Showing posts with label KIA သတင်း. Show all posts
Showing posts with label KIA သတင်း. Show all posts

မြန်မာအစိုးရတပ် ယာဉ်တန်းကို KIA တပ်ရင်း(၃၆) တိုက်ခိုက်

မြန်မာအစိုးရတပ် ထိုးစစ်ကို ခုခံနေတဲ့ KIA တပ်ဖွဲ့
ယနေ့ နေ့လယ်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး မြန်မာအစိုးတပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၃၆)မှ ပြင်းပြင်းထန်ထန် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်မှာ မုန်ဘော် ဘက်မှဆင်းလာသော အစိုးရစစ်တပ် စစ်ကား(၃)စီးကို နမ်တောင်းနှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ ကြား KIA တပ်ရင်း(၃၆) တပ်ဖွဲ့များမှ မိုင်း၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများဆိုပါသည်။

အစိုးရတပ်ဘက် ထိခိုက်သေဆုံးမှု မည်မျှရှိသည်ကို မသိရသေးပါ။

မနက် (၈)နာရီခွဲခန့်မှာလည်း နမ်တောင်းကျေးရွာအနီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။

၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး အခြားနေရာဘက်တွင်လည်း ယခု သတင်းရေးသားနေသည့် မြန်မာစံတော်ချိန် ည(၇)နာရီအထိ သေနတ်သံများ ကြားနေရသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

စက်တင်ဘာ(၁၁) ရက်မှစပြီး KIA မုန်းကို ဒေသ နမ်တောင်း၊ မုန်ဘော်၊ မုန်းကိုနှင့် ဖေါင်းဆိုင် ဒေသများတွင် အစိုးရတပ် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

ယမန်နေ့ မနက်ပိုင်းမှစပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၁၂) ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါသည်။

Kachin News Group

KIA အဖွဲ့မှ ဆက်ကြေး ၃ ဆတိုးမြှင့်ကောက်ခံလာ၍ ဒေသခံ ကချင်တိုင်းရင်းသားများ စိတ်ပျက်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သောဒေသ ခံတိုင်းရင်းသားများ အား အောက် တိုဘာ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့မှ ပုံမှန်ထက် ၃ ဆမြှင့် ကာ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း သတင်းရရှိသည်။


KIA အဖွဲ့မှ ဆက်ကြေးလာရောက်ကောက်ခံထားသော အဆိုပါမြို့နယ်အတွင်း၌ နမ္မတီး၊ အကျဲဂတ် ရှာ ယန်၊ ဆောင်းခါ၊ နန့်ဟိုင် စသည့်ကျေးရွာများ ပါဝင်ကြောင်းသိရသည်။


``ပုံမှန်ကောက်ခံတဲ့ ဆက်ကြေးထက် ၃ ဆထက်လောက်များလာတော့ ရွာသူရွာသားတွေလည်း ဒုက္ခ ရောက် နေတယ်၊ အချို့စားဝတ်နေရေး အဆင်မပြေတဲ့အိမ်တွေဆိုရင် ဆက်ကြေးငွေမပေးနိုင်လို့ ဒုက္ခ ရောက် နေကြ တယ်´´ဟုအမည် မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။


အဆိုပါကျေးရွာများသည် KIA တပ်ရင်း(၁၁) လှုပ်ရှားနယ်မြေဖြစ်ပြီး ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေ အပြည့်အ၀ မရတော့ သဖြင့် ကျေးရွာများအား ဆက်ကြေးတိုးမြှင့်ကောက်ခံလာခြင်းဖြစ်ကြောင်း KIA အ ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။


``ဒေသခံရွာသူရွာသားတွေဆီက နှစ်စဉ်ဆက်ကြေးကောက်ခံနေပေမယ့် တစ်ခုထူးခြားတာက ရွာ သူ ရွာ သား တွေအတွက်တော့ ဘာအကျိုးမှ မပြုဖူးသေးတာဘဲ၊ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ရင် ရွာလုံး ကျွတ် ထွက် ပြေးရမယ်၊ ယောက်ျားတွေဆိုရင် စစ်ပါတိုက်ရတယ်၊ ကချင်ပြည်သူတွေကို ကာကွယ် နေ တယ် လို့ ပြောနေကြ ပေမယ့် တကယ်တော့ ဒေသခံတွေကို သူတို့အဖွဲ့က အသုံးချနေတာ´´ဟု မိုးကောင်း မြို့ခံ တစ်ဦးကပြော သည်။


KIA အဖွဲ့သည် သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းများဖြင့် ၀င်ငွေ ရရှိနေ သော် လည်း ဒေသခံများထံမှ ယခုကဲ့သို့ ဆက်ကြေးငွေကောက်ခံနေခြင်းမှာ ၀န်ထုပ် ၀န်ပိုးဖြစ် နေပြီး ဒေသခံများလည်း စိတ်ပျက် နေကြကြောင်း သိရှိရပါသည်။
KDN

KIA အဖွဲ့တွင် အရာရှိအား တပ်ကြပ်ကြီးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဗဟိုဌာနချုပ်လက်အောက်ခံ ဘွမ်မလွန်းရှိ တပ်ရင်း၌ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီချိန်ခန့်တွင် အရာရှိတစ်ဦးအား တပ်ကြပ်ကြီးတစ်ဦးမှ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ တပ်ရင်းစားရိပ်သာ၌ ၎င်းတို့နှစ်ဦး အရက်သေစာသောက်စားနေစဉ် KIA ခေါင်းဆောင်ပိုင်းနှင့် ငြိမ်းချမ်းရေးကိစ္စ အမြင်ဖလှယ်ကြရာမှ စကားအချေအတင်ဖြစ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူဒေသံတစ်ဦးက ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူမှာ ဒုဗိုလ်အဆင့်ရှိ ကလောင်းယိန်းဇုံဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်သူမှာ တပ်ကြပ်ကြီး အဆင့်ရှိ ရှန်းတိန်းနော်ဆန်းဖြစ်ကြောင်း သိရသည်။
``အဲဒီတပ်ရင်းမှာ ရွာထဲက အိမ်ထောင်ကျလို့ လိုက်နေတဲ့ မိန်းကလေးတွေရှိတယ်၊ သူတို့တောင် ကြောက်လန့် ပြီး ရွာထဲပြန်ပြေးလာကြတယ်၊ အသတ်ခံရတဲ့အရာရှိက ငြိမ်းချမ်းရေးလိုချင်တဲ့သူ၊ ပစ်တဲ့လူက ငြိမ်းချမ်းရေး မလိုချင်တဲ့သူလို့ ပြောတာပဲ၊ အဲဒီတပ်ရင်းမှာလည်း နှစ်ဖွဲ့ကွဲနေတယ်လို့ ကြားတယ်´´ ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA အရာရှိက တိုက်ပွဲများဖြစ်ပွားခြင်းအား အလိုမရှိကြောင်း၊ ၎င်းသာ KIA ခေါင်းဆောင်ဖြစ်ပါက အစိုးရနှင့် ငြိမ်းချမ်းရေးရယူမည်ဖြစ်ကြောင်း ပြောဆိုမှုအပေါ် တပ်ကြပ်ကြီး ဖြစ်သူက လက်မခံဘဲ မင်းလိုကောင်တွေ ရှိတာ ငါတို့လူမျိုးသိက္ခာကျတယ်ဟုပြောဆိုကာ ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ သေနတ်ဒဏ်ရာများကြောင့် ဒုဗိုလ်ကလောင်းယိန်းဇုံသည် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ၎င်းနေရာ မှာပင် သေဆုံးသွားခဲ့ကြောင်းနှင့် တပ်ကြပ်ကြီး ရှန်းတိန်းနော်ဆန်းအား ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိ ရပါသည်။
ဇော်မိုင်

သားဖွားဆရာမအား KIA မှ ခြိမ်းခြောက်မှု မိုးညှင်းတွင်ဖြစ်ပွား


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ၌ တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ လာရောက်ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။


အဆိုပါဖြစ်စဉ်မှာ ၎င်းကျေးရွာနေ သားဖွားဆရာမ ဒေါ်စီစီမြင့်ထံ နေ့လယ် ၁၂ နာရီချိန်ခန့်တွင် KIA တပ်ဖွဲ့ဝင် ၃ ဦး အရပ်ဝတ်များဖြင့် လာရောက်ပြီး ဆေးကုသပေးရန် လိုက်ခဲ့ဖို့ခေါ်ဆောင်ခြင်းကို ငြင်းဆန်မှုကြောင့် ခြိမ်းခြောက်သွားခြင်း ဖြစ်ကြောင်းသိရသည်။

“သားဖွားဆရာမကို သေနတ်မှန်တဲ့ KIA စစ်သားတွေ ကုသပေးဖို့ခေါ်တာ ဖြစ်မှမဖြစ်နိုင်တာ၊ ဆရာမက ဖျားနာနေတဲ့ လူနာတွေကိုသာ ကုသပေးနိုင်တာလို့ပြောတာကို မကျေမနပ်ဖြစ်ပြီး ပြန်သွားကြတာလို့ သိရတယ်”ဟု နန်းစီးအောင် ရွာခံ တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ အစိုးရစစ်ကြောင်း၏ ချောင်းမြောင်းပစ်ခတ်ခြင်းခံထားရ၍ လက်မောင်းတွင် ဒဏ်ရာရရှိသူတစ်ဦးအား ဆေးကု သပေးရန်အတွက် ၎င်းတို့နှင့်အတူ လိုက်ခဲ့ရန် လိမ်ညှာခေါ်ဆောင်မှုကို သားဖွားဆရာမက အတင့်ရဲစွာငြင်းပယ်လိုက် ရကြောင်း သိရသည်။

“ဒီနားပတ်ဝန်းကျင်မှာ အစိုးရတပ်နဲ့ KIA တို့ပစ်တာခတ်တာမကြားမိဘူး၊ KIA ကလိမ်ညှာခေါ်တာကို ဆရာမက ရိပ်မိတဲ့ အတွက် မလိုက်ဖို့ ငြင်းလိုက်တာနေမှာပါ၊ ဒဏ်ရာရတဲ့လူရှိတယ်ဆိုရင်လည်း အခြားအကြောင်းတစ်ခုခုကြောင့် ရတာပဲ ဖြစ်မှာပါ” ဟု ဆရာမနှင့်သိကျွမ်းခင်မင်သူ တစ်ဦးကပြောသည်။

KIA အဖွဲ့သည် လွန်ခဲ့သော တစ်ပတ်ခန့်က ရှမ်းနီပါတီဝင် ရှမ်းစာပေဆရာမအား ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ယခု တစ်ကြိမ် သားဖွားဆရာမကို လာရောက်ခြိမ်းခြောက်ပြန်ရာ နိုင်ငံ့ဝန်ထမ်းများအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း မိုးညှင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုတစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်

Kachin Daily News

ရှမ်းနီပါတီဝင် ရှမ်းနီစာပေဆရာမအား KIA အရာရှိမှ ခြိမ်းခြောက်မှု ဖြစ်ပွား


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ဟဲပါးကျေးရွာနေ ရှမ်းနီပါတီဝင် ရှမ်းနီစာပေ ဆရာမတစ်ဦးအား စက်တင်ဘာ (၁၅) ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ အရာရှိက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ပါတီဝင် ရှမ်းနီစာပေ ဆရာမ ဒေါ်ဝိုင်းသည် မိုးညှင်းမြို့နယ်၊ လုံးဆန့်ကျေးရွာနှင့် ချောင်းဝကျေးရွာများ၌ နေထိုင်သော ရှမ်းနီလူမျိုးများအား ရှမ်းနီလူမျိုးဖြစ်ကြောင်း ကဒ်ပြားများပြုလုပ်ပေးရန် လူအင်အားစာရင်းလိုက်လံ ကောက်ခံစဉ် KIA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ဆန်နီဝင်သိန်းက လာရောက်ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဆရာမက ရွာသူရွာသားတွေကို ရှမ်းနီလူမျိုးဖြစ်ကြောင်း အထောက်အထားပြနိုင်ဖို့ ကဒ်လုပ်ပေးမယ်ဆိုပြီး စာရင်းလာ ကောက်တာပါ၊ အဲဒါကို KIA အရာရှိက လာပြီးခြောက်တာပါ၊ သူမိန်းမလည်း ပါတယ်” ဟု လုံးဆန့် ရွာသားတစ်ဦက ပြောသည်။

KIA အရာရှိမှ ရှမ်းနီစာပေဆရာမအား ကချင်နိုင်ငံတွင် နေထိုင်သူသည် ကချင်လက်အောက်ခံဖြစ်ကြောင်း၊ ရှမ်းလူမျိုးဟု စာရင်းမသွင်းကြရန်နှင့် နောက်နောင်ကျေးရွာများအတွင်း စာရင်းကောက်ခံခြင်း၊ စည်းရုံးခြင်းများပြုလုပ် ပါက ဖမ်းဆီးချုပ်နှောင်၍ KIA ဗဟိုဌာနချုပ်သို့ ပို့ဆောင်အပြစ်ပေးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရ သည်။

