မျက်လုံးရိုင်းတို့ ရာဇ၀င်

လူသားတို့သည် အမြင် အကြား နေသားကျမှုများတွင် ပျော်ဝင်နေရာက တခုခု ထူးခြားလာပြီ ဆိုလျှင် မျက်လုံးရိုင်းတို့ သည် စူးစမ်းမှုနှင့် လူးလွန့်လာတတ် စမြဲဖြစ်သည်။ 
ထို့အတူ ဖန်တီးမှုသစ်၊ အတွေးအခေါ်သစ်၊ တင်ပြမှုသစ်များနှင့် ထိတွေ့ရသည့် အခါတွင်လည်း မျက်လုံးရိုင်းတို့သည် ပွင့်နိုးလာကြမြဲပင်။ 
ယင်း သဘောကို တက္ကသိုလ် ပရ၀ုဏ် အတွင်းမှ စတင်ခဲ့သည့် Wild Eye အနုပညာအုပ်စု၏ အနုပညာ ဖြတ်သန်းမှုကို ကြည့်လျှင် ထင်ရှားစွာ မြင်နိုင်သည်။
၎င်းတို့ သည် ဖန်တီးတင်ပြမှု၊ အတွေးအခေါ် အယူအဆ ဆန်းသစ်မှုများနှင့် ခေတ်သစ်မြန်မာ့ ပန်းချီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး၊ ကန့်သတ်မှု အမျိုးမျိုး၊ မွန်းဖွဲ့ခံရမှု အဖုံဖုံကို ဖြတ်သန်းခဲ့ရသည်။


Wild Eye အုပ်စု စတင်ရာမှ နှစ်ပေါင်း ၄၀ အတွင်း ကန့်သတ်ပိတ်ပင် တားဆီးမှု အဖုံဖုံအောက်တွင် ၎င်းတို့၏ အနုပညာလမ်းကို တိုးချဲ့လွှင့်ထူရန် လှုပ်ရှားကြိုးပမ်းခဲ့သည်။ 
ယခု ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၂ မှ၂၇ အထိ Wild Eye အနုပညာအုပ်စု၏ ၁၂ ကြိမ်မြောက် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ် န၀ဒေးလမ်း အမှတ် ၂၃ ရှိ `သင့်´ (Think) ဂယ်လာရီတွင် တင်ဆက် ပြသနိုင်ခဲ့ပါသည်။ 

Wild Eye အုပ်စု စတင်ခဲ့ပုံနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ် နိုဝင်ဘာတွင် လိပ်ခုံးခန်းမတွင် ပထမဆုံး ပြပွဲပြသနိုင်ခဲ့ ကြောင်း၊ ဦးဆောင်ပါဝင်သူ ပန်းချီဆရာ ၁၂ ဦးမှာ စံမင်း၊ အောင်ကျော်ဝင်း၊ အင်ဒရူး၊ တင်မောင်ဆွေ၊ ဇေယျာမျိုးသန့်၊ အောင်ခိုင်၊ ရွှေဝင်းမောင်၊ ၀င်းဖေမြင့်၊ အောင်ကျော်မိုး၊ တင်ဝင်းနှင့် ကြီးမြင့်စော တို့ ဖြစ်ကြောင်း ပန်းချီဆရာ စံမင်းက ပြောပြပါသည်။

`အဲဒီတုန်းက ပြပွဲ စိစစ်ရေးက တင်းကြပ်လွန်းတော့ တချို့လည်း အတွေးအိုင်ဒီယာသစ်နဲ့ ရေးဆွဲတာတွေ ရှိပေမယ့် ပယ်ချခံရမှာ စိုးရိမ်တော့ မပြတော့တာတွေ၊ မရေးတော့တာတွေ ရှိသလို၊ တချို့လည်း ပယ်ပယ် မပယ်ပယ် ဆက်ရေးဆွဲတဲ့ သူတွေလည်း ရှိပါတယ်။ ကျနော့် ပန်းချီကား တော်တော်များများဟာ ပြသခွင့် မရခဲ့ပါဘူး။ 
အခုကျတော့ နည်းနည်း ပြောင်းသွားပြီလို့ ဆိုနိုင်တယ်။ 
လွတ်လပ်လာသလောက် ကျနော်တို့ ဖန်တီးမှုတွေလည်း ပိုမိုကောင်းမွန် ပြည့်စုံလာမှာပါ´

