ဟားမတ်ခေါင်းဆောင် ၃ ဦး ဈာပန ပါလက်စတိုင်းပြည်သူ ထောင်ချီ တက်ရောက်


အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး သွားခဲ့ကြတဲ့ ဟားမတ်စစ်ရေး ထိပ်သီး ခေါင်းဆောင် ၃ ယောက်ရဲ့ အသုဘ အခမ်းအနားကို ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က တက်ရောက်ခဲ့ ကြပါတယ်။

ဟားမတ်စစ်ရေး အကြီးအကဲကို ပစ်မှတ်ထား တိုက်ခိုက်မှု အပြီး နောက်တရက်မှာပဲ အခုလို ဟားမတ်စစ်ရေး ခေါင်းဆောင် ၃ ဦး ကျဆုံးခဲ့တာပါ။
သြဂုတ် ၂၁ ရက်နေ့က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၃၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒါကြောင့် ၄၆ ရက်ကြာ အစ္စရေးနဲ့ ပါလက်စတိုင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း သေဆုံးသူ အားလုံး ၂၀၈၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဟားမတ်ရဲ့ အဓိက စစ်ရေးခေါင်းဆောင်ရဲ့နေအိမ်ကို သြဂုတ် ၂၀ ရက်နေ့က အစ္စရေးက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် စစ်ရေးခေါင်းဆောင်ကတော့ နေအိမ်မှာ မရှိလို့ လွတ်မြောက်ခဲ့ပေမယ့် သူရဲ့အမျိုးသမီးနဲ့ ၇ လအရွယ် သားတဦးကတော့ သေဆုံးခဲ့ ပါတယ်။

ဒီရက်တွေမှာပဲ ဂါဇာမှာ ထိုးစစ်ဆင်နေတဲ့ အစ္စရေးတပ်အင်အား ၁ သောင်းကျော်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူက အစ္စရေးရဲ့ ဂါဇာထိုးစစ် သက်တမ်း ရှည်နိုင်တယ်လို့ ပြောဆိုအပြီးမှာ အခုလို တပ်သစ်နဲ့ တပ်ဟောင်း လဲခဲ့ပါတယ်။ ဟားမတ်က သူတို့ရဲ့ စစ်ရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့မှုကို အပြင်းအထန်ရှုတ်ချလိုက်ပြီး ပြန်လက်တုံ့ပြန်မယ်လို့ပြောဆိုပါတယ်။

အခုလို ဟားမတ်ခေါင်းဆောင်တွေကို သတ်ဖြတ်မှုဟာ အရင်က အစ္စရေး နည်းဗျူဟာဖြစ်ခဲ့တဲ့ ဟားမတ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တဲ့ နည်းဗျူဟာကို ပြန်လည်ကျင့်သုံးလာတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment