွန်းကမူ အေးအေးဆေးဆေး ပြန်လည်ဖြေကြားကြောင်း ဦးထွန်းအေးက ပြောဆိုသည်။

“ဇော်လင်းက ပုံမှန်အနေအထား မဟုတ်ဘူး။ သူ့ရဲ့အနေအထားက တစ်ခုခုကများ လွှမ်းမိုးနေသလား စဉ်းစားစရာ ဖြစ်နေတယ်။ တစ်စုံတစ်ယောက်ကများ သူ့ကို ပြောထားတာရှိလို့ မေးခွန်းမေးတာကို ဖြေသင့် မဖြေသင့် စဉ်းစားနေတာလားလို့ ကျွန်တော်တို့ စဉ်းစားမိတယ်” ဟု ၎င်းက ရှင်းပြသည်။

၎င်းတို့ နှစ်ဦး အပါအဝင် စုစုပေါင်း မြန်မာသုံးဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရသည့် ညက အခင်းဖြစ်သည့်နေရာ အနီးတွင် ဂစ်တာတီးနေခဲ့ကြပြီး ဘီယာနှင့် ဝိုင် သောက်ထားသဖြင့် အမူးလွန်နေကြောင်း၊ ဗြိတိန်စုံတွဲ အသတ်ခံရသည့် ကိစ္စကို ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ရှိမရှိ မမှတ်မိဟုသာ အဆိုပါ မြန်မာနှစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးထွန်းအေးက ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြောဆိုချက်နှင့် ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်များမှာ ကွဲလွဲနေကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT) မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာတွင် တွေ့ရသည့် စီးကရက်အတို မျိုးရိုးဗီဇ (DNA) နှင့် မြန်မာများ၏ DNA တူညီနေကြောင်း ပြောဆိုထားသော်လည်း အလုပ်သမားများက ယင်းနေရာတွင် ဆေးလိပ်မသောက်ခဲ့ဟု ဖြေကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“မင်းတို့ ဆေးလိပ်သောက်လား မေးတော့ ဆေးလိပ်သောက်တယ်လို့ ပြန်ဖြေတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ ဆေးလိပ်မသောက်ဘူးလို့ ပြောပါတယ်။ သူတို့ ဆေးလိပ်သောက်တာက အခင်းဖြစ်တာနဲ့ ၂၅ ကိုက်လောက် ဝေးတဲ့ နေရာမှာပါ” ဟု ဦးအောင်မျိုးသန့်က ရှင်းပြသည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ကျန်မြန်မာတစ်ဦး ဖြစ်သည့် မောင်မောင်ကို အခြားတစ်နေရာတွင် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၎င်းကို တွေ့ခွင့်မပေးကြောင်း၊ မောင်မောင်သည် ယခုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို သိနေသဖြင့် သက်သေအဖြစ် ထိန်းသိမ်းထားသည်ဟု Kohsamuai မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုကြောင်း ဦးထွန်းအေးက ပြောကြားသည်။

ထိုင်းဥပဒေအရ တရားရုံးတွင် သက်သေအဖြစ် တင်ရန် ထိန်းသိမ်းထားသူကို တွေ့ခွင့်မရဟုဆိုကာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် 
တွ့ဆုံခွင့် ငြင်းပယ်ခံထားရသော်လည်း မောင်မောင်နှင့် တွေ့ခွင့်ရစေရန် ဆက်လက်ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းရှေ့နေသုံးဦး၊ မြန်မာရှေ့နေတစ်ဦး အပါအဝင် အဖွဲ့ဝင် ကိုးဦး ပါဝင်သည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်စုံတွဲ အသတ်ခံရသည့် အလောင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရှိခဲ့သည်။

From: The Voice 

0 comments:

Post a Comment