ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား....


နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ကျေးရွာ သိုက်ချောင်းလမ်းဆုံအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။


ဖြစ်စဉ်မှာ နေပြည်တော် ပျဉ်းမနား ဘောဂသီရိကားဝင်းနေ ယာဉ်မောင်းခင်ဇော် (၄၃နှစ်) မောင်းနှင်လာသည့် တပ်ကုန်း-ပျဉ်းမနား တော်ဝင်ခရီးသည်ယာဉ် ၁စ/....ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ ဦးတည်မောင်းနှင်လာစဉ် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ပြန်ကပြေးကျေးရွာနေ ယာဉ်မောင်းဇော်မင်း (၃ဝနှစ်) မောင်းနှင်လာသော ဒိုင်နာယာဉ် ၈င/.... နှင့် သိုက်ချောင်း လမ်းဆုံအနီး မိုင်တိုင် ၂၅၉/၅ နှင့် ၂၅၉/၆ ကြားတွင် မျက်နှာချင်းဆိုင်တိုက်မိကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မျက်မြင်တွေ့ရှိသူအချို့နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ဦးတည်မောင်းနှင်လာသည့် ဒိုင်နာယာဉ် ၈င/....သည် ယာဉ်မောင်းအပါအဝင် လူလေးဦးတင် ဆောင်လာကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း၊ အဆိုပါ ယာဉ်နှစ်စီးသည် အရှိန်လွန်မောင်းနှင်ကြရာမှ လမ်းလယ်တွင် ယခုကဲ့သို့ မျက်နှာချင်းဆိုင် တိုက်မိကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ ရှိခဲ့ကြောင်း၊ ဒိုင်နာယာဉ်မှာ ရှေ့ခေါင်းတစ်ခြမ်းလုံး ပျက်စီးသွားပြီး တော်ဝင်ခရီးသည်ယာဉ်မှာ ခေါင်းပိုင်းဘယ်ဘက်ခြမ်းအချို့ ပျက်စီးသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို တာဝန်ရှိသူများက နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း၊ သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုရသေးကြောင်း ၎င်းရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

တော်ဝင်ခရီးသည် ယာဉ်ပေါ်တွင်လိုက်ပါသည့် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲနေ အသက် (၅၇နှစ်)အရွယ်ရှိ ဒေါ်ညိုညိုသန်းက ''နေပြည်တော်ပျဉ်းမနား စီးပွားရေးဘဏ်ကို အမျိုးသားရဲ့ ပင်စင်သွားထုတ်ပြီး အပြန်မှာ အခုလိုဖြစ်ရပ် ကြုံတွေ့တာပါ။ လမ်းမှာလည်း ပင်ပန်းတော့ အိပ်ငိုက်နေတာ၊ ''ဂျိန်း'' ဆိုတဲ့အသံကြီး ကြားရလိုက်တော့မှ လန့်နိုးလာတာ။ လက်မှာလည်း ဒဏ်ရာအနည်းငယ် ရပါတယ်။ အဲဒါနဲ့ တာဝန်ရှိသူတွေက ဆေးရုံကို လိုက်ပို့ပေးခဲ့ပါတယ်'' ဟု ၎င်းကြုံတွေ့ ရမှုနှင့်ပတ်သက်ပြီး မြန်မာ့အလင်းသို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ဒုရဲမှူးရဲလွင် (ယာဉ်မှုစစ် တာဝန်ခံ)နှင့် ယာဉ်မှုစစ်ရဲအုပ် သောင်းထိုက်ဦးတို့က ယာဉ်မောင်းသူများကို ရွှေတွင်းကုန်းရဲစခန်းတွင် အမှုဖွင့်အရေးယူရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment