အိုင်အက်စ်အဖွဲ့က ဒါဇင်နှင့်ချီသည့် ဆီးရီးယားစစ်သားများကို ဖမ်းဆီးသတ်ဖြတ်


အစ္စလာမ်မစ် ပြည်ထောင်စုလို့ ခေါ်တဲ့ အိုင်အက်စ်စစ်သွေးကြွတွေဟာ နိုင်ငံအရှေ့ မြောက်ဘက်က လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်အပြီး ဖမ်းဆီးရမိတဲ့ ဒါဇင်နဲ့ချီတဲ့ ဆီးရီးယားစစ်သားတွေကို သတ်ပစ်လိုက်တယ်လို့ အကြမ်းဖက်မှုစောင့်ကြည့်ရေးအုပ်စုက ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က ပြောပါတယ်။

အယ်လ်ကေဒါ အမာခံဂိုဏ်းကွဲ အိုင်အက်စ်စစ်သွေးကြွတွေဟာ သြဂုတ် ၂၄ ရက်နေ့ ကတည်းက တဘ်ကာလေတပ်စခန်းကို စီးနင်းမွှေနှောက်ခဲ့တာပါ။

နှစ်ဖက်စလုံးကြား ကြောက်စရာ အကောင်းဆုံးတိုက်ပွဲတွေထဲက တခုအတွင်း စစ်သားတွေနဲ့ အရာရှိတွေကို ဖမ်းဆီး သတ်ဖြတ်လိုက်တယ်လို့ သူတို့က ပြောပါတယ်။

ဒေသတွင်း ဆီးရီးယားစစ်တပ်ရဲ့ နောက်ဆုံးခြေကုပ်ဖြစ်တဲ့ တဘ်ကာစခန်းကို သိမ်းပိုက်မှုနဲ့ စစ်သည်အများအပြားကို သတ်ဖြတ်မှုဟာ အိုင်အက်စ်တွေရဲ့ နိုင်ငံမြောက်ပိုင်း ခြေကုပ်ကို ပြသမှုလည်း ဖြစ်ပါတယ်။

တကယ့်မြေပြင်ပေါ်က အချက်အလက်တွေကို သုံးပြီး ပဋိပက္ခကို စောင့်ကြည့်နေတဲ့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ စစ်သားတွေဟာ အိုင်အက်စ်စစ်သွေးကြွတွေ ဖမ်းတာခံရပြီးတဲ့နောက် လေဆိပ်ကနေ ထွက်ပြေးဖို့ ကြိုး စားခဲ့ကြသေးတယ်လို့ ပြောပါတယ်။

ဆီးရီးယားအစိုးရမီဒီယာကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတာကို အတည်ပြုပေမယ့် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေကို အစီရင်ခံမှု မလုပ်ပါဘူး။

အိုင်အက်စ်စစ်သွေးကြွတွေ တိုက်ပွဲအတွင်း အကြီးအကျယ် ဆုံးရှုံးတယ်လို့လည်း ပြောခဲ့ ပါတယ်။
DVB

0 comments:

Post a Comment