အီဘိုလာဗိုင်းရပ်စ် သံသယရှိသဖြင့် ဝေဘာဂီဆေးရုံတွင် ကုသနေသည့် ဖျားနာသူ၏ သွေးကို ပြည်တွင်း၌ စစ်ဆေးရာ ငှက်ဖျားပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း သိရ

သြဂုတ် ၂၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှ ပြန်လာပြီး ဖျားနာနေသူကို အီဘိုလာကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသလျက်ရှိပြီး အဆိုပါလူနာ၏ သွေးနမူနာကို ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) မှ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဩဂုတ် ၂ဝ ရက်၊ ညနေပိုင်းတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုး ဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းရပ်စ်ရောဂါပိုး နှစ်မျိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ဩဂုတ် ၁၉ ရက်က ဖျားနာခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ သတိလစ်သကဲ့သို့ဖြစ်ခြင်းစသည့် အီဘိုလာဗိုင်းရပ်စ်ပိုး သံသယလက္ခဏာများ တွေ့ရှိခဲ့ခြင်းကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကျန်းမာရေးအဖွဲ့က အဆိုပါလူနာအား သံသယလူနာအဖြစ် သတ်မှတ်၍ အထူးကုဆေးရုံ(ဝေဘာဂီ)သို့ လွှဲပြောင်းပြီး လိုအပ်သောဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများနှင့် ဆေးကုသခြင်းလုပ်ငန်းများကို အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။ 

“သံသယလူနာရဲ့သွေးကို ရန်ကုန်က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲစစ်ဆေးမှုလုပ်ခဲ့ပြီး မနေ့ညပိုင်းကရလာတဲ့ အဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်တဲ့ ပလတ်စမိုဒီယမ်ဖယ်စီပရမ်နဲ့ ပလတ်စမိုဒီရမ် ဗိုင်းရပ်စ်ရောဂါပိုးနှစ်မျိုးကို တွေ့ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပြည်တွင်းကထွက်တဲ့ အဖြေပါ။ အခု လူနာကို လိုအပ်တဲ့ ငှက်ဖျားနဲ့ပတ်သက်တဲ့ ဆေးကုသမှုလုပ်ငန်းတွေကို သက်ဆိုင်ရာဆရာဝန်ကြီးတွေက လုပ်ဆောင်ပေးနေပါတယ်။ သူနဲ့အတူ စစ်ဆေးကုသမှုခံယူနေတဲ့ လူနာလေးဦးကိုလည်း NHL က စစ်ဆေးတဲ့အဖြေအရ ဘာရောဂါပိုးမှ ကူးစက်မှုရှိမနေပါဘူး။ အီဘိုလာ ဟုတ် မဟုတ် ဆိုတာကိုတော့ ကျွန်တော်တို့အိန္ဒိယက ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းက ရလာမယ့်အဖြေကိုတော့ စောင့်ကြည့်ရမှာပါ”ဟု ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ထို့ပြင် လူနာတွင်ငှက်ဖျားရောဂါပိုးဖြစ်ပွားနေကြောင်းတွေ့ရှိ၍ ဆေးကုသမှုပေးနေခြင်းအပြင် ကူးစက်မြန် အီဘိုလာရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းအရ အီဘိုလာရောဂါနှင့်ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားကြောင်းနှင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဩဂုတ် ၁၉ ရက် ည ၈ နာရီဝန်းကျင် က ထိုင်းနိုင်ငံမှ MAI လေကြောင်းလိုင်း 8M 332 ဖြင့် ပြန်လာသည့် ခရီးသည်များအနက်မှ ခရီးသည်တစ်ဦးမှာ လေဆိပ်ကျန်းမာရေးအဖွဲ့က စစ်ဆေးရာတွင် ကိုယ်လက်မအီမသာဖြစ်ကာ အပူချိန်မြင့်နေပြီး အီဘိုလာဗိုင်းရပ်စ်ပိုး သံသယလက္ခဏာများတွေ့ရှိခဲ့ကြောင်း၊ သံသယလက္ခဏာများတွေ့ရှိခဲ့သူ လူနာမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ယင်းလူနာသည် အီဘိုလာဗိုင်း ရပ်စ်ပိုးကူးစက်ဖြစ်ပွားနေသည့် ဂီနီနှင့် လိုင်ဘေးရီးယားနိုင်ငံများတွင် ၁၃ လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ပြန်လာသူဖြစ်ကြောင်း နှင့် လူနာနှင့်အတူ လိုက်ပါပို့ဆောင်သူ လေးဦးကိုလည်း လက်ရှိတွင် အထူးကုဆေးရုံ(ဝေဘာဂီ)တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 
EMG

0 comments:

Post a Comment