“ရှမ်းနီပါတီဝင်လည်းဖြစ်၊ ရှမ်းစာပေ ဆရာမတစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဝိုင်းကို KIA အရာရှိကလာပြီး ခြိမ်းခြောက်တာကို ကျွန်တော်တို့ ပါတီအနေနဲ့ လက်မခံနိုင်ပါဘူး၊ ဒါဟာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေတဲ့ အသုံးအနှုန်း အပြု အမှုတွေဖြစ်ပါတယ်”ဟု ရှမ်းနီပါတီဝင်တစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဟိုပင်မြို့နယ်ခွဲ တိုင်းလိုင်(ရှမ်းနီ) ပါတီဥက္ကဋ္ဌ ဦးထိန်လင်းမှ ကျေနပ်မှုမရှိသဖြင့် ရှမ်းလူမျိုးများအား KIA အဖွဲ့က လက်နက်ကိုင်အားကိုးဖြင့် ခြိမ်းခြောက်နေကြောင်း နိုင်ငံတော်အစိုရသိရှိစေရန် တင်ပြ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းထွန်းရင်
Shan News

KIA အဖွဲ့ ပယင်းမှော်ဒေသတွင် မှော်လုပ်သားများအား ထပ်မံဖမ်းဆီး


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ လဘူခရွှေမှော်တွင် မှော်လုပ်သားအဖြစ် လုပ်ကိုင်နေသော လူငယ်များအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

အဆိုပါဒေသတွင် ပယင်းမှော်အပါအ၀င် ညောင်ပင်ကုန်းမှော်၊ ပိန်းနှဲကုန်းမှော်၊ ချမ်းသာကုန်းမှော်၊ နဂါးအိုင်မှော်၊ ဇီးဖြူကုန်းမှော်၊ လဘူခမှော်စသဖြင့် ပယင်းနှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့၏ လူသစ်စု ဆောင်းရာ စားကျက်မြေသဘောမျိုးဖြစ်နေပေသည်။

``ဆက်ကြေးလည်းပေးရတယ်၊ မှော်ထဲမှာ နေထိုင်ခွင့်လက်မှတ်လည်း ၀ယ်ရတယ်၊ ဧည့်စာရင်းလက်မှတ် လည်း ၀ယ်ရတယ်၊ ဒါပေမယ့် KIA အဖွဲ့က အဲဒီလို သူတို့စိတ်တိုင်းကျ ပေးနေတာတောင် လူတွေကို လာလာပြီး ဖမ်းနေတယ်´´ ဟု မှော်လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ မှော်လုပ်သားများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ရက်ခြားဆိုသလို လာရောက် ဖမ်းဆီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

``ဟိုတစ်နေ့က မှော်ထဲလာပြီး လူငယ်တွေကိုပဲ ရွေးဖမ်းသွားတာ၊ အသက် ၂၀ နဲ့ ၃၅ ကြား လူငယ်သုံးဆယ် လောက်ပါသွားတယ်၊ KIA အဖွဲ့အတွက် လူသစ်စုနေတယ်ဆိုတာသိပေမယ့် ဘာတတ်နိုင်မှာလဲ၊ သူတို့ လုပ်သမျှ ခံနေရတာပါပဲ´´ ဟု လဘူခရွှေမှော်မှ ကျင်းလုပ်သား ကိုစန်းဝင်းက ပြောကြားသည်။

KIA အဖွဲ့ခေါင်းဆောင်ပိုင်းသည် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး NCCT အဖွဲ့တွင် ပါဝင်သော်လည်း ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ယနေ့အချိန်ထိ မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

Kachin Daily News

KIA နဲ့ အစိုးရတပ် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားရေး ဆွေးနွေး


အစိုးရနဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ မကြာမီက ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဖားကန့်ကျောက်စိမ်းတွင်း ကိစ္စနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေ ၃နာရီကနေ ၅နာရီအထိ တွေ့ဆုံဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက အချက် ၃ချက်ကို ဆွေးနွေးခဲ့ တယ်လို့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

"ဒီနေ့ အကြောင်းအရာကတော့ သုံးချက်ပါ။ အဓိကကတော့ သွားလာနေတဲ့ အချိန်မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်သွားနိုင်တဲ့ ဟာမျိုးတွေ မဖြစ်အောင်ပေါ့လေ။ အဲ့သလို သွားလာတဲ့အခါမှ တယောက်နဲ့တယောက် ညှိနှိုင်းပြီးမှ သွားလာဖို့၊ ဒါတွေကို ဆွေးနွေးသွားတာ တချက်ပါပဲ။ အဲ့တာ တချက်။ KIO ဗဟိုကနေပြီးတော့မှ ၂၀၁၄မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲနေတဲ့သူတွေ အားလုံးကို အမြစ်ဖြတ်ခြေမှုန်းဖို့အတွက် ဒီမှာ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ဖို့အတွက် သူတို့ကို စီမံချက်လုပ်နေတဲ့အပေါ်မှာ ဘာသာရေးဘက်က အဖွဲ့အစည်းတွေ နောက်ပြီး ပြည်သူလူထုတွေ လည်း ပါဝင်ပြီးတော့မှ လုပ်တဲ့အချိန်မှာ ဥပဒေနဲ့အညီ သူတို့နဲ့ ပူးပေါင်းပြီးတော့မှ ဘယ်လို လုပ်ဆောင်သွားရင်ကောင်းမလဲဆိုတဲ့ အချက်လေးတွေ ဒါတွေ ဆွေးနွေးတဲ့ အတိုင်းအတာပဲ။"

နောက်ဆုံးဆွေးနွေးတဲ့ အချက်ကတော့ အစိုးရက စက်တင်ဘာ ၁ရက်နေ့မှာ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတွေကို ဖားကန့်မှာလုပ်ငန်းပြန်လည် လုပ်ခွင့်ပေးလိုက်ချိန်မှာ KIOက အခွန်ကောက်ယူတယ်ဆို သတင်းဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။

" နောက်ဆုံး အချက်ကတော့ နိုင်ငံတော်အစိုးရကနေပြီးတော့မှ ဖားကန့်မှာ ကျောက်တွင်းတွေ စီမံချက်နဲ့စတင်လုပ်မယ်ဆိုတဲ့ကိစ္စမှာ တချို့တွေကလည်း ဒီမှာ ပြောကြတာပေါ့လေ။ KIA ကို ဆက်ကြေးပေးရမယ်။ သူတို့ KIA နဲ့ ညှိရမယ်။ KIA နဲ့ မညှိရင် မရဘူး။ KIA က လုပ်ခွင့်မပေးဘူး တားမြစ်ပိတ်ပင်တယ်ဆိုတဲ့ ဟာမျိုးတွေ အသံထွက်နေတယ်ဆိုတဲ့ အပေါ်မှာ KIA ကလည်း မပိတ်ပင်ဘူး ဆိုတဲ့အကြောင်း တွေပေါ့လေ။ ပြန်ပြောတာဗျ။"

အစိုးရကိုယ်စားလှယ်အဖွဲ့ဖက်ကနေ ပါဝင်တက်ရောက်ခဲ့သူတဦးကတော့ အဲဒီအချက် ၃ချက်အပြင် လောလောဆည် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဂျပန်ဦးနှောက် အမှေးရောင်ကိစ္စနဲ့ အာဖရိကမှာဖြစ်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ် စတဲ့ ကူးစက်ရောဂါတွေ KIO ထိန်းချုပ်နယ်မြေမှာ ဖြစ်ပွားရင် အစိုးရနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲဟာ နှစ်ဖက်ပွင့်ပွင့်လင်းလင်းနဲ့ အပြု သဘောဆောင်ဆွေးနွေးနိုင် ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOအကြားမှာ တိုက်ပွဲတွေလျှော့ချဖို့ နဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ ကိစ္စတွေကို ညှိနှိုင်းဖြေရှင်းဖို့အတွက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ တလတကြိမ်တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာဖြစ်ပါတယ်။

ဒီကနေ့တွေ့ဆုံတာကတော့ ခြောက်ကြိမ်မြောက်ဖြစ်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ဦးဆောင်ခဲ့သလို၊ KIO အဖွဲ့ကိုတော့ ဗိုလ်မှူးကြီး ဇော်ဒေါင်က ဦးဆောင်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေး တာကြောင့် နှစ်ဖက်တပ်တွေ အကြား တိုက်ပွဲဖြစ်ပွား တာတွေ လျော့ကျ လာတယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

" အဲ့သလိုတွေ့ဆုံခြင်းအားဖြင့် အခုနှစ်ဦး နှစ်ဖက်တပ်တွေ ရှေ့တန်းမှာ တိုက်ပွဲဖြစ်တာတွေက သိသိသာသာ လျော့ကျသွားတဲ့ အပိုင်းတွေ လည်း တွေ့ရတာပေါ့။ ဒီလဆိုရင် လုံးဝ မရှိသလောက် ရှိတယ်ဆိုတာကို ပြောလို့ရတယ်။"

