နိုင်ငံတကာ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အညွှန်းကိန်း မြန်မာအဆင့် ၁၃၄ ချိတ်


ကမ္ဘာ့စီးပွားရေး ညီလာခံအဖွဲ့ World Economic Forum က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှု အခြေပြအညွန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၄ အဆင့်မှာ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေကတော့ စင်္ကာပူက အဆင့် ၂၊ ထိုင်းနိုင်ငံက အဆင့် ၃၁၊ မလေးရှားက အဆင့် ၂၀၊ ဖိလစ်ပိုင်က အဆင့် ၆၈၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၃၄၊ ဗီယက်နမ်က ၆၈၊ လာအိုနိုင်ငံက အဆင့် ၉၃ နဲ့ ကမ္ဘောဒီးယားက အဆင့် ၉၅ တို့ ဖြစ်ပါတယ်။


ဆွစ်ဇာလန်နိုင်ငံက ၆ နှစ် ဆက်တိုက် နံပတ် ၁ နေရာကို ထိန်းထားပြီး၊ သူ့နောက်မှာ စင်္ကာပူက အဆင့် ၂ နဲ့ အမေရိကန်ပြည်ထောင်စုက အဆင့် ၃ နေရာမှာ ရှိနေတယ်လို့ ဂျနီဗာမှာ အခြေစိုက်တဲ့ အဖွဲ့ကြီးရဲ့ ထုတ်ပြန် ကြေညာချက်မှာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်ကထက် တဆင့်တက်သွားပြီး အဆင့် ၂၈ နေရာမှာ ရောက်ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးဝင် ဂီဇာပိရမစ်ကို ဘယ်လို တည်ဆောက်ခဲ့သလဲ




အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်က ရူပဗေဒ ပညာရှင်တွေကတော့ ဂီဇာပိရမစ် တည်ဆောက်ရာမှာ ကျောက်တုံးတွေကို အနား(၁၂)နားပါတဲ့ ဒိုဒက် ကက်ဂွန် (Dodecagon)ပုံစံပြောင်းပြီး သယ်ခဲ့ကြဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။ အီဂျစ်ဘုရင် ကူဖူရဲ့ ဂူသင်္ချိုင်း ဂီဇာ ပိရမစ်ကို ဘီစီ ၂၅၆၀မှာ တည်ဆောက်ပြီး ဘီစီ ၂၅၄၀မှာ ပြီးစီးတယ်လို့ အီဂျစ်သမိုင်း လေ့လာသူတွေက ယူဆခဲ့ကြပါတယ်။ ဂီဇာပိရမစ်ဟာ ကမ္ဘာ့အံ့ဖွယ် ခုနှစ်ပါးထဲမှာ ရှေးအကျဆုံးဖြစ်သလို စက်ကိရိယာ အကူအညီမပါဘဲ
လူသားတွေတည်ဆောက်တဲ့ အဆောက်အဦတွေအနက် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။


လွန်ခဲ့တဲ့နှစ်ပေါင်း (၄၅၀၀)ကျော်က ဂီဇာပိရမစ်ကြီး တည်ဆောက်ရမှာ
ကျောက်တုံးတွေကို ဘယ်လို သယ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုး ရှိခဲ့ပါတယ်။ ပိရမစ်ကြီးကို နှစ်တန်ခွဲလေးတဲ့
ကျောက်တုံးပေါင်း ၂.၄သန်းနဲ့ နှစ်(၂၀)နီးပါး တည်ဆောက်ခဲ့ရတာဖြစ်ပြီး
ကျောက်တုံးတွေကို နိုင်းမြစ်ဝှမ်းကနေ သယ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ထုံးကျောက်၊ နှမ်းဖတ်ကျောက်တွေ အသုံးပြုထားပြီး ကူဖူဘုရင် ခန်းဆောင်မှာရှိတဲ့ နှမ်းဖတ်ကျောက်တွေက အကြီးဆုံးပါပဲ။

(၁၂)နှစ်ဆက်မြောက် ဘုရင် ဒီဂျီဟူတီဟိုတက်ရဲ့ ဂူသင်္ချိုင်းမှာ ပိရမစ်တည်ဆောက်ဖို့ ကျောက်တုံးတစ်တုံးကို လူ ၁၇၂ဦး စွတ်ဖားနဲ့ဆွဲနေတဲ့ပုံ ပါဝင်နေလို့ ကျောက်တုံးသယ်ရာမှာ စွတ်ဖားတွေ အသုံးပြုကြလိမ့်မယ်လို့ ထင်မြင်ချက်ပေးကြသလို တချို့တွေက ရေစီးလမ်းဖောက်ပြီး ကျောက်တုံးတွေကို
ရေထဲမျောလိမ့်မယ်၊ ပုခက်လို ပစ္စည်းမျိုးကို သုံးခဲ့လိမ့်မယ်၊ ကွေးထားတဲ့ သစ်သားတွေကို ကျောက်တုံး တစ်ဖက်တစ်ချက်မှာထားပြီး လိမ့်ရလွယ်အောင် လုပ်ခဲ့လိမ့်မယ် ဆိုပြီး ဖြစ်နိုင်ခြေ အမျိုးမျိုး သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အင်ဒီယားနား တက္ကသိုလ်က ရူပဗေဒ ပညာရှင်တွေကတော့ ကျောက်တုံးရဲ့ မျက်နှာပြင်တိုင်းမှာ သစ်လုံးတွေချည်ပြီး ကျောက်တုံးကို ဒိုဒက်ကက်ဂွန်ပုံ
ပြောင်းလိုက်ရင် မြေပေါ်ကိုသက်ရောက်နေတဲ့ ဖိအားလျှော့ပါးစေပြီး ရွှေ့လျားပွတ်တိုက်မှုရဲ့ မြောက်ဖော်ကိန်း ၀.၃အထိ ဖြစ်သွားလို့ ကျောက်တုံးအလေးချိန်ရဲ့ ၀.၁၅ ဆ အားစိုက်ရုံနဲ့ ကျောက်တုံးကို ရွှေ့အောင်လိမ့်နိုင်လိမ့်မယ်လို့ လက်တွေ့ပြသခဲ့ပြီး ပိရမစ် ဆောက်သူတွေ အဲဒီနည်းကို သုံးခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ပိရမစ်တွေ တည်ဆောက်ကြတဲ့အခါ အမြင့်ပိုင်းနဲ့ အနိမ့်ပိုင်းကို ဆက်သွယ်ထားတဲ့ အတွင်းပိုင်းဆင်ခြေလျောလမ်းကနေ ကျောက်တုံးတွေကို ဆွဲယူပြီး စီခဲ့ကြမယ်လို့ နှစ်တော်တော်ကြာ ယူဆခဲ့ကြပေမယ့် နယူးပို့တ်က အင်ဂျင်နီယာတစ်ယောက်ကတော့ အဲဒီအယူအဆကို ပယ်ချပါတယ်။ ပိရမစ်တွေ တည်ဆောက်နည်းကို စဉ်းစားရင် ရှေးဟောင်း သုတေသီတစ်ယောက် အမြင်ထက် အင်ဂျင်နီယာ တစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ပဲ စဉ်းစားသင့်တယ်လို့ ပီတာဂျိမ်းက ပြောပါတယ်။

သူ့အယူအဆကတော့ ပိရမစ်ဆောက်တဲ့အခါ ထောင့်လေးထောင့်မှာ အရင်ကျောက်တုံးတွေစီမယ်။ အလယ်မှာ ဗဟိုချက်တစ်ခုထားမယ်။ အဲဒီဗဟိုချက်ပေါ်မှာ ရုပ်အလောင်းတွေထည့်ဖို့ ကျောက်ကန်ခန်းဆောင် တည်ဆောက်မယ်။ အတွင်းပိုင်းမှာ ပိုသေးတဲ့၊ ပိုပေါ့ပါးတဲ့ ကျောက်တုံးတွေကို ထားပြီး တစ်လွှာချင်းဆင့် တည်ဆောက်မယ်၊ ပိရမစ်အပြင်ပိုင်းမှာ ထုထည်ကြီးတဲ့ ကျောက်တုံးကြီးတွေကို အသုံးပြုပြီး ငြမ်းဆင်တည်ဆောက်မယ် ဆိုတာပါပဲ။

Nz(ရိုးရာလေး)
Ref:Dailymail

ပအို့ဝ် အဖွဲ့နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း တိုက်ပွဲ ဖြစ်ပွား


ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း လွယ်တိုင်း လျန်းဌာနချုပ် အခမ်းအနားတခုမှ စစ်သမီးများ (ဓာတ်ပုံ – ဧရာဝတီ)


ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား ယနေ့ နံနက်ပိုင်း က တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီး ဒေသရှိ နောင်တော်ကျေးရွာ၌ PNLO အဖွဲ့မှ နေအိမ်များ တည် ဆောက်နေ မှုကို RCSS /SSA က ဟန့်တားရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း PNLO ဥက္ကဌ ခွန်မြင့်ထွန်း က ဧရာဝတီ ကို ပြောပြသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ အိမ်ဆောက်တာပါ၊ ဒါကို မဆောက်ဖို့ RCSS/SSA က တားတဲ့အတွက် တိုက်ပွဲဖြစ်တာပါ၊ အဲဒီ နယ်မြေမှာ ကျနော်တို့ အိမ်ဆောက်ဖို့အတွက် အစိုးရနဲ့ကျနော်တို့ အကြား သဘောတူညီမှု ရပြီးသားပါ”ဟု ၎င်းက ပြောဆိုသည်။

RCSS/SSA အဖွဲ့မှ တာဝန်ရှိသူ တဦးက PNLO အဖွဲ့မှ နေအိမ်တည်ဆောက်နေသည့် နယ်မြေသည် ၎င်းတို့နယ်မြေ ဖြစ်ကြောင်း၊ နေ အိမ်များ ဆောက်လုပ်ရန် စတင်ပြင်ဆင်စဉ်ကပင် ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ရပ်တန့်ခြင်း မရှိ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

“ရှမ်းပြည်နယ်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူက အိမ်ဆောက်မိန့်ပေးတယ်လို့ ကျနော်တို့သိရတယ်၊ အဲဒါကြောင့် အိမ် မဆောက်ဖို့ သတိပေးတာ နောက်မဆုတ်တဲ့အပြင် တပ်တွေပါ တိုးချလာတယ်၊ အဲဒါကြောင့် ကျနော်တို့က တိုက်ခိုက်ရတာပါ”ဟု RCSS/SSA အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲသည် နံနက် ၆ နာရီဝန်းကျင်တွင် စတင်ကာ ၁၁ နာရီ ၀န်းကျင်၌ ရပ်တန့်ခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရမှုကိုမူ နှစ်ဘက်စလုံးမှ အတည်မပြုနိုင်သေးကြောင်း ပြောဆိုကြသည်။

နေအိမ် ဆောက်လုပ်မှုများအား ရပ်တန့်ရန်၊ ပအို့ဝ် တပ်များ ဆုတ်ခွာပေးရန်နှင့် ၎င်းတို့နယ်မြေ၌ လှုပ်ရှားခွင့်ပြုမည် မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် PNLO ဥက္ကဌ ခွန်မြင့်ထွန်း တို့ထံ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့်စာ၌လည်း ဖော်ပြထားသည်။

PNLO အဖွဲ့ အနေဖြင့် အကူအညီ တစုံတရာ လိုအပ်ပါကလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပေးပို့စာတွင် ပါရှိသည်။

PNLO နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

RCSS/SSA နှင့် PNLO တို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ (UNFC) က ကြားဝင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း UNFC ဒု ဥက္ကဌ နိုင်ဟံသာ က ယနေ့ကျင်းပသော NUFC ညီလာခံ နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

UNFC ကို PNLO အပါအ၀င် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။
From ဧရာဝတီ

ကချင်ပြည်နယ်မှာ တရုတ်ရေအားလျှပ်စစ်စီမံကိန်း ၂ ခု ပြီးစီး


ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုကို အစိုးရနဲ့ တရုတ်ကုမ္ပဏီ ၃ ခုတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေရာမှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စီမံကိန်း ၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


မြစ်ကြီးနားခရိုင်က ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ ချီဖွေငယ်နဲ့ ဗန်းမော်ခရိုင်က ၂၄၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

"ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနပေါ့လေ၊ အမှတ် ၅ တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံး မြို့ပြရုံးခွဲနဲ့ သက်ဆိုင်ရာကုမ္ပဏီများ၊ ကျနော်တို့ CPI ရယ်၊ YPIC ရယ်၊ DUHD ရယ် ဒီ ၃ ခုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်၊ အားလုံးက ၁၄ ခုပေါ့လေ၊ မြစ်ဆုံကလွဲလို့ ကျန် ၁၃ ခုမှာ ကျနော်တို့ ချီဖွေငယ် စီမံကိန်းနဲ့ တာပိန် (၁) စီမံကိန်းက ၁ဝဝ ရာခိုင်နှုန်း ဆောက်ရွက်ပြီးသားဖြစ်ပါတယ်၊ ကျန်တဲ့ရေအားလျှပ်စစ်စီမံကိန်းက အကျိုးတူဆောင်ရွက်ဖို့ ကျနော်တို့ စူးစမ်းလေ့လာနေဆဲဖြစ်ပါတယ်"

အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီ ၃ ခုက Yunnan Provincial Investment Holding Group၊ China Power Investment နဲ့ Datang United Hydropower Developing ကုမ္ပဏီတွေ ဖြစ်ပါတယ်။

စီမံကိန်းပြီးစီးခဲ့တဲ့ ချီဖွေငယ်စီမံကိန်းက ထွက်ရှိလာတဲ့ ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေပြီး တာပိန်(၁) စီမံကိန်းကထွက်တဲ့ ဓါတ်အားတွေထဲက ၁၉ ရာခိုင်နှုန်းကို ပြည်နယ်အတွင်းမှာ ဖြန့်ဖြူးနေသလို တရုတ်ပြည်ဘက်ကို တင်ပို့နေတယ်လို့လည်း သိရပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထွက်မယ့် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

RFA Burmese

MPT လာတော့ Ooredoo ငုတ်တုပ်မေ့


မြန်မာနိုင်ငံတယ်လီကွန်းလောက အပြောင်းအလဲအစဖြစ်သော (၂၀၁၄)ခုနှစ် အတွင်း အစိုးရမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အပြိုင် နိုင်ငံတကာဆက်သွယ် ရေးလုပ်ငန်းကြီးများကိုပါ နိုင်ငံတွင်း ရင်း နှီးမြှုပ်နှံခွင့်ပြုခဲ့ရာ ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ဗဏီ Ooredoo နှင့် နော်ဝေ အခြေစိုက်ဆက်သွယ်ရေး ကုမ္ဗဏီ Telenor တို့က လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။ အဆိုပါ ကုမ္ဗဏီနှစ်ခုလုံးလည်း အစိုးရခွင့်ပြုသည်နှင့် တပြိုင်နက် အရင်းအနှီးများစွာဖြင့် မြန်မာ့ဆက်သွယ်ရေးဈေးကွက်ကို ဖြန့်ကြက်ခဲ့ပြီး လူထုစိတ်ဝင်စားမှုလည်း ရရှိခဲ့သည်။ စက်တင်ဘာ ၂ ရက်ကစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကလည်း ဂျပန်စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်သော Sumitomo၊ KDDI တို့နှင့် ပူးပေါင်းပြီး ၁၅၀၀ ကျပ်တန် ဆင်းကဒ်များ စတင်ဖြန့်ချိခဲ့ရာ ရောင်းမလောက်ဖြစ်ခဲ့ပြီး Ooredoo ဆင်းကဒ်ရောင်းချရမှုအား သိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။
“အစ်ကိုတို့ ဆိုင်တောင်မဖွင့်ရဲဘူး၊ ဒီလူအုပ်ကြီးနဲ့ ဆိုင်ထဲတိုးဝင်လာရင် ဆိုင်ကပစ္စည်းတွေ ပျောက်ဆုံးသွားမှာ ကြောက်လို့”ဟု ရန်ကုန် ပန်းဆိုးတန်းလမ်းပေါ်ရှိ ဖုန်းဆိုင်ပိုင်ရှင်တဦးက သူ၏ဆိုင်အရှေ့တွင် MPT ဆင်းကဒ်ဝယ်ယူရန် စောင့်ဆိုင် တိုးဝှေ့နေသော လူအုပ်ကို ညွှန်းပြ ပြောဆိုသည်။ တချိန်တည်းမှာပင် သူ့ဆိုင်နှင့် ကိုက် ၁၅၀ လောက်အကွာတွင်ရှိသော Ooredoo အရောင်းကိုယ်စားလှယ်ဆိုင်တွက်မူ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

