PR စနစ်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း မဲဆန္ဒရှင်ပြည်သူ ၄၀၀ ကျော်က ပုဇွန်တောင်မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒပြ



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း ဆန္ဒပြနေသည့် မဲဆန္ဒရှင် ပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြို့နယ်မဲဆန္ဒရှင်ပြည်သူ ၄ဝဝ ကျော်ခန့်က စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါ ဆန္ဒပြသူများသည် ပုဇွန်တောင်မြို့နယ် ပန်းခြံရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး “ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ PR စနစ် အလိုမရှိ”၊ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး နှောင့်နှေးစေမည့် PR စနစ် ဖယ်ထုတ်ပစ်”၊ “ပြည်သူ့ဆန္ဒမပါဘဲ PR စနစ် အဆိုတင်သွင်းသူ ဦးအောင်ဇင် အလိုမရှိ”၊ “ပြည်သူ့ဆန္ဒဆန့်ကျင်သူ ဒို့ရန်သူ”၊ “သင့်ကြောင့် ပုဇွန်တောင်သမိုင်း မရိုင်းစေနဲ့” စသည့်တို့ကိုကြွေးကြော်ကာ ပုဇွန်တောင်မြို့နယ်အတွင်း၌ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ပုဇွန်တောင်မြို့နယ်နေ မဲဆန္ဒရှင် တစ်ဦးဖြစ်သည့် ဦးကျော်က “ဒီ PR စနစ်ကို တစ်ပြည်လုံးနဲ့အတူ ကျွန်တော်တို့ ပုဇွန်တောင်မဲဆန္ဒရှင်တွေကလည်း မလိုလားဘူး။ ဒီစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့မဲပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်နေတယ်။ နောက်ပြီး ဦးအောင်ဇင်ဟာ ပုဇွန်တောင်သား မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ဘာလို့မဲပေးခဲ့တာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေတဲ့ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံရင်ပြီးရောဆိုပြီး ဦးအောင်ဇင်တို့ NDF ပါတီကို မဲပေးခဲ့ကြတာ။ ကိုယ်စားလှယ်စဖြစ်တဲ့ အချိန်ကနေစပြီး မြို့နယ်အတွင်းက လိုအပ်ချက်တွေကိုလည်း ဘာတစ်ခုမှ အကျိုးမဆောင်ရွက်ပေးဘူး။ မြို့နယ်အတွင်းမှာ ရုံးခန်းတောင်မရှိဘူး။ အခုဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ထို့အပြင် ဦးအောင်ဇင်ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြမှု ပြုလုပ်မည့်အကြောင်းကိုလည်း မြို့နယ်မဲဆန္ဒရှင် ပြည်သူများက စက်တင်ဘာ ၂၆ ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၆၉(ခ)တွင် “သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်” ဟု ပြဌာန်းပါရှိသည်။
Eleven

0 comments:

Post a Comment