ဟောင်ကောင်တွင် တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသူ အနက်ရောင်ဝတ် တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာက “သစ္စာဖောက်ခံရသည်” ဟု ဖော်ပြ ထားသော ပိုစတာများကို ကိုင်ဆောင်ကာ ဟောင်ကောင်ရှိ လမ်းများပေါ်တွင် စက်တင်ဘာ ၁၅ ရက်က တိတ်ဆိတ်စွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။



ဟောင်ကောင်အုပ်ချုပ်ရေးမှူးနေရာအတွက် ၂၀၁၇ ခုနှစ်တွင် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက် ခွင့်ပြုရန် ဟောင်ကောင်ဒေသခံများ က တောင်းဆိုထားခြင်းကို တရုတ်အစိုးရက ငြင်းပယ်လိုက်သောကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

ယခုဆန္ဒပြမှုတွင် လူ ၄၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများက ကျောင်းသားများကိုလည်း စည်းရုံးပြီး ကျောင်းမတက်ဘဲ သပိတ်မှောက်ရန် တိုက်တွန်းထားသည်။

တရုတ်ပြည်မအစိုးရက မိမိတို့၏ ယုံကြည်မှုကို ချိုးဖောက်ခဲ့ကြောင်း၊ အားလုံး မဲပေးနိုင်ခွင့် အတွက် မျှော်လင့်ချက် မဲ့နေကြောင်း ရေးသား ထားသည့် ဆန္ဒပြပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

တရုတ်အစိုးရ ထောက်ခံသူများကလည်း တန်ပြန်ဆန္ဒပြမှုများကို လုပ်ဆောင်ခဲ့ကြသည်။

ဟောင်ကောင်ကာကွယ်ရေးနှင့် လှုပ်ရှားမှုစည်းရုံးရေးမှူး ပေါ့ချွန်ချောင်က “ခင်ဗျားတို့ သတ္တိရှိတယ်ဆိုရင် ဟောင်ကောင်မြို့လယ်ကို ကိုယ်တိုင်ပဲ သိမ်းပိုက် လိုက်ကြပါ။ ကလေးတွေ ကိုတော့ အသုံးမချပါနဲ့” ဟု ပြောကြားခဲ့သည်။
Ref:Reuters
 by Mizzima News

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့်ပူးပေါင်းအဖွဲ့တို့၏ လေဆိပ်၌စစ်ဆေးပြီး စစ်ဆေးမှုမပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ်ယူခွင့်ပေးခဲ့မှု ဖြစ်ပွား

Mobile Team အဖွဲ့မှ စစ်ဆေးရာတွင် Swiss Quartz အသားတံဆိပ်ပါရှိသည့် နာရီတစ်လုံးကို တွေ့ရစဉ်
နိုင်မိသားစု ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသောနာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့မှ လေဆိပ်၌စစ်ဆေးပြီး စစ်ဆေးမှုမပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ်ယူခွင့်ပေးခဲ့မှုဖြစ်ပွားခဲ့ကြောင်း တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ မှ သိရသည်။

နိုင်မိသားစုချယ်ရီဦးမှ သွင်းကုန်လိုင်စင်အမှတ် IL23111 (၂၁.၈.၂၀၁၄) ၊ ID-525623 (၁.၉.၂၀၁၄)၊ Air Way Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ တွင် တင်သွင်းလာသည့် ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents & Ladies Watch(with accessories) Stainless & Leather နာရီ ၉၃၇ လုံးအား Mobile Team ပူးပေါင်းနှင့် အကောက်ခွန်အဖွဲ့ထံသို့ ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့မှ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇ လုံးမှာ အရေအတွက်ကိုက်ညီသော်လည်း ထုတ်လုပ်သည့်နိုင်ငံ မပါသည့်နာရီအလုံး ၈၀၀ နှင့် Swiss Made (Swiss Quartz) အသားတံဆိပ်ပါရှိသည့် နာရီ ၁၃၇ လုံးပါဝင်ကြောင်း၊ စစ်ဆေးမှု မပြီးပြတ်သေးစဉ်မှာပင် အကောက်ခွန်မှ စစ်ဆေးဆဲပစ္စည်းကို ထုတ်ယူခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူတစ်ဦးက “တံဆိပ်မပါတာက အလုံး ၈၀၀၊ Swiss Made အသားတံဆိပ်ပါတာက ၁၃၇ လုံးပါ။ အဲဒီဟာကို လိုင်စင်စလျှောက်ကတည်းက ကိုရီးယားနိုင်ငံထုတ်၊ တန်ဖိုးကလည်း ကိုရီးယားနိုင်ငံထုတ် တန်ဖိုးတစ်လုံးကို ဒေါ်လာ ၄၀ နဲ့ပြထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း တင်သွင်းလာတဲ့အခါ Swiss Made အသားတံဆိပ်နဲ့ ၁၃၇ လုံး ပါလာတယ်။ ကျန်တာက ဘယ်နိုင်ငံထုတ်တယ်ဆိုတာ မပါတဲ့ အလုံးတွေဖြစ်နေတယ်။ ထုတ်တဲ့ ပင်ရင်းနိုင်ငံကိုလိုက်ပြီး တန်ဖိုးကလည်း ကွာခြားတယ်၊ 
အခွန်ဆောင်ရမယ့်ငွေလည်း ကွာခြားတယ်။ ဒါကို တိကျအောင်စိစစ်ခဲ့တယ်။ အကောက်ခွန်နဲ့ပဲ ပေါင်းပြီးစစ်ဆေးခဲ့တာ။ စစ်ဆေးလို့ မပြီးပြတ်သေးတဲ့အချိန်မှာပဲ အကောက်ခွန်က အဲဒီဈေးနဲ့ ထုတ်ယူခွင့်ပြုလိုက်တယ်။ ကျွန်တော်တို့ Mobile Team လည်း မသိလိုက်ဘူး။ အဲဒီလို ထုတ်ပေးတဲ့အတွက် ပြန်စိစစ်ပေးဖို့ကိုတော့ သက်ဆိုင်ရာအကောက်ခွန်ဦးစီးဌာနကို တင်ပြထားတယ်”ဟု ဆိုသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှုများနှင့် နေရာအသီးသီး၌ တရားမ၀င်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ထိရောက်စွာအရေးယူနိုင်ရန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ချယ်ရီဦးကုမ္ပဏီနှင့် နိုင်မိသားစုဆောက်လုပ်ရေးကုမ္ပဏီတို့၏ ပိုင်ရှင်မှာ တစ်ဦးတည်းသာဖြစ်ကြောင်း သိရသည်။ 
EMG