သြဂုတ်လ ၂ ရက်တွင် ကာတာ ကုမ္ဗဏီ Ooredoo က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီး(၃)မြို့တွင် ဖုန်းဆင်းကတ်များကို (၁၅၀၀)ကျပ်ဖြင့် ဖြန့်ချိခဲ့ပြီး သြဂုတ်လ (၂) ရက်မှ (၁၅) ရက်နေ့အထိ စမ်းသပ်ကာလအဖြစ် သတ်မှတခဲ့ကာ အခွင့်အရေးများစွာဖြင့် ပြည်သူလူထုကို စတင်ဆွဲဆောင်ခဲ့သည်။

“Ooredoo အနေနဲ့ ဆင်းကတ် စတင်ဖြန့်ချိဖို့ (၂)လလောက်အလို ကတည်းက ဈေးကွက်ဖြန့်ကြက်ပါတယ်။ ဖုန်းဆိုင်တွေကို လိုက်မေးတယ်။ Ooredoo ကိုယ်စားလှယ်လုပ်မလားပေါ့။ အဲဒီနေရာမှာလည်း အဆင့်သတ်မှတ်ခွဲခြား ထားပါတယ်။ ကိုယ်စားလှယ် ရွှေအဆင့်၊ ငွေအဆင့်၊ ကြေးအဆင့်ဆိုပြီး ရှိတယ်။ ရွှေအဆင့်အဖြစ် သတ်မှတ်တဲ့ဆိုင်ကတော့ Ooredoo ရဲ့ ဆင်းကတ်ကလွဲပြီး အခြား ကတ်ရောင်းခွင့်မရှိဘူး။ သူတို့ဘက်ကလည်း အကောင်းဆုံး အခွင့်အရေး ပြန်ပေးတယ်။ ငွေအဆင့်၊ ကြေးအဆင့်ဆိုတာ ကတော့ Ooredoo ကိုလည်း ကိုယ်စားလှယ်အနေနဲ့ ရောင်းပေးမယ်။ အခြား ဆင်းကတ်တွေပေါ်လာရင်လည်း ရောင်း မယ်။ အဲဒီသဘောပေါ့။ အခွင့်အရေး ရပိုင် ခွင့်ကတော့ နည်းသွားမယ်။ အခုကျတော့ MPT အနေနဲ့ကလည်း (၁၅၀၀)တန် GSM နဲ့ WCDMA တွေလိုသလောက် ရောင်းနေပြီဆိုတော့ Ooredoo အပေါ် ပြည်သူစိတ်ဝင်စားမှုက သိသိသာသာ ကျဆင်းသွားတယ်။ အ၀ယ်မရှိသလောက် ဘဲ။ ဒီလို အော်ပရေတာတွေ အားပြိုင်တဲ့ အခါ MPT ကတော့ လူထုစိတ်ဝင်စားမှု အရှိဆုံးပါပဲ””ဟု ရန်ကုန်မြို့တွင်း Ooredoo နှင့် ရွှေအဆင့်ကိုယ်စားလှယ် ဆိုင်တဆိုင်မှ မန်နေဂျာ ကိုမင်းသန့်က ပြောသည်။
ယခုကဲ့သို့ အထူးရောင်းကိုယ်စားလှယ်များကို Ooredoo မှ ခံစားခွင့်များအဖြစ် ဆိုင်အပြင်အဆင်၊ ကုန်ပစ္စည်းနှင့် ပတ်သက်သည့် ပံ့ပိုးမှုများ၊ Marketing ဈေးကွက်အချို့နှင့် Ooredoo ဆင်းကတ် နှင့် ဟန်းဆက်ပစ္စည်းရောင်းအားအလိုက် ရာခိုင်နှုန်း အချိုးကျခွဲပေးသည့် အခွင့်အရေးများ ပေးထားကြောင်း Ooredoo မှ သိရသည်။
“အခုဟာက စပြောတုန်းကနဲ့ သူတို့လုပ်ပုံက မညီဘူး။ Ooredoo ကတ် တွေရောင်းဖို့လာပြောတုန်းက ရန်ကုန်မှာ ဆိုကြိုက်တဲ့နေရာခေါ် လိုင်းကောင်းစေရ မယ်။ အင်တာနက်လိုင်းလည်း ကောင်းတယ်။ အရောင်းကိုယ်စားလှယ်တွေကို ခံစားခွင့်ကောင်းကောင်းလည်းပေးတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ရောင်းပေး တယ်။ စမ်းသပ်ကာလမှာတော့ လိုင်းက ရေလည်ကောင်းတယ်။ အဆင်ပြေတယ်။

အဲတရားဝင်လုပ်ငန်းလည်းစရော ပြည်သူ ကမကြိုက်တော့ဘူး။ လိုင်းမမိဘူး။ ငွေ ဖြတ်တာ ကြမ်းတယ်။ အဲဒီလိုတွေ ပြော လာပြီး ရောင်းအား လုံးဝကျသွားတယ်။ကျွန်တော်တို့က အထူးအရောင်းကိုယ်စား လှယ်မဟုတ်တဲ့အတွက် နောက်ထပ် ဆင်းကတ်အသစ်တွေထွက်လာရင်လည်း ရောင်းဦးမှာပါ။ သူတို့ပေးတဲ့ အခွင့်အရေး တွေလည်း မလိုချင်တော့ဘူး။ အခု MPT ကတ်တွေကိုပဲ အားလုံးစိတ်ဝင်စားနေတယ်။ Ooredoo ဈေးကွက်ကတော့ မရှိ သလောက်ဖြစ်သွားပြီ”ဟု ကျောက်တံတား မြို့နယ်မှ ငွေအဆင့်အရောင်းကိုယ်စား လှယ် ကိုဇော်မင်းက ပြောသည်။
“ဒီအတိုင်းဆက်သွားမယ်။ ပြည်သူ ကို ၀န်ဆောင်မှု မမြှင့်တော့ဘူးဆိုရင်တော့ MPT ဈေးကွက်က ပိုကျယ်လာနိုင်တယ်။ လက်ရှိမှာလည်း Ooredoo ဈေးကွက်က မရှိသလောက်ကို ဖြစ်သွားပြီ။ Ooredoo ဘက်ကတော့ ဘာဆက်လုပ်ဦးမလဲ မသိ ပေမယ့် လက်ရှိ အခြေအနေကတော့ ကိုယ်စားလှယ်တွေက MPT ဘက်ကို စိတ်အားထက်သန်နေပါတယ်”ဟု ကိုမင်းသန့်က ပြောသည်။

