"ကျွန်မသားလေးကို ကြည့်လို့ရမလား.."


အနှီးနဲ့ထုပ်ထားသော မွေးကင်းစကလေးကို မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ အသာအယာ ထည့်ပေးလိုက်ကြသည်။ မိခင်က ကလေးရဲ့မျက်နှာကို မြင်ရအောင် အနှီးစလေးကို သပ်လိုက်သောအခါ ဆရာဝန်မှ အလျင်အမြန် မျက်နှာလွှဲလိုက်ပြီး ဆေးရုံပြတင်းပေါက်ကို အဓိပ္ပါယ်မရှိ ငေးကြည့်နေလိုက်သည်။ ကလေးသည် ချစ်စရာကောင်းသော ကလေးတစ်ယောက်ဖြစ်သည်။ ဘ၀ကံအကြောင်းမလှပသောကြောင့်သာ နားရွက်တစ်ဖက် ပါမလာခဲ့ခြင်းဖြစ်သည်။


အချိန်တန်၍ကလေးကို စမ်းသပ်ကြည့်သောအခါ ကလေးမှာ အကြားအာရုံ ပုံမှန်အတိုင်းကောင်းမွန်ကြောင်း တွေ့ရသည်။ နားရွက်တစ်ဖက်၏ အပြင်ပိုင်းသာ မွေးရာပါ ပါမလာခြင်းဖြစ်သည်။ အဆိုးထဲက အကောင်းဟုပင် ပြောနိုင်သည်။ ကျောင်းတက်သည့်အရွယ်သို့ ရောက်သောအခါ ကလေးကျောင်းမှ ပြန်လာတိုင်း မိခင်ဖြစ်သူ တွေးမိသည့်အချက်တစ်ချက်ရှိသည်။ ကလေးကြီးလာသောအခါ ဘ၀တွင် စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေ အများကြီး ကြုံတွေ့နိုင်သည်ဟူသော အချက်ဖြစ်သည်။

ကောင်လေးအသက်တဖြည်းဖြည်းကြီးလာသည်။ နားရွက်တစ်ဖက် မပါသည်ကလွဲလျှင် ကောင်လေး၏ ဘ၀သည် ကုသိုလ်ကံ အလွန်ကောင်းသည်ဟုပြောနိုင်သည်။ ကောင်လေးသည် ရုပ်ရည်ချောမောပြေပြစ်သည်။ ကျောင်းတွင် နာမည်ကျော်ကြားသည်။ ကျောင်းစာထူးချွန်သည်။ ဂီတအနုပညာတွင် ထူးချွန်သည်။ အမေဖြစ်သူက သားကို တစ်ခြားကောင်လေးတွေထက် တော်သည်ဟု မကြာခဏ ချီးမွမ်းနေသော်လည်း စိတ်ထဲမှာတော့ သားအပေါ် သနားကြင်နာစိတ်တွေ ယိုဖိတ်နေသည်။

အဖေဖြစ်သူသည် သား၏ နားတစ်ဖက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မည့်နည်းလမ်းများကို မိသားစုဆရာဝန်နှင့်တိုင်ပင်သည်။

"နားတစ်ဖက်လှူမယ့်သူသာ ရှိမယ်ဆိုရင် နားကို အကောင်းအတိုင်းဖြစ်သွားအောင် ပြန်ဆက်ပေးလို့ရပါတယ်။"

အဖေဖြစ်သူသည် သူ၏သားအတွက် နားတစ်ဖက်လှူပေးမည့် အလှူရှင်ကို ရှာဖွေသည်။ နှစ်နှစ်ခန့်ကြာသောအခါ ကံကောင်းထောက်မစွာဖြင့် နားအလှူရှင်ကို တွေ့သည်။

"သား.. မင်းရဲ့နားကို အစားထိုး ခွဲစိတ်ကုသရမယ်။ အမေနဲ့ အဖေတို့ သားအတွက် နားတစ်ဖက်ပေးမယ့် အလှူရှင်ကို တွေ့ထားတယ်။ ဒါပေမယ့် အလှူရှင်က သူလှူတယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားချင်တယ်တဲ့.."

နားအစားထိုးခွဲစိတ်ကုသမှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး သားဖြစ်သူအား လူသစ်တစ်ယောက်ဖြစ်စေခဲ့သည်။ ပင်ကိုယ်ချောမောပြေပြစ်မှု၊ ထက်မြက်ထူးချွန်မှုများနှင့် ယခုပြုပြင်လိုက်သော ချွတ်ယွင်းချက်မရှိမှုတို့ ပေါင်းစပ်လိုက်သောအခါ သားဖြစ်သူသည် ကျောင်းတွင် ပြီးပြည့်စုံသော ယောက်ျားလေးတစ်ယောက်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ 
သားဖြစ်သူသည် အိမ်ထောင်ကျပြီး အလုပ်အကိုင်ဖြင့် တည်တည်ငြိမ်ငြိမ်ဖြစ်လာသောအခါ မိမိအား နားတစ်ဖက် လှူပေးခဲ့သည့် ကျေးဇူးရှင်ကို သိချင်စိတ် ပြင်းပြလာသည်။

"ကျွန်တော့်အနေနဲ့ သိသင့်ပါတယ် အဖေ.. ဘယ်သူက ကျွန်တော့်အတွက် ဒီလောက်တောင် ရက်ရက်ရောရော ပေးကမ်းလှူဒါန်းခဲ့ရတာလဲ..ကျွန်တော်သူ့အတွက် တစ်ခုခုပြန်လုပ်ပေးချင်ပါတယ်။ ကျွန်တော့်မှာ ကျေးဇူးပြန်ဆပ်နိုင်တဲ့ အရည်အချင်းလဲ ရှိနေပါပြီ.."

"အဖေကတော့ မထင်သေးဘူးကွာ.. သားကို နားတစ်ဖက်လှူခဲ့တဲ့သူကို သားသိဖို့ အချိန်မတန်သေးဘူး.."

နှစ်တွေတဖြည်းဖြည်းကြာသွားပြန်သည်။ သားတစ်ယောက်အတွက် စိုးရိမ်ပူဆွေးမှု အဖြစ်ရဆုံးအချိန်ကို ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူကွယ်လွန်သည့်နေ့ဖြစ်သည်။

သားအဖနှစ်ယောက် မိခင်ဖြစ်သူ၏ ရုပ်အလောင်းဘေးတွင် ပူဆွေးသောကရောက်နေကြသည်။ အဖေဖြစ်သူသည် ရုပ်အလောင်း၏မျက်နှာမှ ဆံဆများကို လက်တစ်ဖက်ဖြင့် တယုတယ သပ်လိုက်ပြီး သားဖြစ်သူကို တိုးညှင်းစွာ ပြောလိုက်သည်။

"မင်းရဲ့အမေက သူ့ရဲ့ဆံပင်တွေကို မညှပ်ဘဲထားခဲ့တာ နှစ်တော်တော်ကြာသွားပြီ.. ဘယ်သူကမှလည်း မင်းအမေကို အလှလျော့သွားတယ်လို့ မပြောကြဘူး မဟုတ်လား.."

အဖေဖြစ်သူ သပ်လိုက်သော ဆံပင်အောက်မှာတော့ နားရွက်တစ်ဖက်လစ်လပ်နေသော အမေ့ရဲ့မျက်နှာ..

--------------------------------------------------------------

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ အသိမခံဘဲ ချစ်ပြတာပါ…

လိပ်ပြာ

Ref : A Gift of Love

0 comments:

Post a Comment