မိန်းမအမှုနှင့် ရင်ဆိုင်နေရတဲ့ ကြည်လင်း အာမခံရ


အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းမှုဖြင့် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသော မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ ကစားသမား ကြည်လင်းမှာ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် တရားရုံးတွင် အာမခံရရှိရေးအတွက် လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီးက ခွင့်ပြုခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

“ကြည်လင်းရဲ့ ခြေထောက်ဒဏ်ရာကို ကုသခွင့်ပြုဖို့အတွက် အာမခံ လျှောက်ထားခဲ့တယ်၊ တရားသူကြီးက အာမခံပေးပေမယ့် အမှုပြန်ပိတ်ဖို့ကို ဥပဒေအရ ဆက်လုပ်ဆောင်ရမှာပါ၊ ကြည်လင်းကို တရားစွဲဆိုခဲ့သူ ကိုယ်တိုင်က ဒီအမှု ပြန်လည် ပိတ်သိမ်းပေးဖို့ ရုံးတော်မှာ ဒီနေ့ လျှောက်တင်ခဲ့ပါတယ်” ဟု ကြည်လင်း၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းမြင့်က ပြောကြားသည်။

ရန်ကုန် ယူနိုက်တက်အက်ဖ်စီ အင်တာနက် စာမျက်နှာတွင် အသက် ၂၆ နှစ်ကစားသမားဟု ဖော်ပြထားသည့် ကြည်လင်းမှာ ၎င်း၏ ချစ်သူဖြစ်သော ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှင့် ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက ၂ ရက်ကြာ ပေါင်းသင်း နေထိုင်ခဲ့သောကြောင့် အမျိုးသမီး၏ ဖခင်ဖြစ်သူက တရားလိုပြုကာ ဘောလုံး သမား ကြည်လင်းကို ကမာရွတ် မြို့မရဲစခန်းတွင် ဇွန်လ ၁၆ ရက်နေ့က ပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

အမှုဖွင့် တိုင်ကြားခံရပြီး နောက်တစ်ရက်တွင် ကြည်လင်းက မိန်းကလေးကို ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနှင့်အညီ နှစ်ဖက် အုပ်ထိန်းသူများရှေ့၌ လက်ထပ်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့ နှစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေ့က ကြည်လင်းကို ရုံးထုတ်စစ်ဆေးသည့် ကမာရွတ်မြို့နယ် တရားရုံးတွင် ကြည်လင်းနှင့် ၎င်း၏ဇနီးတို့က နှစ်ဦး သဘောတူ ကွာရှင်းလက်မှတ် ရေးထိုးခဲ့ကြောင်း ကြည်လင်း၏ အစ်ကိုထံမှ သိရှိရသည်။

“ကွာရှင်းဖို့အတွက် ကောင်မလေးကို သိန်း ၁၀၀ ပေးခဲ့တယ်၊ ဒီငွေပေးတာက မိန်းကလေးရဲ့ နစ်နာမှုအပြင် ကြည်လင်းအမှုကို ကျေအေး ပိတ်သိမ်းပေးဖို့အတွက်ပါ၊ တရားလိုက အမှုပိတ်သိမ်းပေးမယ် ဆိုပေမယ့် ဒီအမှုကို ခရိုင်ဥပဒေရုံးအထိ ဆက်လက်တင်ပြပြီး အမှုပိတ်သိမ်း ခွင့်ပြုချက်ကျမှ မြို့နယ်တရားရုံးက အမှုပိတ်ကြောင်း အမိန့်ချမှာ” ဟု ကြည်လင်း အစ်ကိုက ရှင်းပြသည်။

ဘောလုံးကစားသမား ကြည်လင်း တရားစွဲဆိုခံရသည့် ပုဒ်မ ၃၆၆ အမှုကို ပြန်လည် ပိတ်သိမ်းပေးရန် တရားလိုအဖြစ် တိုင်ကြားခဲ့သော ယောက္ခမဟောင်း ဦးထွန်းရီ၊ ဦးထွန်းရီ၏ ဇနီးနှင့် ကြည်လင်း၏ ဇနီးဟောင်းဖြစ်ခဲ့သော မိန်းကလေးတို့ကို ကမာရွတ်မြို့နယ် တရားသူကြီးက စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၁၂ ရက်တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားကြောင်း ယင်းတရား ရုံးထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment