လူ နှင့် နိုင်ငံရေး


"လူသည်နိုင်ငံရေး သတ္တဝါမဟုတ်" လို့ အချို့က သတ်မှတ်ကြ၊ ယူဆကြ၊ ခံယူကြပါတယ်။ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်။ နိုင်ငံတော်အစိုးရ (ဒါမှမဟုတ်) ပါတီအမည်ခေါင်းစီး တစ်ခုအောက်မှာ ရပ်တည်နေတဲ့ နိုင်ငံရေး လုပ်နေသူတွေ နဲ့သာဆိုင်တယ်။ ဘယ်အစိုးရတက်လာလာ ကိုယ်လုပ်မှကိုယ်စားရမှာလို့ ခံယူချက် ထားသူတွေဟာ နိုင်ငံတလွှားမှာ ဒုနဲ့ဒေး ရှိနေပါတယ်။

နိုင်ငံရေးအပေါ် ကိုယ်နဲ့ မဆိုင်ဘူးလို့ ကိုယ်ကသာ လစ်လျူရှုထားပေမဲ့ နိုင်ငံရေးရဲ့ လွှမ်းမိုးချယ်လှယ်မှုကို မိမိဟာ မလွဲမရှောင်သာ ရင်ဆိုင်နေရတယ်။ မိမိဘဝ မိမိအသိုင်းအဝန်းတစ်ခုလုံးဟာ နိုင်ငံရေး မူဝါဒအုပ်ချုပ်မှု ယန္တရား အပြောင်းအလဲတွေ အောက်မှာ ရပ်တည်နေရတယ်ဆိုတာတော့ မေ့ထားလို့ မရနိုင်ပါဘူး။

ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်ဦးကာလမှာ အင်အားကြီးသူ၊ ရဲဝံ့သူ၊ မိုက်ရဲသူရဲ့ချုပ်ကိုင်မှု
အောက်မှာ ကမ္ဘာဦးလူသားတွေ အစပြုခဲ့ကြရတာပါ။ အစားအစာ ရှာဖွေရာက နယ်မြေလု စစ်ပွဲတွေကိုလည်း ခေါင်းဆောင်ပြုသူရဲ့ ဆုံးဖြတ်ချက်အောက်မှာ မတိုက်ချင်ဘဲ တိုက်ခဲ့ရ မသေသင့်ဘဲ သေခဲ့ကြရပါတယ်။

ဒီက တစ်ဆင့်တက်လို့ ကျေးပိုင်၊ ကျွန်ပိုင်ခေတ်ရောက်လာတော့ ကိုယ်ဘက်က စစ်ပွဲရှုံးရင် သုံ့ပန်းဘဝက ကျွန်အဖြစ် ခိုင်းစေခံရ ကျွန်အဖြစ် ရောင်းစားခံရနဲ့ ခေတ်စနစ် အပြောင်းအလဲအောက်မှာ ပြုသမျှနုခဲ့ရတာလည်း အုပ်ချုပ်ခံ လူတန်းစားတွေရဲ့ဖြစ်ရပ်တွေပါ။

မိမိကိုအုပ်ချုပ်နေတဲ့ အင်အားကြီးသူတွေရဲ့ လူမဆန်မှု ငဲ့ညှာမှုတရားကင်းမဲ့မှုတွေကြောင့် ငွေဝယ်ကျွန် အဖြစ်နဲ့ တစ်ပါးသူတွေရဲ့ မြေယာတွေမှာ မိမိဘဝကို အဆုံးခံရတာကလည်း ပစ္စည်းမဲ့၊ အာဏာမဲ့၊ အင်အားမဲ့ သူတွေရဲ့ ရင်နာစရာ ဒုက္ခတွေပါဘဲ။

ယဉ်ကျေးမှု ထွန်းကားလာပြီဖြစ်တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ အသိုင်းအဝန်းအင်အားကြီးသူ လူအင်အား
လက်နက်အင်အားကြီးသူက ဘုရင်ဖြစ်လာပြန်တယ်။ ဒီကတစ်ဆင့် ဖခင်သေတော့ သားက ဘုရင်ဖြစ်။ ဒီလိုနဲ့ မြေးမြစ်အထိ အမွေဆက်ခံရာက တော်ဝင်နန်းဆက် တော်ဝင်အသိုင်းအဝန်း အနေနဲ့ အုပ်ချုပ်ရေးအာဏာကို ကိုင်ဆောင်ပြီး အခွင့်ထူးခံ လူတန်းစားတစ်ရပ် ပေါ်လာပြန်တယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေ မင်းကျင့်တရား ဆယ်ပါးနဲ့ ပြည့်စုံနေရင် ပြည်သူပြည်သားတွေ အေးငြိမ်းချမ်းသာမှုရှိနိုင်ပေမဲ့ မင်းကျင့်တရားပျက်ယွင်း သူနဲ့တွေ့ကြုံရရင်တော့ပြည်သူတွေ ကံဆိုး မိုးမှောင်ကျရတာပါဘဲ။

အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ စီမံခန့်ခွဲမှုအာဏာတွေကို ဘုရင်တစ်ပါးတည်းက တစ်ချက် လွှတ် အမိန့်နဲ့ ဆုံးဖြတ်နိုင်တော့ ဖြစ်လာမဲ့ ကောင်းမွေဆိုးမွေတွေကို တိုင်းပြည်နဲ့ တကွ ပြည်သူပြည်သားတွေ မလွှဲမရှောင်သာ ရင်ဆိုင်ကြရတာပါဘဲ။

ဒီသက်ဦးဆံပိုင် ဘုရင်စနစ်မှာ ဘုရင့်ရှေ့မှာ ဒူးထောက်ခစား၊ လက်အုပ်ချီလို့ ဘုရင်ကမော်ဖူးစေလို့ အမိန့်ချမှ ဘုရင့်မျက်နှာကိုမဝံ့မရဲ ကြည့်ခွင့်ရတဲ့အဖြစ်တွေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ အရည်အချင်းမရှိလို့ သူများကြိုးဆွဲရာကခဲ့လို့ (၁၈၈၆)ခုနှစ်မှာ ကိုလိုနီလက်အောက်ကျရောက်ပြီး တိုင်းပြည်တစ်ခုလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ရတာမေ့ထားလို့ မရနိုင်ပါဘူး။ ဒီတုန်းက တိုင်းပြည်ကိစ္စ နိုင်ငံရေးကိစ္စ ငါတို့နဲ့ မဆိုင်ပါဘူးလို့ ခေါင်းရှောင်နိုင်ခဲ့ ကြပါသလား၊ အင်္ဂလိပ်ကျွန်၊ ဂျပန်ကျွန်အဖြစ် နွံနစ်ခဲ့ရတာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေမဟုတ်လား။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်ကို မမီလို့ ခံစားသိရှိမှု မရှိခဲ့ပါဘူးဆိုရင် ဒါဟာ အပြစ်မဟုတ်ပေမဲ့ (၁၉၆၂)ခုနှစ်နောက်ပိုင်း ကဒီနေ့အထိ အခြေအနေကို မသိပါဘူး။ စိတ်မဝင်စားပါဘူး။
ကိုယ့်ကိစ္စ မဟုတ်ပါဘူးလို့ ခံယူကြပြောဆိုနေကြရင်တော့ မိမိဟာ မိမိတန်ဖိုး မိမိရပိုင်ခွင့် မိမိလုပ်ပိုင်ခွင့်ကို
ပစ်ပယ်လိုက်သလို နိုင်ငံသား မပီသသူအဖြစ် ဝန်ခံလိုက်သလိုပါဘဲ။

ကမ္ဘာသူ ကမ္ဘာသား နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာတစ်ခုလုံး(ဒါမှမဟုတ်) နိုင်ငံတစ်နိုင်ငံမှာ လက်ခံကျင့်
သုံးလိုက်တဲ့ ဝါဒတွေ အုပ်ချုပ်ရေးစနစ်တွေရဲ့ သားကောင်တွေပါ။ ကျင့်သုံးတဲ့ ဝါဒ နဲ့ စနစ်မှန်ကန်ရင် တိုင်း
ပြည်နဲ့ ပြည်သူတိုးတက်ကြီးပွားနိုင်သလို ဝါဒရော စနစ်မှာ လွဲမှားသွားရင်တော့ တိုင်းပြည်နဲ့ ပြည်သူအများစု ဆင်းရဲနွံအတွင်း တွန်းချခံရဖို့ သာရှိပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဗျူရိုကရေစီစနစ်လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှုပြုခဲ့တဲ့ အာဏာရှင်စနစ်ရဲ့
ကောင်းကျိုး ဆိုးကျိုးကို ပြည်သူပြည်သားတွေခံစားခဲ့ ကြပြီးသားပါ။ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာ
ဥပဒေပြုအာဏာစီမံခန့်ခွဲမှု အာဏာအစရှိတာတွေကို လူတစ်စု(တစ်နည်း လူနည်းစုကသာ ရေးဆွဲပြဌာန်း ချုပ်ကိုင်မှုပြုခဲ့ကြတော့ ဒီအကျိုးဆက်ကို နိုင်ငံနဲ့ ပြည်သူတွေခံစားခဲ့ရတာပါ။

နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြဌာန်းပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ခဲ့စဉ်က ဒီဥပဒေရဲ့
အကျိုးဆက်ကိုခံစားရမဲ့ ကျွန်တော်တို့ ပြည်သူပြည်သားအများစုဟာ ဒီဥပဒေပြဌာန်းချက်တွေကို သိရှိနား
လည်အောင်လေ့လာခဲ့ ဝေဖန်အကြံပြုခဲ့ ကြပါသလား။ ဝေလေလေ ပုံစံနဲ့ဘဲ တာဝန်ကျေ ဆန္ဒပြုခဲ့ကြတာ မဟုတ်လား။ ဒါတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အားနည်းချက်ပါ။

ဗဟိုချုပ်ကိုင်မှု အာဏာရှင်စနစ်ကိုပြောင်းလဲဖို့ ဒီမိုကရေစီစနစ်နဲ့အစားထိုးဖို့ပြုပြင်ပြောင်းလဲရေးလုပ်နေ
ချိန်မှာတောင် လူနဲ့မူကို မခွဲနိုင်ဘဲ ထင်ရာမြင်ရာပြောကြဆိုကြတဲ့ သူတွေလည်း ရှိနေပါသေးတယ်။ ဒါဟာအပြစ်ဆိုစရာတော့ မဟုတ်ပါဘူး။ နှစ်ဆယ်စုပေါင်းများစွာ မျက်စိပိတ် နားပိတ် ပါးစပ်ပါပိတ်ပြီးနေလာခဲ့ ကြရတာကိုး။

ဒါပေမဲ့ ခုအချိန်အခါမှာ ဒီမိုကရေစီရဲ့ကျင့်စဉ်တွေ ရပိုင်ခွင့်တွေ နိုင်ငံသားတစ်ဦးရဲ့မွေးရာပါအခွင့်အရေး တွေကိုတော့ သိထားဖို့လိုပါတယ်။ ဒါမှလည်း ဒီမိုကရေစီကို ဘာကြောင့် တောင်းဆိုခဲ့ကြတာလဲ။ ဘယ်လောက် အနှစ်သာရရှိသလဲ ဆိုတာ ကိုယ်တိုင်ခံစားနိုင်မှာပါ။

ဗဟိုချုပ်ကိုင်မှုအာဏာမှာ လွတ်လပ်စွာပြောဆိုနိုင်ခွင့် (Freedom of Speech) မရှိပါဘူး။ ပြောဆိုခဲ့မယ် ဆိုရင်လည်း အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ အရေးယူခံရပါလိမ့်မယ်။

ဒီမိုကရေ စီစနစ်မှာ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိပါတယ်။ အစိုးရရဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက်များကို ကန့်ကွက် ဆန့်ကျင်နိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရဖြုတ်ချရေး ညစ်ညမ်းတဲ့ အပြောအဆိုတို့ကိုတော့ လုပ်ပိုင်ခွင့်မရှိပါဘူး။

ဗဟိုချုပ်ကိုင်မှုအာဏာမှာ အာဏာပိုင်အဖွဲ့အစည်းနှစ်သက်ရာဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်
မှတ်ကောင်းသတ်မှတ်နိုင်ပေမဲ့ ဒီမိုကရေစီစနစ်မှာ ဘာသာရေးလွတ်လပ်ခွင့် (Freedom of Religion)ရှိပါတယ်။ ဘယ်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ ရာထူးအတွက် ဘာသာရေးနဲ့ ခွဲခြားသတ်မှတ်ခြင်း မရှိရပါဘူး။ ဆိုလိုတာက သတ်မှတ် အရည်အချင်းရှိသူဟာ နိုင်ငံသားဖြစ်ဖို့သာ လိုပါတယ်။ အစိုးရအနေနဲ့ မိမိတို့ နှစ်သက်ရာဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ်ခွင့်မရှိပါဘူး။ ဘာသာတိုင်းကို အပြန်အလှန်လေးစား ရပါ့မယ်။

