စွမ်းဆောင်ရည်မြင့် Huawei ရဲ့ နည်းပညာသစ် Huawei Ascend Mate 7





အာရှပစိဖိတ် ဒေသမှာ စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံး သိမ်းပိုက်ထားနိုင်တဲ့ Huawei ဟာ ပြီးခဲ့တဲ့ IFA ပွဲမှာ ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး ကြေညာပြသခဲ့ပါတယ်။ အဲဒီဖုန်းကတော့ Ascend Mate 7 ပါ။ Huawei ဟာ ဒီဖုန်းနဲ့အတူ ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ ဆိုတဲ့ နာမည်ကနေ၊ ထိပ်တန်း နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုဆိုတာ ပြသနိုင်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်းနဲ့အတူ Huawei ရဲ့ တီထွင်ဆန်းသစ်မှုတွေကို တွေ့မြင်ကြရမှာဖြစ်သလို လက်ရှိ ထိပ်တန်းစမတ်ဖုန်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်။
ပထမဆုံး ဖုန်းရဲ့ ဒီဇိုင်းပုံစံကနေ စပြီးကြည့်မယ်ဆိုရင် Mate 7 မှာ အလွန်ပါးလျပြီး ကျစ်လျစ်သပ်ရပ်တဲ့ တည်ဆောက်မှုမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Huawei အတွက် ပထမဆုံး သတ္တုကိုယ်ထည် စမတ်ဖုန်းဖြစ်သလို မျက်နှာပြင်ကြီးမားပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဖုန်းတစ်လုံးအဖြစ်လည်း မှတ်တမ်းသစ် တင်နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်နဲ့ အနားသတ်ဘောင်ကြားက အကွာဝေးဟာ 2.9mm သာရှိတဲ့ အတွက် စမတ်ဖုန်းတွေထဲမှာ ဘေးဘောင်ကြီးမားတဲ့ဒီဇိုင်းပုံစံတွေကနေ ခွဲထွက်ထားပါတယ်။ ဖုန်းရဲ့အရွယ်အစားထက် မျက်နှာပြင်ဧရိယာကြီးမားမှုကို အသားပေးတည်ဆောက်ထားတဲ့အတွက် ပုံမှန်မြင်တွေ့နေကျ Huawei စမတ်ဖုန်းပုံစံတွေနဲ့ ကွဲပြားနေပါလိမ့်မယ်။ မျက်နှာပြင်အရွယ်အစားက ထောင့်ဖြတ်အလျား 6” ရှိပြီး ဖုန်းရဲ့ အရွယ်အစား(အမြင့်)က 6.18” သာရှိတဲ့အတွက် အပေါ်အောက်ဘောင် လည်း ကျဉ်းမြောင်းလှပါတယ်။ ကိုယ်ထည်ရဲ့အထူကလည်း 7.9 mm သာရှိပြီး အလေးချိန်ကလည်း 185 g သာရှိတဲ့အတွက် ဒီလို အရွယ်အစားကြီးမားတဲ့ သတ္တုကိုယ်ထည်စမတ်ဖုန်းမျိုးကို တည်ဆောက်နိုင်တဲ့ Huawei ကို အံ့သြရပါတယ်။ မျက်နှာပြင်အရည်အသွေးကလည်း 1080x1920p (368 ppi)အရည်အသွေးနဲ့ Gorilla Glass 3 ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင်နည်းပညာကတော့ IPS LCD touchscreen အမျိုးအစားဖြစ်ပါတယ်။
စွမ်းဆောင်ရည်မြင့်မားဖို့အတွက် Huawei ရဲ့ Kirin 925 Soc Chipset ကို ပွဲထုတ် အသုံပြုထားတာ တွေ့ရပါတယ်။ Kirin 925 ဟာ Huawei ရဲ့ ပထမဆုံး 8-core CPU ဖြစ်ပြီး Quad-core 1.8 GHz နဲ့ Quad-core 1.3 GHz နှစ်မျိုးကို စနစ်တကျ ထိန်းချုပ်မောင်းနှင်နိုင်စေဖို့ သီးသန့် core တစ်ခု ထပ်မံထည့်သွင်း ပေးထားပါတယ်။ အသုံးပြုတဲ့ အနေအထားပေါ်မူတည်ပြီး လိုအပ်တဲ့ core အရေအတွက်ကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်စေတာကြောင့် Huawei က CPU တည်ဆောက်မှု