ထိုစဉ်က အနုပညာလှုပ်ရှားမှု တခုအဖြစ် ပြပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လူငယ်မျိုးဆက်သစ် ပန်းချီ သမားများကို ၀မ်းပမ်းတသာ လက်တွဲခေါ်ဆောင်ဖို့ ရည်ရွယ် လုပ်ဆောင်ကြောင်း ၎င်းက ပြောဆိုသည်။ 


ပထမဆုံး ပြပွဲနောက် ၈ နှစ်အကြာ ၁၉၈၂ ခုနှစ်တွင် ဒုတိယ အကြိမ် Wild Eye II Modern Art Exhibition ကို လိပ်ခုံးခန်းမတွင် ပြသနိုင်ခဲ့ကြောင်း၊ ၁၉၈၃ ခုနှစ်မှာ တတိယအကြိမ် ပြသနိုင်ခဲ့ကြောင်း သိရပါသည်။ 
၎င်းတို့၏ စတုတ္ထနှင့် ပဉ္စမအကြိမ်ပြပွဲများကို Modern အစား Contemporary ဟု ပြောင်းကာ ၂၀၀၇ ခုနှစ်ရောက်မှ ပြန်လည် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှ စကာ နှစ်စဉ်ဆက်တိုက် ပြန်လည် ပြသနိုင်ခဲ့ကြောင်း သိရသည်။ 

ဦးစီး စုစည်းတင်ဆက်သူ (Organizer) နှစ်စဉ် ပြောင်းလဲ၍ ပြပွဲများကို စီစဉ်ခဲ့သည်မှာလည်း Wild Eye အဖွဲ့၏ ထူးခြားသည့် အစီအစဉ်ဟု ဆိုရပါမည်။ 
ယခုနှစ်၏ ပြပွဲဦးစီး တင်ဆက်သူက ပန်းချီဆရာ သန်းဌေးဖြစ်ပြီး၊ ပန်းချီနှင့် ပန်းပုဆရာ ၃၂ ဦးတို့၏ အနုပညာလက်ရာ ၁၀၃ ခုကို စုစည်းတင်ဆက် နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ယခု နှစ်တွင် အဖွဲ့ဝင်သစ် ၅ ဦး ပါဝင်လာပြီး အဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်၍ ၎င်းက - `အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ တင်းတင်းကျပ်ကျပ် ချမှတ်ထားတာတွေတော့ မရှိပါဘူး။ 
အရေးကြီးတာက ပန်းချီကို စွဲစွဲမြဲမြဲ စူးစူးနစ်နစ် လုပ်နေသူ ဖြစ်ဖို့နဲ့ သမရိုးကျပုံဖော် ဖန်တီးမှုထက် ဆန်းသစ်ဖန်တီးတဲ့ လက်ရာတွေကို အထူးပြု ရွေးပါတယ်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေကို လက်တွဲခေါ်ယူ အားပေးပြီး ပန်းချီအနုပညာ ကျယ်ပြန့်ရေး ကြိုးပမ်းတဲ့ လှုပ်ရှားမှု ပြပွဲတွေ ဖြစ်အောင် စုစည်းပါတယ်´ ဟု ပြောသည်။ 



Wild Eye အဖွဲ့ဝင်သစ်တို့ လက်ရာများ
အဖွဲ့ဝင်သစ် ၅ ဦးမှာ ပန်းချီဆရာ ခက်ထန်၊ ကိုစစ်နှင့် ပန်းချီဆရာမ အုံအုံ၊ ၀င့်သန္တာ၊ နေခြည် တို့ ဖြစ်သည်။ 

ပန်းချီဆရာမ အုံအုံ၏ ပန်းချီကားများတွင် မတူညီသည့် (သက်ရှိ/သက်မဲ့) အရာဝတ္ထု ၂ ခုကို ယှဉ်တွဲရေးဆွဲ တင်ပြ ထားသည်ကို တွေ့ရပြီး တတိယ အတွေးစိတ်ကူးပုံစံ တမျိုး ရရှိစေနိုင်သော ရိုးစင်းသည့် တင်ပြမှု ဖြစ်သည်။ သူမ သုံးစွဲသည့် အရောင်များကြောင့် Surreal Mood ကို ရစေခြင်း ဖြစ်သည်။ 
သို့သော် ယခင် ပြသခဲ့သည့် သူမ၏ တကိုယ်တော် ပြပွဲ ပန်းချီလက်ရာများနှင့် သိသိသာသာ ပြောင်းလဲလာမှု ဟူ၍ များစွာ မတွေ့ရပါ။ 