Miss Grand International 2014 ပြိုင် ပွဲ သို့ ၀င် ရောက် ယှဉ် ပြိုင် မည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အမ်ဂျာဆိုင်း အွန်လိုင်း ရွေးချယ်မှု မဲအများဆုံး ရရှိနေ


ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၇ရက်၌ ကျင်းပမည့်Miss Grand International 2014ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အလှမယ် အမ်ဂျာဆိုင်းသည် အွန်လိုင်း မဲပေးခြင်းတွင် မဲအများဆုံးဖြင့် ဦးဆောင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံက ဒုတိယကြိမ် အဖြစ် အိမ်ရှင် အနေနှင့် လက်ခံ ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် အတွက် Miss Golden Land Myanmar Organizationမှ ရွေးချယ်ပေးခဲ့သော အလှမယ်အား အွန်လိုင်းမှ တစ်ဆင့် မဲပေးခြင်းကို စက်တင်ဘာ ၄ရက်က စတင်ခဲ့ပြီး ယခုအခါ တရားဝင် မဲပေးစနစ်အတွင်း မြန်မာ အလှမယ်သည် မဲအများဆုံး ရရှိ ထားကြောင်း အင်တာနက် သတင်းများအရ သိရသည်။

အဆိုပါ Miss Grand International 2014 ပြိုင်ပွဲသို့ ပြိုင်ပွဲတွင် နိုင်ငံကိုယ်စား ပြုအလှမယ်ပေါင်း ၉၈ဦး ခန့် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံတကာ အဆင့်မီ ပြိုင်ပွဲကြီး တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Written by စကားဝါ
မြ၀တီ

ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ


၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၆/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ မျိုးဇော်ဝင်း(၃၂)နှစ် မောင်းနှင် လာသော 2C/xxxx ပရာဒိုခဲရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၇)ဦးအနက် ယာဉ်မောင်း မျိုးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့၊ ဗိုလ်ဥတ္တမလမ်းနေ ဦးခင်မောင်လွင်(၅၅)နှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြ၀တီရိပ်သာနေ ဦးတင်ရွှေ(၅၆)နှစ်နှင့် ဦးသန်းစိုးဦး (၃၁)နှစ်တို့ ၄ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ပဲခူးဆေးရုံသို့တင်ပို့ကုသစဉ် ဦးခင်မောင်လွင်မှာ ရရှိသောဒဏ်ရာများဖြင့် လမ်းတွင်သေဆုံးသွားခဲ့ကာ ယာဉ်မှာ ရှေ့ဘန်ဘာပြုတ်ထွက်၊ ရှေ့/နောက် လေကာမှန်ကွဲ၊ ၀ဲ/ယာတံခါးများကျိုးပဲ့ပျက်စီး၊ ရှေ့/နောက်မီးသီးကွဲ၍ တန်ဘိုးငွေကျပ်သိန်း(၅၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မျိုးဇော်ဝင်းအား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အကယ်ဒမီ စာရင်းဝင် ဇာတ်ကား သုံးကားတွင် "စေတန်ရဲ့ ကချေသည်" ဇာတ်ကားကို အကြိုက်ဆုံးဟု နေတိုးကဆိုပြီ


၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီ ဆုချီးမြင့်ပွဲတွင် နေတိုး ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကား သုံးကားပါရှိပြီး ယင်းဇာတ်ကား သုံးကားအနက် "စေတန်ရဲ့ ကချေသည်" ဇာတ်ကားကို သဘောကျ နှစ်ခြိုက်သည်ဟု နေတိုးက မဇ္ဈိမကိုပြောသည်။


“ဒီနှစ်ထဲ မှာ ကျွန်တော့် ရဲ့ ဇာတ်ကားတွေနဲ့ ပရိသတ် ရင်ခုန်လို့ရမယ့် ဇာတ်လမ်း တွေတော့ မနည်း မများပါနေတယ်။ ဒီနှစ်က ကျွန်တော့် အနေနဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်တယ်။ ဒီအပေါ် မှာ အမှတ်ပေး အကဲဖြတ်ရွေးချယ်တဲ့ အပေါ်မှာပဲ အဓိကကျတယ်။ အရှင်းဆုံး ပြောရရင် ပရိသတ် နဲ့အတူ ရင်ခုန်ရ မယ့်နှစ်တစ်နှစ် လို့တော့ ကျွန်တော် မြင်မိပါတယ်" ဟု၎င်းကဆိုသည်။

နေတိုးသည် စေတန်ရဲ့ကချေသည်၊ စုန်းပြူးနှင့် အဖြူရောင်ရဲတိုက် ဇာတ်ကား သုံးကားတွင်ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယင်းဇာတ်ကား များသည် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား ၁၅ ကား၏ ဆန်ခါတင် ၆ ကားရွေးချယ်ခဲ့ရာ၌ ပါဝင်လာခြင်းဖြစ်သည်။

