ဖားကန့်တွင် ကျောက်တူးစဉ် မြေပြိုခြင်းကြောင့် တစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

မြေပြို၍ ဖားကန့်ဆေးရုံရောက်လာသော လူနာတစ်ဦးအား တွေ့ရစဉ်
ဖားကန့်တွင် ကျောက်စိမ်းတူးစဉ်မြေပြို ခြင်းကြောင့် ဩဂုတ် ၂၁ ရက်နံနက်ပိုင်း က တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသအထက် ကုလားမှော်တွင် ဩဂုတ် ၂၁ ရက် နံနက် ၈ နာရီခွဲခန့် က ကျောက်တူးနေစဉ် အပေါ်မှ မြေလျှောကျပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ကိုအားရှော်(ခ)ထန်းအားရှော် (၂၁) နှစ် လားရှိုးမြို့ပေါ်တွင် နေထိုင်သူဖြစ်ပြီး ဆေးရုံရောက်ပြီးနောက် တစ်နာရီကျော်အကြာတွင် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရသူရှစ်ဦးမှာ ဖားကန့်ဆေးရုံတွင် အတွင်းလူနာများအဖြစ် ကုသမှုခံယူနေရပြီး မောင်ကျော်ဇင်လတ် (ဘ) ဦးတင်မြင့် ဂန့်ဂေါနယ် ပေါ်ပြင်းကျေးရွာနှင့် မောင်ဇော်ဝင်းမောင် (ဘ) စံရွှေ ဟုမ္မလင်းနယ် ဖောင်းပြင်ကျေးရွာနေထိုင်သူတို့မှာ စိုးရိမ်ရဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

မြေပြိုမှုကြောင့် အသက်ဘေးမှ လွတ်မြောက်လာသူ ကိုပိုင်မျိုးဝေက “မြေစာလျှောပြီးပြိုတာ။ ကျွန်တော်တို့က ရှောင်ပြေးရင်း နှင့် ဒဏ်ရာရတာပါ။ ဖြစ်တာက ခဏလေးပဲ။ သေသွားတဲ့ အစ်ကိုလည်း သတိရသေးတယ်။ ကျွန်တော်တို့အားလုံး ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာတွေရတယ်”ဟု ဆိုသည်။

ပြီးခဲ့သော ဩဂုတ် ၁၈ ရက်က မြေစာပြုတ်ကျမှုကြောင့် နမ့်မှော်ကျောက်စိမ်း လုပ်ကွက်တွင် ဒဏ်ရာရခဲ့သူ မောင်မျိုးလွင် အသက် (၃၃) နှစ် (ဘ)ဦးကျော်စိန်ဝင်း ရခိုင်ပြည်နယ် ပေါက်တောမြို့ ရပ်ကွက်(၃)တွင် နေထိုင်သူမှာလည်း ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ဆုံးပါးသွားကြောင်း သိရသည်။

ကျောက်တူးစဉ်မြေပြိုဒဏ်ရာရသူများမှာ မြန်မာနိုင်ငံဒေသအသီးသီးမှဖြစ်ပြီး ဒဏ်ရရှိမှုများဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံးရောက်ရှိရန်၊ အရေးပေါ်ကူညီမှုများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဦးရဲဝင်းက “ထိခိုက်ဒဏ်ရာရတဲ့ လူတွေ ဒီရာသီမှာ မကြာခဏဖြစ်တတ်ပါတယ်။ ဆေးဝါးလုံလောက်မှုတော့ရှိတယ်။ လူမှုရေးအဖွဲ့တွေက အချိန်နှင့်တစ်ပြေးညီ ကူညီကြတာများတယ်။ ဒါပေမဲ့ ဖားကန့်ဆေးရုံကနေ အရေးကြီးလူနာတွေသွားကြမယ်ဆိုရင် လူနာတင်ယာဉ်နှင့် အခြားလိုအပ်တာတွေရှိနေတယ်”ဟု ဆိုသည်။

ဖားကန့်ဒေသတွင် မှော်စီဇာ၊ မက်လင်ချောင်၊ မျောက်ဖြူ၊ ကုလားကုန်း၊ ဆိုင်းတောင်၊ တာမခံစသည့်ဝန်းကျင်မှော်များမှာ မကြာခဏမြေပြိုမှုဖြစ်ပွားတတ်ပြီး သေဆုံးသူများ၊ ဒဏ်ရာရသူများရှိတတ်ကြောင်း ကျောက်တူးသူများနှင့် ဒေသခံများက ဆိုပါသည်။ မြေပြိုပြီး မြေပိသေရသည့်အကြောင်းအရင်းမှာ ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား ကျောက်တူးသူများပြီး အများစုမှာ လုပ်ငန်းနှင့် ပတ်သက်သော အတွေအကြုံ မရှိဘဲ မြေသား၏အခြေအနေကို မသိသောကြောင့် သတိမထားမိခြင်း၊ လောဘကြောင့် အန္တရာယ်ကို ဂရုမစိုက်ခြင်းကြောင့် အများစုဖြစ်ပြီး မိုးဦးကျရာသီ ဧပြီလနှောင်းပိုင်းနှင့် မေလပိုင်းများတွင် တစ်ခါတစ်ရံ မိုးရွာသွန်းမှုများကြောင့် မြေသားအက်ကြောင်းများတွင် ရေစီးဝင်ကာ ကြံဖတ်ကွာသကဲ့သို့ ပြိုကျတတ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သားနှစ်သိန်းကျော်ရှိပြီး မကြာခဏမြေပြိုမှုများကြောင်း တစ်နှစ်လျှင် ၃ဝဝ ကျော်လူသေဆုံးမှုများဖြစ်ပေါ်နေသည်ဟု နာရေးကူညီသူများ နှင့် ရဲစခန်းမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသအား ၂ဝ၁၁ ခုနှစ်တွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် လုပ်ကွက်တစ်သောင်းကျော်ကို နိုင်ငံတော်မှ ပိတ်ထားခဲ့ပြီး လာမည့် စက်တင်ဘာ ၁ ရက်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
EMG

0 comments:

Post a Comment