ဗဟိုချုပ်ကိုင်မှု အာဏာမှာ သတင်းလွတ်လပ်ခွင့် မရှိပါဘူး။ အစိုးရဘာလုပ်နေတယ်။ အစိုးရအတွင်းဖြစ်ပျက်တာကအစ ပြည်သူတွေ သိနိုင်ခွင့် မရှိပါဘူး။ ဒီမိုကရေစီစနစ်မှာတော့ သတင်းစာလွတ်လပ်ခွင့် (Freedom of the Media)ရှိတဲ့အတွက် အစိုးရအတွင်း ဖြစ်ပျက်နေတာမှန်သမျှ ပြည်သူတွေ သိခွင့်ရပါတယ်။

သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ အင်တာနက်များမှာ အစိုးရပိုင်းက ဝင်ရောက်စွက်ဖက်မှု မရှိဘဲ လွတ်လပ်စွာဝေဖန် သုံးသပ်ခွင့်ရှိပါတယ်။

ပညာရေးပိုင်းမှာလည်း လွတ်လပ်မှု(Academic Freedom)ရှိပါတယ်။ သတင်းအချက်အလက်များ လွတ်လပ်စွာ ရှာဖွေ စုဆောင်းနိုင်ခွင့်(Access to Information)နဲ့ သုတေသနပြုနိုင်ခွင့်တွေရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်(Freedom of Association)ရှိတဲ့အပြင် အစိုးရမူဝါဒ ဆန့်ကျင်တဲ့ အဖွဲ့အစည်းမှာပင် ဝင်ရောက်ပါဝင်နိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေး ရာထူးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်(Freedom to Compete for Public Office) ရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးမှု(The Rule of Law)ရှိပါတယ်။ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ မရွေး တရားစီရင်ရေးမှာတန်းတူ ဘဲဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီသာ တရားစွဲဆိုနိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လူတိုင်း မဲပေးပိုင်ခွင့် နဲ့ အရွေးခံနိုင်ခွင့်(Right to Elect and be Elected)ရှိပါတယ်။

တစ်နည်းပြောရရင် မိမိဟာ အရွယ်ရောက်ပြီးဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင် ဆန္ဒရှိရာကို လွတ်လပ်စွာမဲပေးခွင့်ရှိပြီး နိုင်ငံရေးရာထူးအတွက် လွတ်တော်ကိုယ်စားလှယ်အဖြစ် မိမိကိုယ်တိုင် အရွေးခံနိုင်ပါတယ်။

ဒါတွေဟာ ဒီမိုကရေစီစနစ်ရဲ့ အားသာချက်တွေပါဘဲ။လူ တိုင်းအတွက်လူ့ အခွင့်အရေး ရပိုင်ခွင့်တွေကို
အကာအကွယ်ပြု ရပ်တည်ပေးတဲ့ အကောင်းမွန်ဆုံး စနစ်တစ်ခုပါ။ ဒီမိုကရေစီစနစ်ဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ် အခြေတည်နေတာ မဟုတ်ပါဘူး။

ဒီမိုကရေစီစနစ်လို့ အသံကြားတာနဲ့ ဦးသိန်းစိန် အစိုးရကို မကြိုက်လို့ ဒေါ်အောင်ဆန်းစုကြည် ပါတီကို အားပေးလို့ ဆိုတာတွေ လုံးဝ မပါဝင်ပါဘူး။ စနစ်အပြောင်းအလဲမှာ မူနဲ့လူ ခွဲမြင်တတ်ဖို့ လိုပါတယ်။ နိုင်ငံတော်အုပ်ချုပ်ရေးစနစ် (တစ်နည်းအားဖြင့်) မူမပြောင်းသမျှ လူတွေဘယ်လောက်ပြောင်းပြောင်း ထူးခြားပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူဟောင်းကိုပြောင်းပစ်ချင်ရင် ဒီမူအပေါ် အရိုးစွဲနေပြီဖြစ်တဲ့ လူဟောင်းတွေလည်း ပြောင်းပစ် ရမှာပါ။

လူဆိုတာ တစ်ဦးတစ်ယောက်တည်းနေလို့ရတာ မဟုတ်ပါဘူး။ မိမိ မိသားစု အသိုက်အမြှုံလေးနဲ့လည်း
လောကကို ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးအပေါ် သေချာဆန်းစစ်မှု၊ လေ့လာသုံးသပ်မှု မရှိရင်လည်း သူများပြောသမျှ ရမ်းတုတ် မှန်းတုတ်နဲ့ဘဲ အမှန်တရားနဲ့ကင်းကွာနေတတ်ပါတယ်။

"တစ်ခါက မွေးရာပါ မျက်စိစုံလုံးကန်းနေတဲ့ သူငယ်လေးတစ်ယောက်ကို သူ့သူငယ်ချင်းက နွားနို့တစ်ခွက်
တိုက်ခဲ့တယ်။ နွားနို့က ဆိမ့်လည်းဆိမ့်။ ချိုလည်းချိုတော့ မျက်မမြင်ကလေးက သူ့သူငယ်ချင်းကိုနွားနို့နဲ့
ပတ်သက်ပြီး မေးတော့တာပေါ့။

"သူငယ်ချင်းရယ်.. မင်းတိုက်တဲ့ နွားနို့ဆိုတာ သိပ်အရသာရှိတာဘဲကွာ။ မင်းပြောပြောနေတဲ့ အရောင်ဆို
တာတွေ ထဲမှာနွားနို့က ဘာရောင်လဲကွ"

"သူငယ်ချင်းရယ်နွားနို့ဆိုတာ အဖြူရောင်ပေါ့ကွာ။"

"ဟာ..မင်းကလာနောက်နေပြန်ပြီ ငါကမှ အဖြူရောင်ဆိုတာမှ မသိတာ။ ဘာနဲ့တူလဲပြောပြကွာ"

ဒီတော့သူ့သူငယ်ချင်းက "အင်း ဗျိုင်းနဲ့တော့ အရောင်တူတယ်ကွ"လို့ အနီးစပ်ဆုံးအရောင်ကိုပြန်ဖြေလိုက်

တယ်။

"မင်းကလည်းကွာ.. ငါကဗျိုင်းကိုမှ မမြင်ဖူးတာ"

ဒီအခါ မျက်မမြင်ကလေးရဲ့သူငယ်ချင်းက သူ့သူငယ်ချင်းမှန်းဆနိုင်အောင် လက်မောင်းကိုကွေးပြီး

ဗျိုင်းရဲ့ပုံစံလုပ်ပြပြီး မျက်မမြင်သူငယ်လေးကို ကိုင်ကြည့်ခိုင်းလိုက်တယ်။

ဒီတော့ မျက်မမြင်သူငယ်လေးဟာ သူငယ်ချင်းလက်မောင်းကိုကိုင်ကြည့်ပြီး..

"သြော်..အဖြူရောင်ဆိုတာ ကွေးကွေးလေးပါလား"တဲ့။

ဒီလိုပါဘဲ.. ဘယ်နိုင်ငံမှာမဆို နိုင်ငံရေးအမှောင်ချထားခြင်း ခံထားရတာကြာလာတော့ ပြည်သူတွေဟာ
နိုင်ငံရေးနဲ့ ပတ်သက်လာရင် အတွေးတိမ်လာတတ်ပါတယ် နိုင်ငံရေးဆိုတာ မိမိနဲ့ သက်ဆိုင်တဲ့ အရေးကြီးဆုံးအရာဖြစ်တယ် ဆိုတာမေ့ ပျောက်ထားကြတယ်။ နိုင်ငံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောနေတာဟာ မိသားစု အရေးကိစ္စကို စိတ်ဝင်စားမှုမရှိသူ အိမ်ထောင်စု တာဝန်ကို ခေါင်းရှောင်သူနဲ့ တူပါတယ်။

မိမိကိုယ်တိုင် နိုင်ငံရေးအမြင်ကျဉ်းမြောင်းနေရင် မိမိပတ်ဝန်းကျင် မိမိနိုင်ငံတော်မှာ အဆိပ်အတောက်ဖြစ်
ရတာပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုကို အခြေခံရတဲ့ ဒီမိုကရေစီလူ့ဘောင်မှာ မိမိတစ်ဦး တစ်ယောက်ကြောင့်လည်း နိုင်ငံတော်ကမောက်ကမဖြစ်စေနိုင်လို့ပါ။

