ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးအနီး ရေမြောင်းထဲသို့ ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်လွန်ထိုးကျ


စက်တင်ဘာ ၁ ရက် ည ၈ နာရီ မိနစ် ၃၀ ခန့်က အရှိန်လွန်ထိုးကျထားသည့်ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးအနီး ရေမြောင်းထဲသို့ လူသုံးဦးလိုက်ပါလာသော အိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျမှု စက်တင်ဘာ ၁ ရက် ည ၈ နာရီ မိနစ် ၃ဝ ခန့်က ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် အမျိုးသားသုံးဦး လိုက်ပါလာသော်လည်း ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူများထံမှ သိရသည်။

“ကားက အမေရိကန်သံရုံးနားလောက်ကနေ အရှိန်နဲ့မောင်းလာတာ။ ဒီနားလည်းရောက်ရော ဝုန်းခနဲ ပိတောက်ပင်ကို ဝင်တိုက်ပြီး ရေမြောင်းထဲထိုးကျသွားတယ်။ ကျွန်တော်က အကူအညီပေးဖို့သွားတော့ ကောင်လေးတွေက ရတယ် ရတယ်ဆိုပြီး ကားထဲက သူတို့ဘာသာထွက်လာကြတယ်” ဟု ကိုရီးယားသံရုံးအနီးနေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ရေမြောင်းထဲသို့ ထိုးကျသွားသော အဆိုပါယာဉ်၏ နံပါတ်မှာ ---- ဖြစ်ကာ တိုယိုတာ RAV-4 အမျိုးအစားဖြစ်ပြီး ယာဉ်မောင်းမှာ လှိုင်မြို့နယ်နေ ကို --- (၂၄ နှစ်) ဆိုသူဖြစ်ကြောင်း ဗဟန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုရုံးမှ သိရသည်။

“ဒီလိုလမ်းပေါ်မှာ အရှိန်နဲ့ မောင်းလာတာ အန္တရာယ်များတယ်။ သူတို့ဘာသာ ကားထဲမှာ ဘာဖြစ်လဲတော့မသိဘူး။ မောင်းလာတာ အရှိန်ကတော့ များတယ်။ ဝင်တိုက်ခံရတဲ့ သစ်ပင်ကတော့ အမြစ်ပါလန်ပြီး ထက်ပိုင်းကျိုးသွားတယ်။ လူတွေဘာမှမဖြစ်တာ တော်သေးတယ်။ လေအိတ်ပွင့်သွားလို့လည်း အထိအခိုက်မရှိတာထင်တယ်” ဟု အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုသူတစ်ဦးက ဆိုသည်။ 

အဆိုပါဖြစ်စဉ်အား အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ EMG

0 comments:

Post a Comment