MPT ဆင်းကဒ်များသည် မှောင်ခိုဈေးကွက်တွင် ရောင်းဈေးထက် ၁၀ဆကျော်မကသော ဈေးနူန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်။
“နံပါတ်လှတယ်၊ အပူးလေးတွေ ၁ ကဒ် ၂ ပုလင်း..”။ ယင်းမှာ MPT ဆင်းကဒ်ရရှိရေး တိုးဝှေ့နေသော ဖုန်းဆိုင်အရှေ့ လူအုပ်ကြီးအတွင်မှ ထွက်ပေါ်လာသော မှောင်ခိုသမားတဦး၏ အော်သံဖြစ်သည်။
လက်ရှိတွင် Ooredoo ဆင်း ကတ်သုံးစွဲသူဦးရေမှာလည်း ၁ ဒသမ ၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်း Ooredoo ထံမှ သိရသည်။
“လက်ရှိ တာဝါတိုင်အသစ် စိုက်ထူမှုတွေ နေ့စဉ်ပြုလုပ်နေတယ်။ ပြည်သူရဲ့ အသံကိုလည်း အမြဲနားထောင်နေတယ်။ အစီအစဉ်အသစ်တွေလည်း ထပ်မံလုပ် ပေးဖို့ရှိတယ်။ အခုကတော့ ပုံမှန်အတိုင်း ဆက်သွားနေပါတယ်။ MPT အနေနဲ့လည်း ပြည်သူ့အတွက်လုပ်တာဆိုတော့ ဘာမှပြောစရာမရှိပါဘူး။ ပြည်သူတွေ အဆင်ပြေရင်တော့ ကောင်းပါတယ်။ အခြား အထွေအထူးထုတ်ပြန်စရာတော့ မရှိပါဘူး။ ကိုယ်စားလှယ်တွေအနေနဲ့ လည်း နှစ်ဦးသဘောတူအစကတည်းက စာချုပ်ချုပ်ထားတာတွေရှိပါတယ်။ ထိုက်တန်တဲ့ အခွင့်အရေးတွေလည်း ပေးနေပါတယ်။ ကျန်တာတော့ သူတို့အပိုင်း ပါ””ဟု Ooredoo မှ ပြန်ကြားရေး တာဝန်ခံ မသီရိကြာညိုက ပြောသည်။

ယခုကဲ့သို့ Ooredoo နှင့် MPT တို့၏ ဈေးကွက်လှုပ်ရှားမှုများကြောင့် ရန်ကုန်ဟန်းဆက် ဈေးကွက်မှာလည်း နှစ်ဆခန့် ရောင်းအား မြင့်တက်သွားပြီး ဈေးနှုန်းများမှာလည်း ပုံမှန်ထက် အနည်းငယ်ပိုနေကြောင်း ပန်းဘဲတန်းမြို့နယ်မှ ဟန်းဆက်အရောင်း ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
စက်တင်ဘာလအတွင်း တယ်လီနောကလည်း ဆင်းကတ်များကို စတင် ရောင်းချမည်ဟု ကြေညာထားရာ မြန်မာ့ ဆက်သွယ်ရေးလောက၏ ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာမည်မှာ သေချာသည်။ လတ်တလောတွင် MPT ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် Ooredoo ငုတ်တုတ်မေ့နေလေသည်။

မြတ်ထွဋ်ကျော်၊ မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကိုထင်ကျော်ကို နောက်ထပ် ထောင်ဒဏ် ၄ လ ချမှတ်


‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်၊ တရားမ၀င်စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုကျော်လွင်က အခုလို ပြောပါတယ်။

"၁၈ ရက် ၄ လပိုင်းက ပြည်ထောင်စုအစိုးရကို အလိုမရှိပေါ့၊ ဆန္ဒပြတာကို ၅၀၅ (ခ) နဲ့ အရေးယူတယ်၊ ညပိုင်းမှာ ဖယောင်းတိုင်မီးထွန်းပြီးတော့ ဆန္ဒထုတ်ဖော်တာကို ပုဒ်မ (၁၈) နဲ့ ၄ လ ချတယ်၊ ပုဒ်မ (၁၈) နဲ့က ကျောက်တံတားမှာ ၃ လ၊ သမီးကလေးကျေးရွာကို ဆန္ဒပြလို့၊ နောက်ပြီးတော့ ဗဟန်းမှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို မရမ်းကုန်း ပြည်သူတွေခေါ်သွားလို့ အဲ့ဒီမှာလည်း ၃ လ၊ အခုဒီမှာထပ်ချတာက ၄ လ"

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို မြို့နယ် ၁၁ မြို့နယ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်အပါအ၀င် ၉ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြို့နယ် ၉ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) အတွက် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၈ နှစ်နဲ့ ၆ လ ကျခံရမှာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကိုထင်ကျော်ကို ရွှေပြည်သာမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမိန့်ချမှာဖြစ်ပါတယ်။

RFA Burmese

ရှမ်းပြည်နယ် မိုင်းလားမှာ ကြီးထွားနေတဲ့ ပြည့်တန်ဆာ လုပ်ငန်း


မိုင်းလား မြို့လယ်ကောင်မှ ပြည့်တန်ဆာများ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

မြန်မာနိုင်ငံရှိ ဥပဒေများအရ ပြည့်တန်ဆာ လုပ်ငန်းသည် တရားဝင်လုပ်ငန်း မဟုတ်သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မိုင်းလားတွင် ပြည့်တန်ဆာလုပ်ငန်းက တရားဝင် အလွယ် တကူ ထိတွေ့ လုပ်ကိုင်နိုင်သော လုပ်ငန်းတခု ဖြစ်နေသည်။

မိုင်းလားမြို့လယ်ကောင် တံတား ၂ ခု တွင် ဒါဇင်နှင့်ချီသော တရုတ် ပြည့်တန်ဆာများရှိနေပြီး အဝတ်အစား မလုံ့တလုံ ဝတ်ထားသည့် အမျိုးသမီး များက သူတို့၏ ကိုယ်ခန္ဓာအလှအပ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များဖော်ပြ ထားသည့် လိပ်စာကတ်များကို သူတို့အနီးအနားမှ ဖြတ်သန်းသွားလာသူ မှန်သမျှကို လိုက်လံဝေငှပေးနေ သည်။

အလုပ်ဖြစ်နိုင်သည့် ဖောက်သည် အမျိုးသား များ ရောက်လာပြီဆိုလျှင် သူတို့က စတင်ဈေးညှိကြ သည်။ များသောအားဖြင့် အပြန်အလှန် ပြောဆိုမှု အတွက် ဒေသခံအများစုသုံးစွဲကြသည့် တရုတ်ဘာသာ စကားကို အဓိကအသုံးပြုကြသည်။ ဈေးတည့်သွား ပြီဆိုလျှင်တော့ မိုင်းလားမြို့ရှိ ဟိုတယ်တခုဆီသို့ ရောက်ရှိသွား ကြသည်။ မိုင်းလားမြို့သည် မြန်မာ နိုင်ငံ အရှေ့ပိုင်းမှ အထူးဒေသ (၄) ဟု သိကြသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော်ဖြစ်သည်။

ပြည့်တန်ဆာလုပ်ငန်းသည် အိမ်နီးချင်း ထိုင်း နိုင်ငံ၊ ဥရောပမှ နယ်သာလန်နိုင်ငံ အစရှိသည့် ကမ္ဘာ့နေရာ အချို့တွင် တရားဝင် လုပ်ကိုင်ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ တရားမဝင် လုပ်ငန်းအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။

မိုင်းလားတွင် လောင်းကစားနှင့် တိရစ္ဆာန်များ ကုန်သွယ်ခြင်းနှင့်အတူ ပြည့်တန်ဆာလုပ်ငန်းသည် လည်း ကြီးထွားရှင်သန်နေသည်။ တရုတ်နိုင်ငံဘက်မှ ရောက်လာကြသည့် ဧည့်သည်များကြောင့် ပြည့်တန် ဆာ လုပ်ငန်းက ပိုမိုကြီးထွားလာခဲ့ပြီး ကိုယ်ခန္ဓာကို အရင်းအနှီးပြု၍ စီးပွားရှာဖွေသူ ပြည့်တန်ဆာ အမျိုးသမီး အမြောက်အမြား ရှိလာ သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရ သည့် သားကောင်များသည် တရုတ် နိုင်ငံသို့ ရောက်ရှိသွားသည်က များ သော် လည်း မိုင်းလားမှာတော့ ပြောင်းပြန် ဖြစ်နေသည်။ တရုတ် အမျိုးသမီး ပြည့်တန်ဆာများသည် မိုင်းလား မြို့သို့ ဝင်ရောက်၍ စီးပွား ရှာဖွေကြသည်။

၂၀ဝ၈ ခုနှစ် စီချွမ်ငလျင်သည် တရုတ် အမျိုးသမီးများကို မိုင်းလားတွင် လိင် အလုပ်သမအဖြစ် အသက်မွေးရန် တွန်းပို့စေခဲ့သော အကြောင်းအရင်းတရပ် ဖြစ်သည်ဟု မိုင်းလား ဒေသခံ ရွှေကုန်သည် ရှမ်းတိုင်းရင်းသူ အမျိုး သမီး တဦးက ပြောသည်။

မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် အမျိုးသမီး အမြောက်အမြား စားဝတ်နေရေး ကျပ် တည်း ဘဝ ပျက်၍ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိခဲ့ရသည့် နည်းတူပင် စီချွမ်ငလျင်ကြောင့် ဒုက္ခဖြစ်၍ ကျန်ရစ် ခဲ့သော ခိုကိုးရာမဲ့ တရုတ်အမျိုး သမီးများ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိ ခဲ့သည်။

တရုတ်လုပ်ငန်းရှင်များသည် တရုတ်အမျိုးသမီး များကို မိုင်းလားတွင် အလုပ်အကိုင် ရရှိနိုင်မည်ဟု ဆွဲဆောင် သိမ်းသွင်းပြီး နယ်စပ်ကို ဖြတ်ကျော်ခေါ် ဆောင်လာခဲ့ရင်း မိုင်းလားရောက်ရှိချိန်တွင် ပြည့် တန်ဆာများအဖြစ် အသွင်ပြောင်းခံရမှုများရှိသည်။

“သူတို့ကို ၁ လလောက် အလုပ်ထဲကို မသွင်း သေးဘူး။ သူတို့ကို အလှပြင်ဆိုင်တွေမှာ နေခိုင်း တယ်။ အလှပြင်ပေးပြီး နောက်ဆုံးမှာတော့ ပြည့် တန်ဆာလုပ်ဖို့ သူတို့ သဘောတူလိုက်ရတယ်” ဟု ဒေသခံ ရှမ်း အမျိုးသမီးတဦးက ပြောသည်။

မိုင်းလားဒေသ အာဏာပိုင်များကလည်း တရုတ်လူမျိုးများ နေ့စဉ် တရားမဝင် လာရောက်နေ သည်ကို အရေး မယူဘဲ ကြည့်နေခဲ့သဖြင့် တရုတ် အမျိုးသမီးများ ဗီဇာမရှိဘဲ မိုင်းလားဒေသသို့ ဝင် ရောက်လာပြီး ပြည့်တန်ဆာ လုပ်နေကြသည်။

“သူတို့က လူမြင်ကွင်းမှာပဲ ဆွယ်နေကြတာ။ ဒါပေမယ့် သူတို့ဘာမှမဖြစ်ဘူး။ အရေးမယူဘူး။ တရားမဝင် နေတာတောင်မှ လွတ်လွတ်လပ်လပ် နေလို့ရတယ်” ဟု မိုင်းလားဒေသခံတဦးဖြစ်သော ကိုမင်းသူက ပြော သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ ၄ ကိုအုပ်ချုပ်နေသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မှ ကိုယ်စားလှယ်တဦးကို တွေ့ဆုံ မေးမြန်းခွင့်ရရန် ဧရာဝတီက မေတ္တာရပ်ခံခဲ့သော် လည်း ငြင်းပယ်ခံခဲ့ရသည်။

ပြည့်တန်ဆာများက မိုင်းလား မြို့လယ်ကောင် လမ်းမများပေါ်တွင်သာ ဖောက်သည်ရှာကြသည် မဟုတ်ဘဲ မိုင်းလား မြို့ရှိ ဟိုတယ်ခန်းများတွင်လည်း ပြည့်တန်ဆာများ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များပါဝင်သည့် လိပ်စာ ကတ် များ လာရောက်ပစ်ချပေးခြင်းဖြင့် လည်း ဖောက်သည်ရှာကြသည်။ မိုင်းလားမြို့ရှိ တချို့ ဟိုတယ်များက ပြည့်တန်ဆာ များ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များကို ဟိုတယ်ခန်းများတွင် ကြော်ငြာပုံစံ ချိတ်ဆွဲဖော်ပြပေးထားပြီး ယင်းသို့ ဖော်ပြမှုအတွက် ပြည့်တန်ဆာများထံမှ ပိုက်ဆံယူလေ့ရှိသည်ဟု သိရှိရသည်။

ပြည့်တန်ဆာ အများစုသည် တရုတ်အမျိုးသမီး များဖြစ်သော်လည်း မိုင်းလားတွင် မြန်မာပြည့်တန်ဆာ အမျိုး သမီး များလည်း ရှိနေပါသည်။ မြန်မာအမျိုးသမီး ပြည့်တန်ဆာများကမူ တရုတ်ပြည့်တန်ဆာများကဲ့သို့ မဟုတ် ဘဲ အအေးဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်များအတွင်းတွင် ဖောက်သည်များကိုစောင့်ဆိုင်း နေတတ် ကြ သည်။ သူတို့၏ ဖောက်သည်အများစုမှာ တရုတ်လူမျိုးများ ဖြစ်သည့်အတွက် ဈေးနှုန်းညှိနှိုင်း ရာတွင် ဘာသာ စကား အခက်အခဲနှင့် ကြုံတွေ့ရလေ့ ရှိသည်ဟု သိရှိရသည်။ သို့သော်လည်း သူတို့၏ ဝင်ငွေ သည်လည်း နည်းပါး ခြင်းမရှိဟု ပြည့်တန်ဆာ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောပြသည်။

မြန်မာအမျိုးသမီး ပြည့်တန်ဆာ အများစုသည် ရန်ကုန်မှ လာရောက်သူများဖြစ်ကြပြီး ရန်ကုန်ထက် ပို၍ ငွေရှာနိုင် ခြင်းကြောင့် မိုင်းလားသို့ လာရောက် အလုပ်လုပ်ကြခြင်းဖြစ်သည်။ မိုင်းလားတွင် တလ လျှင် ယွမ်ငွေ ၂၅၀ဝ (မြန်မာငွေ ကျပ် ၄၀ဝ၀ဝ၀ ခန့်) မှ ယွမ် ၄၀ဝ၀ (မြန်မာငွေ ကျပ် ၆၄၀ဝ၀ဝ ခန့်) အထိ ရရှိနိုင်သည်ဟု မြန်မာ အမျိုးသမီး လိင် အလုပ်သမတဦးဖြစ်သူ မခိုင်က ပြောပြသည်။

“ပြီးခဲ့တဲ့ ၂ လလောက်ကမှ ကျမရောက်လာ တာ၊ ဒီမှာက ရန်ကုန်မှာထက် ပိုက်ဆံပိုရှာလို့ ရတယ်” ဟု ရန်ကုန်သူ မခိုင်က ပြောဆိုသည်။
ဧရာဝတီ

စပါးနှင့် ဝက်စ်ဟမ်းပွဲတွင် ကွင်းထဲပြေးဝင်ပြီး အလွတ်တည်ကန်ဘော ကန်ခဲ့သူကို တရားသူကြီးချီးကျူး


လန်ဒန်− ပရီးမီးယားလိဂ်၏ ယခု နှစ် ဘောလုံးရာသီ ပထမဆုံး သီ တင်းပတ်အတွင်း စပါးက ဝက်စ် ဟမ်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ သော ပွဲတွင် စပါးအသင်းရရှိထား သော အလွတ်တည်ကန်ဘောအား ကွင်းထဲပြေးဝင်၍ ကန်ခဲ့သည့် ဝက်စ်ဟမ်းပရိသတ် ဂျော်ဒန်ဒန်း (၂၂)နှစ်ကို တရားသူကြီးက ချီး ကျူးစကား ဆိုခဲ့သည်။


ဂျော်ဒန်ဒန်းကို အမှုထမ်းများက ဘောလုံးကွင်းထဲမှ ဆွဲထုတ်သွားခဲ့ပြီးနောက် ၎င်းသည် အချုပ်ခန်းထဲတွင် တစ်ညနေခဲ့ရသည်။ ယင်းပြစ်မှုမျိုးအတွက် အမြင့်ဆုံး ဒဏ်ငွေ ပေါင် ၅,၀၀၀ နှင့် ဘောလုံးပွဲကြည့်ခွင့် ၁၀ နှစ်အထိ ပိတ်ပင်ခံရနိုင်သော်လည်း တရားသူကြီး ဂါရက်ဘရန်စတွန်က ဒဏ်ငွေ ၃၀၅ ပေါင်သာ ဒဏ်ရိုက်ခဲ့ပြီး ဘက်ဟမ်းကဲ့အား အလွတ်တည်ကန်ဘောကို ဝေ့ဝိုက်ကန်ခဲ့သည်ဟု ဂျော်ဒန်ဒန်းကို ချီးကျူးခဲ့သည်။