"ဒီဇာတ်ကား သုံးကားလုံးက ခက်ခဲတဲ့ ကာရိုက် တာတွေပါပဲ။ “စေတန်ရဲ့ ကချေသည်” ဇာတ်ကားကို ကျွန်တော် အားရကျေနပ်မှု ရှိပါတယ်။ ဇာတ်လမ်း တင် ပြမှု မဟုတ်ဘဲ နဲ့ဇာတ် ကောင် အနေနဲ့ မြန်မာ ပရိသတ် ရင်ထဲကိုရော တကယ်ကို ထိထိမိမိ ဖြစ်မှာက “စုန်းပြူး” ဇာတ် ကားလို့ ပြောလို့ရတယ်။ “အဖြူရောင်ရဲတိုက်” ကတော့ ခက်ခဲတဲ့ ဇာတ်ကောင်စရိုက်လို့ ပြော လို့ရတယ်။ တအားကြီး ပင်ပင်ပန်းပန်းကြီး မလုပ်ရပေမယ့် စိတ်ထဲမှာ ခံစားနေရတဲ့ ပုံစံမျိုး ကို တင်ပြရတဲ့ အခါ ကျတော့ ရင်မောစေတယ်။ ဘယ်ဇာတ်ကား ကို ပိုပြီး ကြိုက်တယ်လို့ မေးလာရင်တော့ ဇာတ်ကောင် တစ်ခုအရ ဆိုရင်တော့ ဇာတ်ကောင်တိုင်း ကိုကြိုက် တယ်။ ဇာတ်ကား အရပြောရရင်တော့ နှစ်ကားက ကျွန်တော် မကြည့်ရသေးဘူး။ “စေတန်ရဲ့ ကချေသည်” ကိုတော့ ဇာတ်လမ်းရဲ့ တင်ဆက်မှု ပိုင်းရော၊ ဒါရိုက်တာရဲ့လုပ်ထားတဲ့ အပိုင်းရော တော်တော်လေးကို သဘော ကျနှစ်သက်မိပါတယ်" ဟု ၎င်းသရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်ပြီးပြောသည်။

နေတိုးသည် ၂ဝဝ၉ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲတွင် “မိုးညအိမ်မက်မြူ” ဇာတ်ကားနှင့် အကောင်းဆုံး ဇာတ်ဆောင်ဆုကို ပထမဆုံး ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။

by mizzima

လိင်ပိုင်းဆိုင်ရာစော်ကားမှုမှ ကာကွယ်ပေးနိုင်မည့် လက်သည်းနီ


တိုးတက်လာသော နည်းပညာများထဲ၌ လိင်ပိုင်းဆိုင်ရာလှုံဆော် ပေးသော ဆေးဝါးများကလည်း တစ်တပ်တစ်အားအဖြစ်တိုးတက်လာလေသည်။

လိင်ပိုင်းဆိုင်ရာလှုံဆော်သော ဆေးများအား အရောင်၊ အဆင်း၊ အနံ့၊ အရသာ လုံးဝမရှိ အောင် တစတစပြုပြင်လာနိုင်ကြသည့်အတွက် ခရီးသွားဟန်လွဲ သူစိမ်းတစ်ယောက်က တိုက်သည့် အချိုရည်လေးကပင်လျှင် ထိလွယ်၊ ရှလွယ် မိန်းကလေးများအတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်လာလျက် ရှိလေသည်။


ယခုအခါ North Cardina မှ ကျောင်းသားတစ်စုက လက်သည်းနီတစ်မျိုးကို တီထွင်ခဲ့ကြ ပြီး၊ ယင်းလက်သည်းနီက လိင်ပိုင်းဆိုင်ရာ လှုံဆော်မည့်ဆေးများအား သိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ အသုံးပြုပုံမှာလည်း လွန်စွာရိုး ရှင်းပြီး၊ လက်သည်းနီဆိုးထားသော လက်ညှိုးလေးဖြင့် မိမိအားတိုက် သောအအေးခွက်ထဲသို့ မွှေလိုက်ရုံ သာဖြစ်ပြီး၊ အကယ်၍ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်သည့်ဆေးများ ထည့် ထားပါက လက်သည်းနီမှာ အရောင် ပြောင်းသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းလက်သည်းနီက Rohypnol,Xunax နှင့် GHB အစရှိသည့် လိင်ပိုင်းဆိုင်ရာလှုံ့ဆော် ပေးသည့်ဆေးများအား စမ်းသပ်ပေး နိုင်ပြီး၊ အမျိုးကောင်းသမီးလေးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

မိုင်ကိ
Health Updates Journal

စစ်သွေးကြွများကြောင့် အီရတ်ပြည်သူ ၁.၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ


အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကြောင့် ဇန်နဝါရီလကနေ ခုထိ အီရတ်ပြည်သူ ၁.၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အကူအညီ ပေးရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဗလာရေအားမော့စ်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ပြောပါတယ်။

အစွန်းရောက် ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုဖြစ်တဲ့ အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားနိုင်ငံတွင်းမှာ အစက အခြေစိုက်ပြီး အီရတ်နိုင်ငံ မိုဆူးလ်နဲ့ တီကရစ်မြို့တွေကို ဇွန်လက သိမ်းပိုက်ခဲ့ပြီးနောက် ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

ဆွန်နီ၊ ရှီးယားမွတ်စလင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ယာဇီဒီနဲ့ ကာ့ဒ်စ် လူမျိုးတွေကို သတ်ခဲ့မှုကြောင့် သူတို့ကို ကမ္ဘာ့တလွှား ထိတ်လန့်ချောက်ချားခဲ့ကြပါတယ်။

ခုတော့ အီရတ်ဟာ လူသားချင်းစာနာမှု အကျပ်အတည်းကို အသည်းအသန် ရင်ဆိုင်နေရတယ်လို့ လူသားချင်းစာနာမှုနဲ့ အရေးပေါ်သက်သာချောင်ချိရေး ညှိနှိုင်း ဆောင်ရွက်ရေးမှူးနဲ့ ကုလသမဂ္ဂဒုအတွင်းရေးမှူးချုပ် ဗလာရေ အားမော့စ်က ပြောပါတယ်။

“ခုလို လူတွေ အစုလိုက်အပြုံလိုက်ကျလာတာဟာ နေစရာအကြီးအကျယ် အကျပ်ရိုက်တယ်။ မိသားစုတဝက်ကျော်က ဥယျာဉ်တွေနဲ့ တခြားအမိုးအကာမဲ့ နေရာတွေမှာ၊ လမ်းဘေးတွေမှာ၊ ဆောက်လုပ်ဆဲ အဆောက်အဦတွေမှာ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ကျောင်းတွေမှာ နေရတယ်။ ဒိုဟပ်ခရိုင်တွင်း ကျောင်းပေါင်း ၆၅၀ မှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေကို လက်ခံထားရတယ်။ ထောင်နဲ့ချီတဲ့ ကာဒစ်ရှ် ကျောင်းသားတွေလည်း ဒီနှစ် စာသင်ချိန်မှာ ကျောင်းမနေနိုင်ကြဘူး။”

အီရတ်နိုင်ငံတွင်းက စစ်ရေးနဲ့ လူသားချင်း စာနာမှုအရေးတွေအပေါ် ဆောင်ရွက်စရာ စီမံကိန်းတွေ ရေးဆွဲဖို့ စက်တင်ဘာ ၁၅ ရက် ဒီနေ့မှာ အီရတ်အာဏာပိုင်တွေနဲ့ နိုင်ငံ၂၀ က ကိုယ်စားလှယ်တွေက ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ ညီလာခံ ကျင်းပနေပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဝန်ကြီးဌာနအဆင့် အစည်းအဝေးနဲ့ ဒီလကုန်ပိုင်းမှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း နိုင်ငံ ခေါင်းဆောင်များအဆင့် အစည်းအဝေးတွေကို ကျင်းပဖို့ ရှိနေပါတယ်။
By ဒီဗွီဘီ

Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း

Contraceptive pills ကိုယ်ဝန်တား စားဆေး၊ Rings ကွင်း၊ နဲ့ Patches ကပ်ခွါတွေကနေ သုံးစွဲတဲ့ အမျိုးသမီးတွေ Risk of blood clot သွေးခဲစေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်တယ်လို့ ၂၇-၁ဝ-၂ဝ၁၁ နေ့က အမေရိကန် FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

Food and Drug Administration ကနေ အမျိုးသမီးပေါင်း ၈ သိန်းကျော်ကို ၂ဝဝ၁ ကနေ ၂ဝဝ၇ အတွင်းမှာ လေ့လာခဲ့တာပါ။ ဒီ အမျိုးသမီးတွေဟာ Yaz pill သုံးသူတွေ၊ Ortho Evra trans-dermal patch အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်းတွေ နဲ့ NuvaRing (ဗဂျိုင်းနား) ထဲထည့်ထားရတဲ့ ကွင်းတွေ သုံးနေကြသူတွေ ဖြစ်ပါတယ်။ ဒီ နည်း ၃ မျိုးလုံးဟာ Deep venous thrombosis ကိုယ်အတွင်းထဲမှာ ရှိတဲ့ သွေးပြန်ကြောထဲ သွေးခဲတဲ့ရောဂါနဲ့ ဆက်စပ်နေပါတယ်။

Drospirenone ဆေးပါတဲ့ဟာ Progestin ပါတဲ့ Levonorgestrel လိုဆေးနဲ့ မတူတဲ့သဘော ဖြစ်ပါတယ်။ ဒီအန္တရာယ် ရှိနိုင်တဲ့ ဆေးနာမည်တွေကတော့ Yaz, Yasmin, Beyaz, Ocella, Loryna, Gianvi, Safyral, Syeda နဲ့ Zarah တွေ ဖြစ်ကြတယ်။

- Yaz ဆေးဟာ ဂျာမန်ကုမ္ပဏီ Bayer ကနေထုတ်လုပ်ပြီး တကမ္ဘာလုံးမှာ ၁့၅၆ ဘီလီယမ် ဘိုး ရောင်ချနေရတဲ့ ကိုယ်ဝန်တား စားဆေး ဖြစ်တယ်။
- NuvaRing ဆိုတာ အမျိုးသမီးရဲ့ ဗဂျိုင်းနားထဲမှာ တလထားနိုင်တဲ့ ဆေးပါတဲ့ကွင်း ဖြစ်တယ်။ Merck pharmaceuticals ကနေ ထုတ်တယ်။

- Ortho Evra patch ကတော့ Janssen Pharmaceuticals ကနေထုတ်ပြီး တပါတ်တခါ အသစ်လဲရတာမျိုး ဖြစ်တယ်။

အခု တွေ့ရှိချက်ဟာ အသစ်ဖြစ်ပြီး လာမဲ့ ဒီဇင်္ဘာလထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဘို့ရှိပါတယ်။ အခုလို တာရှည်ခံ တားနည်းတွေကနေရတဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်းကြောင့် ဒီလိုဖြစ်ရလို့ ယူဆစရာရှိပါတယ်။

European Medicines Agency ကလဲဘဲ ၂၇-၅-၂ဝ၁၁ ကတည်းက ဒီလို သတိပေးချက် ထွက်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးခဲစေနိုင်တဲ့ ဖြစ်နှုန်းက သိပ်မများတာကြောင့် အမျိုးသမီးတွေ Drospirenone pills မသုံးကြနဲ့တော့လို့ မပြောသေးပါ။

ရှားပါတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတယောက် Yaz သုံးရာကနေ သွေးခဲပြီး သေဆုံးရတယ်လို့ စွပ်စွဲမှုနဲ့ တရားစွဲဘူးတယ်။ Michelle Pfleger ခေါ်တဲ့ ၁၈ နှစ်သမီး အမေရိကန်မလေးလဲ ဝက်ခြံ ပျောက်အောင်ဆိုပြီး တားဆေး Yaz သောက်လို့ နှလုံးရပ်ပြီး သေဆုံးသေးတယ်။

- ဒီနှစ်ထဲမှာ British Medical Journal ရဲ့ရေးသားချက် ၂ ခု အရလဲ Yaz နဲ့ Yasmin ဆေးတွေကနေ သွေးခဲမှာကို ၃ ဆ ရှိတယ်၊
- သုံးနေကြ တားဆေးတွေက ၂ ဆသာ ဖြစ်စေတယ်လို့ ပါရှိတယ်။ တားဆေး မသောက်သူထက် ပိုဖြစ်နိုင်တာကို ဆိုလိုတာဖြစ်တယ်။
- Yaz ရဲ့ တရားဝင် Website (ဝက်ဘ်ဆိုက်) မှာလဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ Blood clots သွေးခဲတာ၊ Stroke (စထုပ်ခ်) ရတာ နဲ့ Heart attack နှလုံး (အတက်ခ်) ရတာတွေ ဖြစ်စေနိုင်တယ်လို့ ပါထားတယ်။

- NuvaRing ဆေးကွင်း နဲ့ Ortho Evra ဆေးချောင်းတွေနဲ့ ဆက်စပ်မှုကတော့ အသစ်တွေ့ရှိချက် ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေအတွက် စိုးရိမ်စရာရှိနိုင်တယ်။

Dr. တင့်ဆွေ

မြ၀တီမှာ ချိန်ကိုက်မိုင်းတွေ့ရှိ












ဒီနေ့မနက် ၆ နာရီခွဲအချိန်က မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးမှာ အဝေးထိန်းစနစ်မပါတဲ့ ချိန်ကိုက်မိုင်းတလုံးကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။

ဒီမိုင်းကို စစ်မြေပြင်အင်ဂျင်နီယာတပ်စိတ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့က အဲဒီချိန်ကိုက်မိုင်းကို ဖြတ်တောက်ပြီး အသက်မဲ့မှုပြုလုပ်ခဲ့ကြပါတယ်။


အဲဒီမိုင်းကို နာရီဒိုင်ခွက်အသုံးပြု ပြီး AA ဓာတ်ခဲတွေ အသုံးပြု လို့ ထောင်ထားတာဖြစ်ပြီး - လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲနိုင်ဘို့အတွက် အချိန်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။


အာဏာပိုင်များရဲ့ သုံးသပ်မှုတွေအရ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ချက်ဆီးဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထောင်ထားတာမဟုတ်ဘဲ ပြည်တွင်းပြည်ပက အဖျက်အမှောက် လုပ်ရပ်တွေကို ဆောင်ရွက်လိုတဲ့အဖွဲ့တွေက နိုင်ငံရေးသိက္ခာ ကျဆင်းဘို့အတွက် ချစ်ကြည်ရေးတံတားနဲ့နယ်စပ်ဝင်ပေါက်အနီးမှာ ထောင်ထားတာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။


အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာဆိုပြီး စွပ်စွဲပြောဆိုမှုတွေ မရှိသေးပါဘူး။


အာဏာပိုင်တွေဘက်ကတော့ ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးဇုန်အပါအ၀င် မြို့တွင်း အရေးကြီးနေရာတွေကို မိုင်းရှာဖွေရှင်းလင်းခြင်း အသေးစိပ်လုပ်ဆောင်နေပါတယ်။


ဒီချိန်ကိုင်မိုင်းကို ဒီနေ့မနက် ၆ နာရီခွဲမှာ စည်ပင်သန့်ရှင်းရေး အလုပ်သမတဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။


မနေ့တနေ့တုံးကလဲ ကရင်င်ြမ်းချမ်းရေးအဖွဲ့တခုကနေ မြ၀တီကုန်သွယ်ရေးဇုန်ကို ပစ္စည်းလာပို့တဲ့ ကုန်တင်ကားကြီး အစီ ၃၀ ကို ပိတ်ဆို့မှုတခုလုပ်ခဲ့ပါသေးတယ်။


အဲနောက်ပိုင်း ဒီကနေ့မှာ မြ၀တီမြို့ ထဲမှာ ချိန်ကိုက်မိုင်းတွေ့ရှိတဲ့အတွက် မြို့ ခံတွေကတော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ ခံအချို့ က ပြောဆိုကြပါတယ်။


ပုံစာ - ဒီနေ့တွေ့ရှိတဲ့ ချိန်ကိုက်မိုင်းကို စစ်ပြေပြင်အင်ဂျင်နီယာတပ်စိပ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့ ရှင်းလင်းဖယ်ရှားနေတာပါ။


ကရင်အမျိုးသား- မီဒီယာ

IS အဖွဲ့အား အမေရိကန် အစိုးရ အရေးယူ တိုက်ခိုက်မှု အာရပ်ကမ္ဘာ ထောက်ခံ


IS အဖွဲ့ အပေါ် အမေရိကန် အစိုးရ၏ အရေးယူ တိုက်ခိုက်မှု များအား အာရပ်ကမ္ဘာ ထောက်ခံကြောင်း သတင်းများက ဆိုထားကြသည်။ လက်ရှိ အချိန်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် IS အဖွဲ့ အပေါ် အရေးယူ တိုက်ခိုက်မှုများအား အရှိန်မြှင့် ဆောင်ရွက်လျက် ရှိနေ သည်။ ထိုနည်းတူ ပြင်သစ်သမ္မတ ဖရန်ဆွာသြော်လွန်သည် သောကြာနေ့က အီရတ်မြို့တော်သို့ သွားရောက်ခဲ့ပြီး အီရတ် အစိုးရအား ထောက်ပံ့မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြသသည့် အနေဖြင့် အီရတ်သမ္မတနှင့် တွေ့ဆုံမည် ဖြစ်သည်။ ပြင်သစ် အစိုးရက လိုအပ်ပါက အီရတ်ရှိ စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှုတွင် ပြင်သစ် ပါဝင်မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားထားပြီး စက်တင်ဘာလ (၁၅) ရက်နေ့တွင် နိုင်ငံတကာ ကွန်းဖရင့် တစ်ခုကို အီရတ်တွင် ဦးဆောင်ပြု လုပ်မည် ဖြစ်သည်။ 

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေးအပြီး ထွက်ပေါ်လာသည့် သတင်းထုတ်ပြန် ကြေညာချက်၌ ဆော်ဒီအာရေဗျ အပါအ၀င် အာရပ်(၁၀) နိုင်ငံတို့သည် IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်ရာ တွင် ယင်းတို့၏ အခန်းကဏ္ဍများမှ ပါဝင်ရန် သဘောတူထားကြောင်း ဖော်ပြထားသည်။ 

IS အဖွဲ့သည် လက်ရှိ အချိန်တွင် အီရတ်နှင့် ဆီးရီးယားတို့တွင် မြေပြင် တိုက်ခိုက်ရေး တပ်သား (၂၀၀၀၀) မှ (၃၁၅၀၀) အထိ ရှိနေကြောင်း စီအိုင်အေက ဆိုထားပြီး ယခင်က ခန့်မှန်းထားခဲ့သည့် (၁၀၀၀၀) ထက် ပိုမို များပြားသည် ဟုလည်း ပြောကြားထား သေးသည်။ စီအိုင်အေ ပြောခွင့်ရှိသူ ရိုင်ယန်ထရာပနီက ဇွန်လနောက်ပိုင်း အောင်ပွဲရမှုများနှင့် အခြားအကြောင်းအရာ များကြောင့် IS အဖွဲ့ တပ်သားဦးရေ ပိုမိုများပြားလာ ခဲ့ကြောင်း ဆိုထားသည်။ အီရတ် အစိုးရ အသစ်အဖွဲ့နှင့် ဆီးရီးယား အတိုက်အခံများ ကလည်း IS အဖွဲ့ အပေါ် အရေးယူမည့် အမေရိကန်သမ္မတ အိုဘားမား၏ အစီအစဉ်ကို ကြိုဆို ထောက်ခံခဲ့ကြောင်း သိရသည်။ 

Source:AFP
From: The Messenger

Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး

• လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
၁။ Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

၂။ Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

၃။ အရေးပေါ်တားဆေး Ecee-2 ကို ဖေ့စ်ဘွတ်မှာမတင်ပါ။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နည်းစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်း မပါဘူး။ ဒါ့ကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

Dr. တင့်ဆွေ

လမ်းမကြီးဘေးက အိမ်ဆောက်ပစ္စည်းများကြောင့် ကားကြိတ်သေဆုံးမှုဖြစ်





သျှမ်းပြည်မြောက်ပိုင်း ၊နမ့်ခမ်းမြို့ ဟိုကတ်ရပ်ကွက်တွင် ပြည်ထောင်စုကား လမ်းမဘေး၌ အိမ်ဆောက်ပစ္စည်း များ စည်းကမ်းမဲ့ချထားမှုကြောင့် ယမန်နေ့ညနေက လူတစ်ဦးကားကြိတ်ခံရ သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။

စက်တင်ဘာလ ၁၄ ရက်ညနေက မော်တော်ဆိုင်ကယ်စီးလာသော အမျိုးသမီးငယ်နှစ်ဦး၏ ဆိုင်ကယ်ဘီးထဲသို့ အိမ်ဆောက်ရန် လမ်းဘေး၌ချထားသော သံချောင်းချိတ်မိပြီး လဲကျရာမှ ကားနင်းမိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်တွင်းနေထိုင်သူတဦးကပြောသည်။

“ ဆိုင်ကယ်ဘီးထဲကို သံချောင်းဝင်သွားလို့ ဆိုင်ကယ်လည်သွားပြီးလဲကျတယ်။ နောက်ကစီးတဲ့တယောက် လမ်းပေါ်ကျသွားတယ်။ အဲဒီအချိန်မှာဆိုင်ကယ်နောက်က ကပ်ပါလာတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကား တက်ကြိတ်သွားတယ်။ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကိုချက်ချင်းသယ်သွားတယ်။ ဒါပေမယ့် ညနေ ၅ နာရီခွဲလောက်မှာ ကားကြိတ်ခံရတဲ့ကောင်မလေးသေဆုံးသွားတယ်။ အဲတာ လမ်းဘေးမှာ စည်းမဲ့ကမ်းမဲ့ ချထားတဲ့ အိမ်ဆောက်ပစ္စည်းတွေကြောင့်ပေါ့။” ဟု အဆိုပါ ရပ်ကွက်သားက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးပြီးချင်း လမ်းမဘေး၌ စည်းကမ်းမဲ့ ချထားသော အိမ်ဆောက်ပစ္စည်းများကို ချက်ချင်းရွှေ့ ပြောင်းထားသည်ကိုတွေ့ရကြောင်း၊ နမ့်ခမ်းမြို့စည်ပင်ဌာနမှ တည်ဆောက်နေဆဲ အိမ်ကိုများကို ကွင်းဆင်း စစ်ဆေးမှုမပြုလုပ်သောကြောင့် ဤသို့ မဖြစ်သင့်သည်များလည်း ဖြစ်လာရကြောင်း မြို့ခံ စိုင်းဆန်အိုက် ကဆိုသည်။

“ကျနော်တို့မြို့မှာ အိမ်ဆောက်မယ်ဆိုရင် စည်ပင်ဌာနက ပိုက်ဆံတော့ လာကောက်တတ်တယ် ၊ ဒါပေမယ့် ကွင်းဆင်းစစ်ဆေးမှုမရှိဘူး ၊ ခုလည်း လမ်းမကြီး တစ်လျှောက် ဆောက်လုပ်ဆဲ အိမ်တွေ အိမ်ဆောက် ပစ္စည်း တွေ စည်းကမ်းမဲ့ချထားတာ အများကြီးရှိနေသေးတယ် ”ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

တရုတ်နံပါတ်ပြားတပ်ကားကိုမောင်းနှင်လာသော ယာဉ်မောင်းမှာ နမ့်ခမ်းမြို့ မန့်ဟောင်းကျေးရွာနေ စိုင်းယီမွန် ဖြစ်ပြီး သေဆုံးသူမှာ ပန်းဆေးရွာနေ အသက် ၂၀ ခန့် (အမည်မသိ) အမျိုးသမီးငယ်တစ်ဦးဖြစ်ပါသည်။ ၄င်း ယာဉ် မောင်း ကို အာဏာပိုင်များက နမ့်ခမ်းမြို့ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရပါသည်။
သျှမ်း (သံတော်ဆင့်)