ပန်းချီ ရေးဆွဲလာသည့် တက်တူးပညာရှင် ကိုစစ်က တက်တူးကို Detail (အသေးစိတ်) ရေးထိုးသူ ဖြစ်သည်။ သို့သော် ပန်းချီဆွဲရာတွင် လျှပ်တပြက် စိတ်ခံစားမှုကို အခြေခံသည့် Abstract ပန်းချီကားများ ရေးဆွဲသည်ကို တွေ့ရ သည်။ 
၎င်းသည် ပန်းချီကား ၀ယ်ယူစုဆောင်းသူ တဦးလည်း ဖြစ်ပြီး Myanmar Ink ဂယ်လာရီကို ဖွင့်လှစ်ထား သူ ဖြစ်သည်။ 
ပန်းချီကား ရေးဆွဲရန် ပြင်ဆင်မှုနှင့် ပတ်သက်၍ `ဘာ ရေးဖို့ စိတ်ကူး ရှိသလဲ ဆိုတာ ကိုယ့်ကိုယ်ကို မေးတယ် (ကိုယ့်စိတ်ကိုယ် ကြည့်တယ်)၊ 
အဲဒီမှာ တခုခု ရေးဖို့ စိတ်မှာ ဖြစ်နေတာ သေချာ သိပြီဆိုရင် အဲဒီ အတိုင်း ချရေးတာပါ´ ဟု ဆိုသည်။ 
သူ၏ ပန်းချီကားများ Color Composition အားပြုသည့် Abstract ပန်းချီကားများ ဖြစ်သည်။ 


ပန်းချီဆရာမ ၀င့်သန္တာ၏ ပန်းချီကားများမှာ စိတ်ဝင်စားစရာ ကောင်းသည်။ Realism ပန်းချီကားများ ဟု ချက်ချင်း သိသာစေသော်လည်း ယင်းထက် ပိုလွန်ထူးခြားသော ဖန်တီးမှုများ ပါဝင်နေ သည်ကို သေချာကြည့်လျှင် တွေ့ရသည်။ 
အမျိုးသမီးပုံ (Figure) နှင့် သစ်ထွင်းကနုတ်ပန်းများ ယှဉ်တွဲကာ လိုင်းတို့၏ သွယ်နွဲ့ပျော့ပျောင်းမှု၊ အသားစိုင်တို့၏ ပျောအိ နူးညံ့မှု သဘာဝကို ရေးဆွဲတင်ပြထားသည်။ 

ပန်းချီဆရာ ခက်ထန်၏ ပန်းချီကားများသည် ကိုယ်ပိုင်ဟန် သီးခြားရှိသည့် ပန်းချီကားများဟု ဆိုနိုင်သည်။ လိုင်း အကွေးများ၊ Subject အကွေး အတွန့်များဖြင့် (Distorted လုပ်) ဖန်တီးထားသည့် အခန်းအတွင်းသို့ ထိုးဖောက် တိုးဝင်လာသည့် အလင်းအမျှင် အလင်းတန်းများကြောင့် ဆွဲဆောင်မှု အားကောင်းသည်။ အခန်းအတွင်း Atmosphere ကြောင့်လည်း အထီးကျန်ဆန်မှု၊ ငြိမ်သက် စိုးထိတ်မှု၊ မရေရာမှုများနှင့် နှောင်ငင်စွဲလမ်း ခံစားမှုများ ရစေတာ တွေ့ရပါသည်။
သူ တည်းခိုနေထိုင်ခဲ့ဖူးတဲ့ အခန်းတွေကို ပြန်လည်ရေးဆွဲတင်ပြခြင်း ဖြစ်ကြောင်း ပြောသည်။

မျက်လုံးရိုင်းတို့သည် ဖန်တီးတင်ပြမှု၊ အတွေးအခေါ် အယူအဆ ဆန်းသစ်မှုများနှင့် ခေတ်သစ်မြန်မာ့ ပန်းချီ လှုပ်ရှားများကို ဆက်လက်ဦးဆောင် နေဦးမည် ဖြစ်သည်။ ။ 

နိုင်စွမ်း 






ဧရာဝတီ 

0 comments:

Post a Comment