ဒန်းက ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိသည်ဘီယာခြောက်ဘူးမျှ သောက်ထားပြီး ယခင်ကပင် ဆန္ဒရှိသော လုပ်ရပ်တစ်ခုကို လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ၎င်းသည် ဒဏ်ငွေပေးဆောင်ရန် လိုအပ်သောငွေကို အလှူခံရန် Go Fund Me ဝက်ဘ်ဆိုက်တွင် ကြိုးပမ်းခဲ့ပြီး တစ်ရက်အကြာတွင် လိုအပ်သော ငွေအပြည့်အဝနီးပါး ရရှိခဲ့သည်။

၎င်း၏ အလွတ်တည်ကန် ဘောမှာ စပါးအသင်းမှ အဲရစ်ဆင် ကန်သွင်းခြင်းထက် ကောင်းမွန်သည်ဟု အွန်လိုင်းတွင် ပရိသတ်တစ်ဦးက ရေးသားဖော်ပြပြီး ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ဝေဖန်ချီး ကျူးမှု များပြားခဲ့သည်။

—Ref: AFP

နှလုံးရောဂါအကြောင်း သိကောင်းစရာ




နှလုံးရောဂါနှင့်ပတ်သက်၍ သိ ထားသင့်သည့် အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ နှလုံးရောဂါနှင့်ပတ်သက်၍ သေဆုံးမှု အများဆုံးမှာ နှလုံးရောဂါခံစားရပြီး ပထမဆုံးအချိန်အတွင်း ဖြစ်ပွားလေ့ရှိသောကြောင့် နှလုံးရောဂါထလာကြောင်း သံသယရှိပါက ကျန်းမာရေး အရေးပေါ်ဌာနသို့ ဆက်သွယ်ပါ။


နှလုံးရောဂါ လက္ခဏာအများစုတွင် ရင်ဘတ်အလယ်တည့်တည့်၌ မိနစ်အနည်းငယ်ထက်ပို၍ မသက်မသာခံစားရခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း ပျောက်သွားပြီးမှ ပြန်ပေါ်လာလိုက်ဖြစ်တတ်သည်။ လက်နှစ်ဖက်လုံး (သို့မဟုတ်) တစ်ဖက်၊ လည်ပင်း၊ မေးရိုး (သို့မဟုတ်) အစာအိမ်နေရာတွင် နာကျင်သည်ဟု ခံစားရခြင်းမှာ နှလုံးရောဂါ အချက်ပြမှု ဖြစ်နိုင်သည်။ ရင်ဘတ် မသက်မသာဖြစ်ခြင်းနှင့်အတူ (သို့မဟုတ်) မဖြစ်ဘဲ အသက်ရှူချိန် တိုတောင်းခြင်းလည်း ဖြစ်တတ်သည်။

သင်ပုံမှန်ကြုံနေကျ မဟုတ်သော ခန္ဓာကိုယ်တွင်း ခံစားမှုများကို အလေးထားစောင့်ကြည့်ပါ။ ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အားနည်းသလို ခံစားရခြင်း၊ အလွန်မောပန်းနွမ်းနယ်ခြင်း (သို့မဟုတ်) ပြိုလဲတော့မလို ခံစားရခြင်းတို့ကဲ့သို့ လက္ခဏာများကို အလေးထားစောင့်ကြည့်ပါ။ ယင်းလက္ခဏာများကို အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိသည်။

နှလုံးရောဂါထချိန်တွင် နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု အနှာင့်အယှက်ဖြစ်ပြီး နှလုံးကြွက်သားဆဲလ်များ စတင်သေဆုံးခြင်းကြောင့် ရင်ဘတ်နာကျင်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ရင် ဘတ်နာကျင်မှု မရှိဘဲ အထူးသဖြင့် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည်။ နှလုံးရောဂါအများစုမှာ ရင်ဘတ်ပိုင်း အတန်အသင့်နာကျင်ခြင်း (သို့မဟုတ်)မသက်မသာဖြစ်ခြင်းနှင့်အတူ ရောဂါတဖြည်းဖြည်း ရင့်လာလေ့ရှိသည်။

မည်သူမဆို နှလုံးရောဂါဖြစ်နိုင်ပြီး ရောဂါရှိခြင်းကို မသိရှိဘဲဖြစ်နေနိုင်သည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါဖြစ်နိုင်ခြေပိုများသည့် နှလုံးရောဂါမှာ မည်သည့်အချိန်တွင်မဆို ရောဂါဖောက်လာနိုင်သော်လည်း အများစုမှာ နံနက်စောစောတွင် ရောဂါထလေ့ရှိသည်။ နှလုံးရောဂါထခြင်း၏ ၄၀ ရာခိုင်နှုန်းကို နံနက် ၆နာရီနှင့် နေ့လယ်အချိန်ကြားတွင် ဖြစ်ပွားလေ့ရှိသည်။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးမှု ၂၉ ရာခိုင်နှုန်းမှာ နံနက်တွင် ဖြစ်ပွား လေ့ရှိသည်။

နှလုံးရောဂါထလာပြီဟု သံသယရှိပါက လူနာတင်ယာဉ်ချက်ချင်းခေါ်ပြီး အေးအေးဆေးဆေးထိုင်နေ(သို့မဟုတ်) လဲလျောင်းနေပါ။ ၃၀၀ မီလီဂရမ်ရှိ အက်စပရင်ဆေး(အကိုက်အခဲပျောက်ဆေး) တစ်လုံးဖြည်းဖြည်းချင်းဝါးစားပါ။ အက်စပရင်ဆေးက နှလုံးပျက်စီးမှုကို လျှော့ချရန် (သို့မဟုတ်) အန္တရာယ်ရှိသည့် သွေးခဲမှု ဖြစ်ပေါ်ခြင်းကို လျှော့ချရန် ကာကွယ်ပေးနိုင်သည်။ အိမ်တံခါးကို အလွယ်တကူ ၀င်ထွက်နိုင်ရန် သော့မခတ်ဘဲထားပါ။ မည်သည့် အစားအသောက်မှ မစားမသောက်ပါနှင့်။ တစ်စုံတစ်ဦးကို သင်နှင့်အတူ စောင့်နေခိုင်းပါ။

နှလုံးရောဂါ ဒုတိယတစ်ကြိမ် ခံစားရမည့် အန္တရာယ်များကို လေ့ ကျင့်ခန်းလုပ်ခြင်းက လျှော့ချပေးနိုင်သော်လည်း အန္တရာယ်ကင်းသော လေ့ကျင့်ခန်းမျိုး ဖြစ်စေရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ လမ်းလျှောက်ခြင်း၊ ပေါ့ပေါ့ပါးပါး ပြေးခြင်း၊ စက်ဘီးစီးခြင်း (သို့မဟုတ်) နှလုံးကြွက်သားများ အားကောင်းစေမည့် ရေကူးခြင်းကဲ့သို့ နှလုံးကျန်းမာရေး အထောက်အကူပြုမည့် လေ့ကျင့်ခန်းမျိုးကို ဆရာဝန်က လမ်းညွှန်ပါလိမ့်မည်။ ဆရာဝန်မညွှန်ကြားမီအထိ မည်သည့်လေ့ကျင့်ခန်းမျိုးမှ သင့်သဘောဖြင့် စမလုပ်ပါနှင့်။
7 Day

MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများအား လမ်းဘေးလွှင့်ပစ်ထားသည့်အတွက် လျှောက်ထားသူများ ဒေါသထွက်




ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနီးရှိ ဆမ်ဆောင်းမိုဘိုင်းဖုန်းအရောင်းဆိုင်တခုမှ MPT ကျပ် ၁၅၀၀ တန် ဆင်းကတ်လာရောက် လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများအား လမ်းဘေးလွှင့်ပစ်ထားသည်ဟုဆိုကာ ဖုန်းလျှောက်ထားသူများက စိတ်ဆိုးဒေါသ ထွက်ခဲ့ကြပြီး အချင်းများမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက်မှစ၍ လျှောက်ထားခဲ့သော မှတ်ပုံတင်မိတ္တူ အစောင်ရေ ရာနှင့်ချီကို အဆိုပါ အရောင်း ဆိုင်၏ ဘေးပေါက်လမ်းမပေါ်တွင် စွန့်ပစ် ပြန့်ကျဲနေသည်ကို စက်တင်ဘာ ၅ ရက် မနက်တွင် ဖုန်းလျှောက်ထားသူများက တွေ့မြင်ခဲ့ရခြင်းဖြစ်ကာ ယင်းမိတ္တူများလည်း ပါဝင်သည့်အတွက် ဖုန်းလျှောက် ထားခဲ့သည့် သံဃာတော်အချို့ကလည်း မကျေမနပ်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။


''ကတ်ရောင်းစရာမရှိတော့လို့ မပေးတော့ဘူးဆိုလည်း အေးအေးဆေး ဆေးပြော၊ မိတ္တူတွေ ပြန်ပေးရင် လက်ခံ ပါသေးတယ်။ အခုလို လမ်းမပေါ် ပြန့်ကျဲအောင် လွှင့်ပစ်ထားတာကတော့ အရမ်း ရုပ်ဆိုးတယ်''ဟု ဖုန်းလျှောက်ထားသော မှတ်ပုံတင် မိတ္တူကို ပြန်လည်ရှာဖွေနေသူ ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ လမ်းဘေးပြန့်ကျဲနေသော မှတ်ပုံတင်မိတ္တူများတွင် သံဃာတော်များ၏ ဓာတ်ပုံကပ်ထားသော သံဃာမှတ်ပုံ တင်မိတ္တူများ ပါဝင်နေသည်ကို အလေးမထားဘဲ စွန့်ပစ်ထားသည့်အတွက် သံဃာအချို့ကလည်း ဝေဖန်ကန့်ကွက်ခဲ့ကြပြီး သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းများသို့ပင် တင်ပြတိုင်ကြားရန် စီစဉ်နေသည်ဟု ဆိုသည်။

''သံဃာတွေရဲ့ မိတ္တူ ၂၀ ကျော်ပါ တယ်။ ဒါကို ဦးဇင်းက ပြန်ကောက်စုထား တာ။ MPT ကတ်ဆိုလို့ ကိုင်ချင်တာနဲ့ အချိန်ပေးလာလျှောက်တာ။ အခုလို မြင်ရတော့ မကျေနပ်ဘူး။ သံဃာ့နာယကကို စာရေးတိုင်မယ်''ဟု သန်လျင်မြို့နယ်မှ ဖုန်းလာလျှောက်ထားသော ဆရာတော်တပါးဖြစ်သည့် ဦးအာဇာသက မိတ္တူစာရွက်များကို ကိုင်ဆောင်ရင်း ပြောသည်။

ထိုသို့ မိတ္တူစာရွက်များ လမ်းပေါ် ပြန့်ကျဲသွားရခြင်းမှ လွှင့်ပစ်ထားခြင်း မဟုတ်ဘဲ လျှောက်ထားသူများက ပြန်လိုချင်သည်ဟုဆိုသဖြင့် လျှောက်လွှာမိတ္တူများထည့်ထားသော စက္ကူပုံးကို ဆိုင်ဝတွင် ချပေးထားစဉ် မွှေနှောက်ရှာဖွေရာမှ လမ်းမပေါ် ပြန့်ကျဲသွားရခြင်းဖြစ်သည်ဟု အဆိုပါ မိုဘိုင်းအရောင်းဆိုင်ဝန်ထမ်းများမှ ပြောကြောင်း၊ ယင်းဖြစ်စဉ်အပေါ် မကျေနပ်၍ သွားရောက်မေးမြန်းခဲ့သည့် အမျိုးသမီးတဦးက ပြန်လည်ပြောပြသည်။

ယင်းသို့ဖြစ်ပေါ်ခဲ့ရသော ကိစ္စနှင့်ပတ်သက်၍ တာဝန်ခံမရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် မသိရှိကြောင်း အရောင်းဝန်ထမ်းတဦးက News Watch သို့ ပြောသည်။ မြန်မာ့ဆက်သွယ်ရေးမှ MPT ဆင်းကတ်များကို စက်တင်ဘာ ၁ ရက်မှ စတင်၍ မိုဘိုင်းအရောင်းဆိုင်များတွင် ရောင်းချမှုပေးနေခဲ့ရာ တဆင့်ခံရောင်းချ လိုသူများ ရောထွေးပါဝင်နေကာ ရောင်းချသောဆိုင်များ၌ လူများစုပြုံတိုးဝှေ့ဝယ်ယူနေကြပြီး မှောင်ခိုဈေးကွက်မှာလည်း ယင်း အနီးဝန်းကျင်မှာတင် ဖြစ်ပေါ်နေကာ ကျပ် တသောင်းခွဲခန့် ပြင်ပတွင် ဈေးဖြစ်ပေါ်နေသည်။

မိုးမင်း
New Watch

ဂျပန်အစိုးရအဖွဲ့ဝင်အဖြစ် အမျိုးသမီး ၅ ဦး အမည်စာရင်းတင်သွင်း


ဂျပန်နိုင်ငံရဲ့စီးပွားရေး ပြန်ကောင်းလာစေဖို့ လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ စွမ်းအားကို ပိုပြီး အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်း အသုံးပြုသွားပါ့မယ်လို့ ပြောထားတဲ့ ၀န်ကြီးချုပ် Shinzo Abe က ဂျပန်အစိုးရအဖွဲ့သစ်ထဲမှာ အမျိုးသမီး ၅ ဦးကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းကရှိခဲ့တဲ့ ဘယ်ဂျပန်အစိုးရအဖွဲ့ထက်မဆို အခုအဖွဲ့ဝင် ၁၈ ဦးပါ အစိုးရအဖွဲ့သစ်ထဲမှာ အမျိုးသမီးအရေအတွက် ပိုများပါတယ်။ အမျိုးသမီးဝန်ကြီး နှစ်ဦးပဲပါတဲ့ နောက်ဆုံးအစိုးရအဖွဲ့ထက်လည်း အမျိုးသမီးအရေအတွက် ပိုများပါတယ်။

ဂျပန်မှာ ပိုပြီးဆိုးလာနေတဲ့ အလုပ်သမား လျော့နည်းမှုပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်မှုနေရာတွေမှာ အမျိုးသမီးအရေအတွက် ၃၀ ရာခိုင်နှုန်း ရှိစေချင်တယ်လို့ ၀န်ကြီးချုပ် Abe က ပြောထားပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Taro Aso၊ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga တို့လို အဓိကနေရာတွေမှာတော့ မစ္စတာ Abe က လူဟောင်းတွေကိုပဲ ဆက်ထားပါတယ်။ မစ္စတာ Abe ကို လူကြိုက်များမှု ၆၀ ရာခိုင်နှုန်း လောက် ရှိခဲ့ရာကနေ ၅၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်အထိ ကျဆင်းသွားနေချိန်မှာပဲ အခုလို အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်လိုက်တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

LADIES' CODE အဖွဲ့စီးနင်း လိုက်ပါ လာသောကား မတော်တဆ ဖြစ်မှုကြောင့် အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိ


တောင်ကိုရီယား အမျိုးသမီး အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အဖွဲ့ဝင် ၅ ဦးပါဝင်သော LADIES' CODE အဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသောကားမှာ ယနေ့နံနက် ပိုင်းတွင် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး LADIES' CODE အဖွဲ့ဝင် EunB ကွယ်လွန်ခဲ့ကာ အခြားအဖွဲ့ဝင်နှစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