ဓမ္မစေတီ ခေါင်းလောင်း ရက်ကန့်သတ်ချက်မရှိ ဆက်ရှာမည်ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကြီး ကိုရက်အကန့်သတ်မရှိ ရှာဖွေ မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက ပြည် ထောင်စု နေ့စဉ်သို့ ပြောသည်။
ယနေ့ ရန်ကုန်မြို့ သန်လျင် မြို့နယ်ရှိ နတ်စင်တစ်ရာ ကျောင်းတိုက်၌ နတ်စင်တစ်ရာ ဆရာတော်နှင့် ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့တို့ ပူးတွဲပြု လုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထောင်စု နေ့စဉ်သို့ သီးခြား အတည်ပြု ပြောကြား ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်း ပွဲ၌ နတ်စင်တစ်ရာ ဆရာတော် က''ဘုန်းကြီးအနေနဲ့ ဒီနေ့ရှင်း လင်းမိန့်ကြားရတာက မီဒီယာ တွေမှာ နတ်စင်တစ်ရာ ဆရာ တော်ကဦးစံလင်းနဲ့စသည်ဖြင့် ရေးသားချက်တွေနဲ့ပတ်သက်ပြီး မိန့်ကြားမှာ ဖြစ်ပါတယ်။ ဆရာတော့်အနေနဲ့ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့၊မွန်အထောက် အကူပြုအဖွဲ့တွေနဲ့ရင်းနှီးခဲ့တာ ကတော့နှစ်ပေါင်း၂ဝကျော်ကြာ ပြီ။ အဲဒီ့အတွက်ခေါင်းလောင်း ဆယ်ယူတဲ့ နေရာမှာအန္တရာယ်ကင်းအောင်ပရိတ် ရွတ်ပေးတယ်။ ပြီးတော့ဦးစံလင်း ခေါင်းလောင်းတွေ့ပြီလို့ကြေညာ တဲ့အချိန် ဘုန်းကြီးပြည်ပမှာ ဆေး သွားကုနေတာပါ။ မွန်အဖွဲ့တွေ ဘုန်းကြီးဆီကို ခေါင်းလောင်းတွေ့ပြီ လို့ လာလျှောက်တုန်းကလဲ ခေါင်း လောင်းကိုကြိုးချည်ပြီးမှပြန်လာပြော ပါ၊ အဲဒီအခါလိုအပ်တာကူညီမယ် လို့ဘုန်းကြီးမိန့်ခဲ့တယ်။ အခုလဲ အများပြည်သူကို မိန့်ချင်တာက ကြိုးချည်ပြီးမှယုံကြပါ။ ပြီးတော့ ဦးစံလင်းအနေနဲ့စေတနာသုံးတန် နဲ့ ဒီလုပ်ငန်းကိုဆောင်ရွက်နေတာ ပါ''ဟု မိန့်ကြားသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်းက ခေါင်းလောင်းတွေ့ရှိခြင်းမတွေ့ခြင်း ကိုအတည်မပြုနိုင်ကြောင်း၊ ဦးစံလင်း အနေဖြင့် မီဒီယာများတွင်ဖော်ပြ သကဲ့သို့တိမ်းရှောင်သွားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။

ဦးကြည်ဝင်းက''ကျွန်တော်တို့ ကနဂိုကတည်းကဓမ္မမိတ်ဆွေတွေ မို့လို့ သူ့ကိုယုံကြည်တယ်။ ခေါင်း လောင်းတွေ့ပြီလို့  သြဂုတ်လ ၂၆ ရက်ကထုတ်ပြန်တာကလဲဦးစံလင်း ကသဘောင်္ပေါ်ကနေဒီလိုထုတ်ပြန် ပါဆိုလို့ထုတ်ပြန်တယ်။ကျွန်တော် တို့ကိုယ်တိုင်ဘာမှမသိဘူး။အတည် ပြုနိုင်တာကတော့ဦးစံလင်းမထွက် ပြေးပါဘူး။ ခုထိဆက်ရှာနေတယ်။ ရက်အကန့်အသတ်မရှိဘူး။ ဆက် လုပ်မယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလဲ ခွင့်ပြုပေးထားတယ်။ ဦးစံလင်းကိုယ်တိုင်ကလဲ အရမ်း ဇွဲကြီးပါတယ်''ဟုပြောသည်။

ထို့ပြင်ဦးစံလင်းအနေဖြင့်ခေါင်း လောင်းဆယ်ယူရေးလုပ်ငန်း၌အလှူ ရှင်များ၏လှူဒါန်းငွေကို အသုံးပြု ခြင်းမရှိကြောင်း ¤င်းကဆိုသည်။
''ဘုန်းကြီးသိရသလောက်ဒီငွေ တွေကိုသူမထိဘူး။မနေ့ကတောင် အလှူရှင်တစ်ဦးကငွေကျပ်သိန်း၁ဝဝ လာလှူတယ်။ သူလက်မခံဘူး။ ဒါပေမယ့်ဆရာတော်က လိုအပ် လာနိုင်လို့ လက်ခံထားခိုင်းလိုက် တယ်။ သူ့ကိုယ်ပိုင်ငွေတတ်နိုင် တဲ့အထိသူဆက်လုပ်ပါလိမ့်မယ်'' ဟုဆရာတော်ကမိန့်သည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ အနေဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဟု သြဂုတ် ၂၅ ရက်တွင်တရားဝင်ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၂၆ရက်အပြီးဆယ်ယူမည် ဟု မူလကထုတ်ပြန်ကြေညာခဲ့ သည်။
သြဂုတ်၉ရက်တွင်ခေါင်းလောင်း စတင်ဆယ်ယူခဲ့ရာ ယနေ့အထိ ၄၂ ရက်ရှိသွားပြီဖြစ်သည်။

The Union Daily

Muscle twitch ကြွက်သားလှုပ်ခြင်း


1. ဆရာရှင့် ကျမအသက် ၃၁ ပါ။ အိမ်ထောင်မရှိ။ အခုတလော မျက်နှာကြွက်သားတွေ အဆက်မပြတ်လှုပ်နေလို့။ တခါတလေ ခေါင်းတခြမ်းကိုက်တယ်။ နှလုံးခုန်မြန်ပြီး ဒူးတွေတုန်တယ်။ အဲ့တာလေဖြတ်တဲ့လက္ခဏာလားဆရာ။ဘယ်လိုလုပ်ရမလည်းရှင့်။
2. ကျွန်တော့အမျိုးသမီး အသက်၄၁နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ ဆရာပြောပြတဲ့ အထက်ကအဆင့်ထိတော့ မဖြစ်သေးပါ။ အမျိုးသမီးက ပေါင် ၁၄ဝ၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့ Reju Nuron ဆိုတဲ့ Methylcobalamin and Alpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။ အကြာကြီးသောက်ဖို့ ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်း မပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ။

စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကို ဆေးစာနဲ့ Fasciculation ခေါ်တယ်။ အပေါ်ယံအရေပြားမှာဖြစ်တာ (မြင်ရတယ်) နဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်။ Motor tics ကြွက်သား ဆတ်ကနဲ လှုပ်တာလိုဘဲ Vocal tics အသံမှာဖြစ်တာလဲရှိတယ်။ ကလေး ၂၅% မှာ အနည်းနဲ့အများဖြစ်ကြတယ်။ စိတ်ဖိအားများတာ၊ အိပ်ရေးပျက်တာကနေဖြစ်ကြရှားတယ်။ ကြွက်သားလှုတ်တာ ဆက်တိုက်ဆက်တိုက် စိတ်ကနေမခိုင်ဘဲလှုပ်တာမျိုးဖြစ်တယ်။

