တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ၌ အီဘိုလာ စစ်ဆေးမှု အရှိန်မြှင့်တင်မည်

ထိုင်း - မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကော့သောင်းမြို့ ဆိပ်ကမ်းကို တွေ့ရစဉ်

ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သည့် ထီးခီး ၊ မောတောင် နှင့် ကော့သောင်း နယ်စပ်ဂိတ် တို့မှ ပြည်တွင်း ပြည်ပ ခရီးသည် အများအပြား ၀င်ရောက် လာကြမည့် တန်ဆောင်တိုင် ကာလမတိုင်မီ အီဘိုလာရောဂါ တားဆီးရေး အတွက် အရှိန်မြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။


အထူးသဖြင့် ထီးခီး နယ်စပ်ဂိတ်တွင် အီဘိုလာ ရောဂါ စစ်ဆေးရန် ကျန်းမာရေး ၀န်ထမ်း ၅ ဦးပါ အဖွဲ့ကို ထပ်မံ အားဖြည့်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ် နှင့် တည်းခိုခန်း များ၌လည်း အီဘိုလာ ရောဂါ သတိပေး နှိုးဆော်ချက် များ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


လက်ရှိတွင် ထီးခီး ၊ မောတောင် နှင့် ကော့သောင်း နယ်စပ်ဂိတ် သုံးခုစလုံးတွင် အီဘိုလာ ရောဂါ စစ်ဆေးရန် ကျန်းမာရေး ၀န်ထမ်းများ ထားရှိပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။ နယ်စပ်ဂိတ် များ၌ လိုအပ်သည့် ပစ္စည်း ကိရိယာများပါ ရှိပြီး ဖြစ်သော်လည်း လိုအပ်ချက် အချို့ ရှိနေဆဲ ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


အောက်တိုဘာ လဆန်းပိုင်း ခန့်က အီဘိုလာ ရောဂါ သံသယရှိသည့် ဂျပန် အမျိုးသမီး တစ်ဦးသည် ထီးခီး နယ်စပ်ဂိတ် မှ ၀င်ရောက်ကာ ထားဝယ်မှ တစ်ဆင့် မော်လမြိုင် သို့ ရထားဖြင့် ထွက်ခွာခဲ့ပြီး မော်လမြိုင် ၊ မန္တလေး ၊ တမူးမြို့ များမှ တစ်ဆင့် အိန္ဒိယနယ်စပ် ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ မှ ထွက်ခွာ သွားခဲ့သည်။ ထားဝယ်တွင် အဆိုပါ ဂျပန် အမျိုးသမီး စီးနင်းခဲ့သည့် မော်တော်ယာဉ် မှာ ( ထီးခီး - ထားဝယ် ) ယာဉ်မောင်း နှင့် ဆိုင်ကယ် ကယ်ရီသမား တစ်ဦးတို့ကို ကျန်းမာရေး စောင့်ကြည့်မှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ ၏ သတင်းများ အရ အဆိုပါ ဂျပန် အမျိုးသမီး ကို စစ်ဆေးရာတွင် အီဘိုလာ ရောဂါ မရှိဟု သိရသည့် အတွက် စိုးရိမ်ရသည့် အနေအထား မရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။


ယခုနှစ်တွင် ထားဝယ်မြို့ ၌ တန်ဆောင်တိုင် ပွဲတော်အပြင် ထိုင်း - မြန်မာ ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော်ကိုပါ ကျင်းပမည် ဖြစ်ရာ ယင်းကာလ အတွက် ဟိုတယ်များ၌ အခန်းများ ကြိုတင် မှာယူ ထားကြသဖြင့် အခန်းများ ပြည့်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ (၄၄၇)


Themyawadydaily

0 comments:

Post a Comment