အင်ဒိုနီးရှားရွေးကောက်ပွဲ ရှုံးနိမ့်သမ္မတလောင်းကို ထောက်ခံသူများ ဆန္ဒပြ



အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အယူခံဆုံးဖြတ်မယ့်အချိန်မှာ ရှုံးသွားတဲ့သမ္မတလောင်း ပရာဘိုဝို ဆုဘိုင်တို ကို ထောက်ခံသူတွေက အင်ဒိုနီးရှား ဗဟိုတရားရုံးအပြင်ဖက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ အရင်ဗိုလ်ချုပ်ကြီးဟောင်း က ရွေးကောက်ပွဲရလဒ်ကိုအယူခံဝင်ခဲ့ပေမယ့် တရားရုံးက လက်ရှိရွေးကောက်ပွဲရလဒ်ကိုပဲ အတည်အဖြစ်ဆုံးဖြတ်ခဲ့ပါတယ်။

ဆုဘိုင်တို ကို ထောက်ခံတဲ့သူတွေက လုံခြုံရေးအရံအတားတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာကြောင့် မျက်ရည်ယိုဗုန်းတွေနဲ့ ဆန္ဒပြသူတွေထဲ ပစ်သွင်းပြီး လူစုခွဲခဲ့ရပါတယ်။

တချို့မျက်မြင်တွေက ရဲတွေရဲ့အရံအတားကို ကုန်ကား ၄ စီးနဲ့ တိုက်ပြီး ဖယ်ရှားခဲ့ကြတယ် လို့လည်း ဆိုပါတယ်။

ဂျာကာတာမြို့တော်မှာ ပြီးခဲ့တဲ့နှစ်ပတ် ဒီရွေးကောက်ပွဲ မဲရလဒ်အယူခံဝင်ခဲ့ချိန်ကစပြီး ဆန္ဒပြပွဲတွေ ရှိခဲ့ပေမယ့် တရားရုံးက ဆုံးဖြတ်မယ့်ရက် မတိုင်ခင်အထိ အေးအေးချမ်းချမ်းပဲ ဖြစ်ခဲ့ပါတယ်။

အခုလိုဆန္ဒပြပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် မြို့တော်က စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေကို စောစောစီးစီးပဲ ပိတ်သိမ်းခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ မပေါ်ပေါက်စေဖို့ ဂျာကာတာမြို့တော်နဲ့ အနီးပတ်ဝန်းကျင်မှာ ရဲလုံခြုံရေးအင်အား ၅ သောင်းလောက်ချထားတယ်လို့ သိရပါတယ်။
VOA

0 comments:

Post a Comment