ကြွက်သားလှုတ်တာ ဖြစ်စေတဲ့အကြောင်းတွေက များတယ်။ အများစုဟာ စိုးရိမ်စရာမရှိတာတွေ ဖြစ်တယ်။
• Poliomyelitis ပိုလီယိုရောဂါ၊ Neuromyotonia နဲ့ Spinal muscular atrophies (SMA) ရောဂါတွေကနေ ဖြစ်တယ်။
• Acetylcholinesterase inhibitors ပါတဲ့ Myasthenia gravis ခေါ်တဲ့ ကြွက်သားရောဂါအတွက်ပေးတဲ့ ဆေးကနေလဲ ဖြစ်နိုင်တယ်။
• Organophosphate poisoning အင်းဆက်သတ်ဆေး အဆိပ်သင့်ရင်လဲဖြစ်နိုင်တယ်။
• Valium ဗေလီယမ်လို စိတ်ငြိမ်ဆေးဖြစ်ရာကနေလဲ ဖြစ်နိုင်တယ်။
• Magnesium deficiency (မက်ဂနီဆီယမ်) ဓါတ်နည်းလို့လဲဖြစ်နိုင်တယ်။
• Rabies ခွေးရုးပြန်ရောဂါကနေလဲဖြစ်တယ်။
• Anticholinergic drugs ဗိုက်နာသက်သာဆေးတွေ၊
• Diphenhydramine (Benadryl, Dimedrol, Daedalon and Nytol) အင်တီဟစ်တမင်းဆေးတွေ၊
• Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan) ကားမူး၊ အအန်ပျောက်ဆေးတွေ၊
• Caffeine, Pseudoephedrine (Sudafed), Amphetamines လို စိတ်နိုးကြားစေတာတွေ၊
• Salbutamol (Proventil, Combivent, Ventolin) ပန်းနာဆေးတွေ၊

ကုသတာမှာ ဖြစ်စေတာကိုသိရင် ကုပေးရမယ်။ ဥပမာ Magnesium နည်းသူကို မက်ဂနီဆီယမ်ပေးရတယ်။ မက်မုန်သီ၊ ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။ Magnesium supplements ဆေးလဲသောက်နိုင်တယ်။ များရင်လဲ မကောင်းပါ။ ဝမ်းလျှောမယ်။ Milk of Magnesia ဝမ်းပျော့ဆေးသောက်ရသူတွေ သတိထားရမယ်။ လိပ်ခေါင်းအတွက် ပေးတယ်။

Benign fasciculation syndrome (BFS) ခေါ်တဲ့ ကြွက်သားလှုပ်ရောဂါလဲရှိတယ်။
• အများအားဖြင့် မျက်ခွံ၊ လက်နဲ့ ခြေထောက်မှာဖြစ်တယ်။ လျှာမှာလဲဖြစ်တတ်သေးတယ်။
• နားနေရင်းလဲဖြစ်တယ်။ ပင်ပန်းလို့၊ စိုးရိမ်စိတ်များလို့၊ ကြွက်သားတွေနာလို့ကနေလဲဖြစ်တယ်။
• Electromyography (EMG) နည်းနဲ့ရောဂါရှာတယ်။
• စိုးရိမ်စိတ်များသူတွေကို beta-blockers နဲ့ anti-seizure drugs ဆေးတွေပေးနိုင်တယ်။
• ပဌမမေးခွန်းမေးသူအတွက် beta-blockers (Propranolol 20-40 mg) သင့်မယ်။ ဒါပေမဲ့ ဆေးစစ်ချက်တွေကိုပါ ကြည့်ရအုံးမယ်။

ဒေါက်တာတင့်ဆွေ

ယူနိုက်တက်နှင့် မည်သည့်အခါကမျှ နီးစပ်မှု မရှိခဲ့ဟု မူလာပြောကြား


မန်ချက်စတာ ယူနိုက်တက်နှင့် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည့်တိုင် လက်တွေ့အားဖြင့် အဆိုပါ ကိစ္စသည် လုံးဝ မနီးစပ်ခဲ့ဖူးကြောင်း သောမတ်စ် မူလာက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၅)နှစ်ရှိ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးသည် ကမ္ဘာ့ဖလားတွင် အထူးတလည် ခြေစွမ်းပြခဲ့ပြီးနောက် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ဗန်ဂါးလ်သည် ဘိုင်ယန်ကို နည်းပြအဖြစ် တာဝန်ယူစဉ်က မူလာကို လူငယ် စီမံ ကိန်းမှ မြှင့်တင် မြေတောင် မြှောက်ပေး ခဲ့သူလည်း ဖြစ်သည်။ မူလာကမူ မိမိနှင့် ယူနိုက်တက် တို့ကြား နီးစပ်ရန် အခြေအနေသည် မည်သည့် အခါကမျှ ဖြစ်နိုင်ခြေ မရှိခဲ့ဟု ဆိုသည်။

“စိတ်ဝင်စားမှုတော့ ရှိကောင်းရှိမှာပေါ့။ နွေရာသီမှာ ယူနိုက်တက်က ကစားသမား အများကြီးကို စောင့်ကြည့်ခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်က ဘယ်တုန်းကမှ တခြားအသင်း တစ်ခုခုကို ကူးပြောင်းသွားဖို့ စိတ်ကူးခဲ့တာ မရှိပါဘူး။ အသင်းက ကျွန်တော့်ကို (၂၀၁၉)ထိ သက်တမ်းတိုး စာချုပ်ထားတယ်။ ဘိုင်ယန်က ကျွန်တော့် အနာဂတ်ကို ဒီမှာပဲ ဖြတ်သန်းစေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြပြီးသားပါ။ ဒီတော့ ကျွန်တော့်အတွက် ဆုံးဖြတ်ရမယ့် ကိစ္စက အရမ်းလွယ်ကူသွားတယ်” ဟု မူလာက ပြောကြားသွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Soccer Myanmar