စနစ်ကို intelligent 8+1 core Architecture လို့ ခေါ်ဆိုထားပါတယ်။ ဒါ့အပြင် LTE Cat-6 စနစ်ဖြစ်တာကြောင့် ချိတ်ဆက်အသုံးမှုအပိုင်း ကိုလည်း မြန်ဆန်စေပါလိမ့်မယ်။ ဘက်ထရီစနစ်ကို အဓိက ချွေတာပေးနိုင်မယ့် Sensor စနစ်လည်း ပါဝင်ပြီး စွမ်းဆောင်ရည်ပိုင်းရော နည်းပညာပိုင်းပါ မြင့်မားတဲ့ ထိပ်တန်းဖုန်းလုံးဖြစ်ပါတယ်။ အသုံးပြုထားတဲ့ RAM ပမာဏကလည်း 3 GB ဖြစ်ပြီး Mali-T628 GPU ပါဝင်တဲ့အတွက် HD ဂိမ်းတွေ Video တွေအတွက်အလုံအလောက် အသုံးပြုနိုင်စေပါတယ်။ 
Huawei Mate7 မှာ နောက်ထပ်ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ ထင်မှတ်မထားလောက်အောင် ကောင်းမွန်လွန်းလှတဲ့ finger print စနစ်ပါ။ လက်ရှိ ပြိုင်ဘက်စမတ်ဖုန်းတွေမှာလည်း finger print စနစ်ပါဝင်ပြီးသားလို့ ဆိုနိုင်ပေမယ့် Mate 7 ရဲ့ finger print စနစ်က ထူးခြားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာအောက်နားမှာ ပါဝင်တဲ့ အနည်းငယ်ချိုင့်နေတဲ့ လေးထောင့်ကွက်ကလေးပေါ်ကို သတ်မှတ်ထားတဲ့ လက်ချောင်းနဲ့ တို့ထိ၊ ဖြတ်သန်းလိုက်တာနဲ့ သင်ဟာ ဒီဖုန်းရဲ့ ပိုင်ရှင် ဟုတ်လား မဟုတ်ဘူးလားဆိုတာ ချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိ finger-print စနစ်တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး 360ံ ပတ်လည် ဘယ်လိုအနေအထားမျိုးမှာမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သီးခြားသတ်မှတ်ထားတဲ့ လက်ဗွေရာ(လက်ချောင်းတွေ)ရဲ့ ပုံရိပ်ကို CPU ပေါ်က Security Engine ပေါ်မှာ သိမ်းဆည်းပေးထားပြီး ပြန်လည်အသုံးပြုတဲ့အခါ သတ်မှတ်ထားတဲ့ လက်ဗွေရာ ရတာနဲ့တစ်ပြိုင်နက် လျင်မြန်စွာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းထဲမှာပါဝင်တဲ့ Apps တွေနဲ့ တခြားအချက်အလက်တွေကိုလည်း Finger-print စနစ်နဲ့ တစ်ခုချင်းစီ lock ပြုလုပ်ထားနိုင်တဲ့အတွက် လုံခြုံရေးစနစ်မြင့်မားတဲ့ ဖုန်းတစ်လုံးအဖြစ် အသုံးပြုနိုင်ပါလိမ့်မယ်။
Huawei ရဲ့ အကောင်းမွန်ဆုံးဖုန်းတစ်လုံးအဖြစ် မှတ်တမ်းတင်နိုင်မယ့် Mate 7 မှာ နောက်ထပ် ထူးခြားချက်တစ်ရပ် ရှိနေပါသေးတယ်။ စမတ်ဖုန်းနဲ့အတူ ပါဝင်လာမယ့် နားကြပ်(earphones)ဟာ ဆူညံသံတွေလျော့ချနိုင်ပြီး ကြည်လင်ပြတ်သားတဲ့အသံစနစ်ကိုအသုံးပြုထားပါတယ်။ လက်မအရွယ်ရှိ နားကြပ်ရဲ့ အသံထိန်းချုပ်ရာနေရာလေးဟာ မြင်ကတည်းက ထူးခြားမှုတစ်ခုလို့ ထင်မိပါလိမ့်မယ်။ ဒီနေရာဟာ Mate7 အတွက် ၂ နာရီစာ ဖုန်းပြောလို့ရတဲ့ batter စွမ်းအားကို သိုလှောင်ထားပြီး ဖုန်းကို တိုက်ရိုက်အားဖြည့်နိုင် အသုံးပြုနိုင် ပါလိမ့်မယ်။ သီချင်းနားထောင်ရင်း စမတ်ဖုန်းအတွက် လိုအပ်တဲ့အားသွင်းပြီးသား ဖြစ်စေတဲ့ ဒီလုပ်ဆောင်ချက်ဟာ စမတ်ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးဖြစ်သလို အလွန် နှစ်သက်ဖွယ်ကောင်းလှပါတယ်။

0 comments:

Post a Comment