ဒီမိုကရေစီစနစ်က ကောင်းပါတယ်ပြောလည်း အလွယ်တကူခေါင်းမညိတ်မိပါစေနဲ့။ မကောင်းပါဘူးပြောလည်း မထောက်ခံလိုက်ပါနဲ့ဦး။ ဘာကြောင့်ကောင်းတယ် ဘာကြောင့် မကောင်းဘူးဆိုတာ လေ့လာသုံးသပ်ပြီးမှ ကောက်ချက်ချစေချင်ပါတယ်။

ဘယ်ကိစ္စမှာမဆို သာမညနဲ့ အဓိကဆိုတာ ရှိပါတယ်။ အချို့ကိစ္စတွေမှာ အသေးအဖွဲကိစ္စကို အကျယ်ချဲ့မိတော့ အမှန်တကယ်အရေးပါတဲ့ ကိစ္စ အဖိုးတန်ဖြစ်ရပ်တစ်ခုကို ဆုံးရှုံးတတ်ပါတယ်။ သူများပြောတိုင်း ဟုတ်လိမ့်နိုးနိုးနဲ့ ယုံကြည်နေမယ်ဆိုရင် မိမိဟာမွေးရာပါ စုံလုံးကန်းနေတဲ့ သူငယ်လေးလို "အဖြူရောင် ဆိုတာ ကောက် ကောက်လေးပါလား" နဲ့ဘာထူးတော့မလဲ။

ဒီတော့ဗျာ.. ဘယ်အစိုးရတက်လာလာ အလိမ်မခံရအောင် မိမိရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့်တွေကို လူပီပီသသ
ရချင်ရင် နိုင်ငံရေးတော့ စိတ်ဝင်စားသင့်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ အသံကြားရုံနဲ့ ဆားတို့ ခံလိုက်ရတဲ့ တီလိုတွန့်မနေပါနဲ့တော့ ဒီမိုကရေစီဆိုတဲ့ စကားဟာ ပြည်သူတွေအတွက် ငှက်ဆိုးသံ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ကိုဒုက္ခနွံအတွင်းက ကယ်တင်နေတဲ့ ကယ်တင်ရှင်ရဲ့ အသံဖြစ်တယ်ဆိုတာ နားလည်ပေးပါ။

ဒါကြောင့် (၈-၁၁-၂၀၁၅)မှာကျင်းပတော့မဲ့ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံသားတစ်ဦးရဲ့
ရပိုင်ခွင့် မဲတစ်ပြားနဲ့ မိမိ မိသားစု အသိုင်းအဝန်းနဲ့ နိုင်ငံတော်အတွက် အကောင်းဆုံး ဆုံးဖြတ်ရွေးချယ်ပေး နိုင်ဖို့ ယုံကြည်ပါတယ်။ မိမိရဲ့မဲတစ်ပြားဟာ မိမိဒေသအတွက် ကိုယ်စားပြုပေးနိုင်မဲ့ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကို လွှတ်တော်ထဲ အရောက်ပို့ပြီး မိမိတို့ အရေးကိစ္စကို ဝန်ဆောင်မှုပြုပေးစေနိုင်သလို မိမိရဲ့လွှတ်တော်ကိုယ်စားလှယ်ဟာလည်း နိုင်ငံတော်အစိုးရဖွဲ့စည်းဖို့ သူ့ ရဲ့မဲတစ်ပြားနဲ့ ဖန်တီးနိုင်ခွင့်ရှိ သွားမှာပါ။

ဒါကြောင့်ခင်ဗျားဟာ နိုင်ငံတော်ရဲ့ကယ်တင်ရှင်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့ဗျာ။ ခင်ဗျားလောက်
အဖိုးတန်သူ ဘယ်မှာရှိပါတော့မလဲ။ ကဲ့... ခင်ဗျားရဲ့ အသည်းကြားက ဖြစ်လာတဲ့ မဲတစ်ပြားကို
ဦးနှောက်နဲ့ ဆင်ခြင်ရွေးချယ်ပေးမှာကို နိုင်ငံတော်နဲ့ ပြည်သူအားလုံး မျှော်နေကြပါပြီ..

အကောင်းဆုံး အမှန်ဆုံးရွေးချယ်နိုင်ပါစေ။

ဆောင်းပါးရှင်။ ။ သုတ (ရွှေမဟာ)
( ၂၃-၉-၂၀၁၅)

0 comments:

Post a Comment