LADIES' CODE အဖွဲ့ဝင်ငါးဦးစီးနင်းလိုက်ပါလာသော ဗင်ကားမှာ ကိုရီးယား စံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် အင်ချွန်းသို့သွားရာ ရုန်ဒုန်အဝေးပြေးလမ်းမပေါ်တွင် စလစ်ဖြစ်ကာ တိမ်းမှောက်ပြီး ဟိုင်းဝေးလမ်းနံရံနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ယဉ်ပေါ်တွင် စီးနင်းလိုက်ပါလာခဲ့သည့် အဖွဲ့ဝင်ငါးဦးတွင် သေဆုံးခဲ့သည့် EunB ၊ Kwon Rise နှင့် ဆိုဂျွမ်းတို့ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် EunB မှာတော့ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားအဖွဲ့ဝင်နှစ်ဦးဖြစ်ကြသည့် အက်ရှလီနှင့် ဇူနီ တို့မှာတော့ ကားပေါ်တွင်လိုက်ပါလာခဲ့သည့် ဒီဇိုင်နာတစ်ဦးနှင့် မန်နေဂျာ တို့နှင့်အတူ ကံကောင်းထောက်မစွာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အနည်းငယ်သာဒဏ်ရာရရှိခဲ့သည်။

LADIES' CODE အဖွဲ့၏ အေဂျင်စီကုမ္ပဏီ ဖြစ်သည့် Polaris Entertainment ကုမ္ပဏီ၏ ညနေပိုင်းက ထုတ်ပြန်ခဲ့သော တရားဝင်ကြေငြာချက်များအရ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည့် Kwon Rise နှင့် ဆိုဂျွမ်း တို့နှစ်ဦးတွင် ဆိုဂျွမ်း၏ အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သော်လည်း Kwon Rise ၏အခြေမှာတော့ ယဉ်တိုက်မှုဖြစ်ပြီး ဆေးရုံရောက်ရှိချိန်မှစတင်ကာ ပြုလုပ်ခဲ့သည့် ခွဲစိတ်မှုမှာ ၇ နာရီကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အောင်မြင်မှုမရရှိသေး ဟု သိရသည်။ နောက်ဆက်တွဲကြေငြာချက်အရ Kwon Rise ၏ ခွဲစိတ်မှုမှာ သူမ၏ သွေးဖိအား အလွန်အမင်း ကျဆင်းလာခဲ့သည့်အတွက် ရပ်ဆိုင်းထားလိုက်ရပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွေကိုတော့ ကြိုတင်ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိသေးဟု သိရသည်။

အောင်ဟိန်းခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပြင်ဦးလွင်မြို့ MOBILE CITY ဖုန်းဆိုင် ဖောက်ထွင်းခံရ ကျပ်သိန်းနှစ်ရာကျော် ပျောက်ဆုံး

 


ပြီးခဲ့တဲ့ သြဂုတ်လ (၂၉)ရက်နေ့ ညပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၄)၊ မန္တလေး - လားရှိုးလမ်းပေါ်ရှိ MOBILE CITY ဆိုင် ဖောက်ထွင်း ခံရမှုကြောင့် ကျပ်သိန်း(၂၀၀)နှစ်ရာ ကျော် တန်းဖိုးရှိ ပစ္စည်းများ ပျောက်ဆုံး ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

သြဂုတ်လ (၂၉)ရက်နေ့ ည(၈) နာရီခန့် မှာ ပြင်ဦးလွင်မြို့  ရပ်ကွက်ကြီး (၃) ရွှေဘုံသာလမ်း မ-၃၆ နေ ကိုလတ် ဟာ ၄င်းပိုင် MOBILE CITY ဖုန်းဆိုင်အား သော့ပိတ်ခဲ့ပြီး နေအိမ်ကို ပြန်လာခဲ့ပါတယ်။ သြဂုတ်လ (၃၀)ရက်နေ့  နံနက်ပိုင်းမှာ ကိုလတ် ရဲ့ ညီမ ဖြစ်သူ မဝေေ၀ မှ ဆိုင်ဖွင့်လှစ်ရာမှာ ဆိုင်အတွင်းရှိ မှန်ကောင်တာ အတွင်း ထည့်သွင်း သိမ်းဆည်း ထားတဲ့ ဖုန်းမျိုးစုံ၊ ငွေဖြည့်ကဒ်မျိုးစုံ၊ ငွေစက္ကူ ရောရာ (၃၀၀၀၀)၊ စုစုပေါင်း တန်းဖိုးငွေ (၂၀,၉၂၃,၀၀၀ ) ကျပ် ပျောက်ဆုံး နေကြောင်း တွေ့ ရှိ ခဲ့ပါတယ်။

အဆိုပါ အမှုကို ပြင်ဦးလွင် မြို့ မ ရဲစခန်းမှ (ပ)၁၇၁/၁၄ ပြစ်မှု ပုဒ်မ ၃၈၀(ခိုးမှု) အရ အမှု ဖွင့်လှစ်ထားပြီး တရားခံ ဖမ်းဆီး ရမိရေး ဆောင်ရွက် နေကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရရှိ ရပါတယ်။

BY THIT HTOO LWIN

ဆော်ဒီအစိုးရက အကြမ်းဖက်တိုက်ခိုက် ကြံစည်မှု သံသယဖြင့် လူ ၈၈ ဦးကို ဖမ်းဆီး


ဆော်ဒီအာရေဗျအစိုးရက သူနိုင်ငံသား တဝက်ကျော်ပါတဲ့ လူ ၈၈ ယောက်ကို ပြည်တွင်းနဲ့ ပြည်ပ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြံစည်လုပ်ဆောင်မှု သံသယနဲ့ ဖမ်းလိုက်တယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တချို့သံသယရှိသူ တွေကတော့ ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေ သိမ်းပိုက်ထားတဲ့ အစ္စလာမ်မစ်ပြည်ထောင်စုအုပ်စု၊ ဆီးရီးယားနိုင်ငံက နတ်စ်ရာတပ်ဦး၊ ယီမင်နိုင်ငံက အယ်လ်ကေဒါဂိုဏ်းခွဲတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ တာကီက ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
ဆော်ဒီနိုင်ငံသား အယောက် ၂၅၀၀ လောက်ဟာ ဆီးရီးယား၊ အီရတ်၊ ယီမင်နဲ့ အာဖဂန်နစ္စတန်တို့က စစ်သွေးကြွလှုပ်ရှားမှုတွေထဲမှာ ပါဝင်နေတယ်လို့ ယုံကြောင်းလဲ ပြောပါတယ်။


ဖေဖော်ဝါရီလက ဆော်ဒီဘုရင်အဗ္ဗဒူလာက နိုင်ငံခြားမှာ သွားရောက်တိုက်ခိုက်သူတွေကို ထောင်ဒဏ် နှစ်ရှည်ချဖို့ အမိန့်ချအပြီး ဆီးရီးယားနဲ့ အီရတ်က ပြန်လာတဲ့ ဆော်ဒီအယောက် ၃၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီးပါပြီ။

ဆ်ာဒီဘုရင်အဗ္ဗဒူလာကတော့ အကြမ်းဖက်ဝါဒဟာ အရှေ့အလယ်ပိုင်းဒေသက အမြန် ကိုင်တွယ်ဖြေရှင်းမှု မလုပ်ရင် အမေရိကန်နဲ့ ဥရောပကို အမြန်ပြန့်သွားလိမ့်မယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က သတိပေးခဲ့ပါတယ်။

By ဒီဗွီဘီ

စက်ရုံအလုပ်သမားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး


၃.၉.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဆေးရုံသို့ အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ကိုကိုလွင်၊ (၂၇)နှစ်ဖြစ်ပြီး ၀ဲဘက်လက်တံ တောင်ဆစ်တွင် ပွန်းပဲ့ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရ ပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၎င်းသည် ပလပတစ်စက်ရုံမှ စက်ပြင်အလုပ်သမား တစ်ဦးဖြစ်ပြီး အခင်းဖြစ်ချိန်က စက်ရုံ၏ ပလပ်စတစ်ဖြတ်စက် ပန်ကာကြိုးအား ပြုပြင်စဉ် လျှပ်စစ်ဝါယာကြိုးနှင့် ၀ဲဘက်လက်တံတောင်ဆစ်တို့ ထိမိပြီး ဓါတ်လိုက်ခံရသဖြင့် ဆေးရုံသို့ပို့အပ်စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၈/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police