ပြီးခဲ့တဲ့သြဂုတ်လ ၈ရက်နဲ့ ၁၀ရက်နေ့တွေကတော့ ဖားကန့်ဒေသအတွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား ၂ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာတွေ ရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၁၉၉၄ခုနှစ်ကနေ အပစ်အခတ်ရပ်စဲခဲ့ပြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရတက်လာပြီးနောက် ၂၀၁၁ခုနှစ်မှာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကာလ ၃နှစ်ကျော်အတွင်းမှာ ကချင်ပြည်နယ်က ဒေသခံပြည်သူ တသိန်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

လောလောဆည်မှာတော့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့လောက်နဲ့ အပစ်အခတ်ရပ်စဲထားပြီး ဒီနှစ်မကုန်ခင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

KIA တပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး


ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ် မှု ဖြစ် ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ အရက်ဆိုင်တွင် အရက်သေစာ သောက်စားမူးယစ်နေသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းထက်ရာထူးကြီးသော တပ်ဖွဲ့ဝင်တစ်ဦးမှ လာရောက်ခေါ်ဆောင်စဉ် သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရက်သောက်ပြီး သောင်းကျန်းနေတာက တပ်သား မာဒွတ်ပါ၊ သူ့ကို တပ်ကြပ်ကြီး ဇော်လီ က လာခေါ်တာ ကို မကျေမနပ်ဖြစ်ပြီး ပစ်သတ်လိုက်တာပါ၊ နောက်ထပ်လာခေါ်တဲ့ အရာရှိတစ်ယောက်ကို လည်း ပစ်သတ်လိုက်တယ်” ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

တပ်သားမာဒွတ်သည် ၎င်းအား လာခေါ်သော တပ်ကြပ်ကြီး ဇော်လီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်မံလာခေါ်သော ဒုဗိုလ် ဇော်ဒွဲကိုလည်း ပစ်ခတ်ခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

“ အဲ့ဒီလို ပစ်သတ်ပြီး မာဒွတ်က ထွက်ပြေးသွားတယ်၊ စခန်းက တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်ရှာနေ ကြ တာ မြင်တယ် ” ဟု ဖီထရွာသားတစ်ဦးက ပြောသည်။

အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသော KIA တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)မှ ဖီတာ ဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ် ဇော်ဒွဲ ဦးစီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ကြပ်ကြီးအား ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားသော တပ်သား မာဒွတ်အား စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တောင်ကုန်းအနီး၌ လက်နက်ခဲယမ်း များနှင့် အတူ ဖမ်းဆီး ရမိပြီး တပ်ရင်း(၁)အင်ဘာပါသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင် ရွာသားအချို့ထံမှ သိရှိရပါသည်။

ဇော်မိုင်
Kachin Daily News

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်

UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ(လယ်) အား ဇူလိုင်လကကျင်းပသည့် လိုင်ဇာထိပ်သီး အစည်းအဝေးတွင် တွေ့ရစဉ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ်တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

UNFC ညီလာခံကို ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပ ရာ အဖွဲ့ဝင်အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ဆက်စပ် အဖွဲ့အစည်းငါးဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း ၉ဝ ပါဝင်တက်ရောက်ခဲ့သည်။ UNFC ၏ ၂ဝ၁၄-၂ဝ၁၆ သက်တမ်းကာလအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒရယ်ကောင်စီ ဝင် ၄၂ ဦးအနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၂ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ကေအိုင်အိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကပင် ဆက်လက်တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၁) ကို NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၂) နေရာ၌မူ UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားသည့် KNU အဖွဲ့အတွက် နေရာသတ်မှတ် ပေးထားသည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာ ကို KNPP မှ ခူဦးရယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နေရာကို ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) နေရာကို ဆလိုင်းထလာဟေးတို့က တာဝန်ယူပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ဒေါက်တာလဂျာ၊ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါဘွန်ဝမ်လာရော်၊ စဝ်စိုင်းထူး၊ ဒေါက်တာခင်မောင်တို့အပြင်KNU အဖွဲ့ အတွက် နေရာတစ်နေရာ သတ်မှတ်ပေးထားသည်။

UNFC ၏ မူလအဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံသို့ တက်ရောက်နေသော ကိုယ်စားလှယ်များသည် ညီလာခံမပြီးဆုံးမီ ၎င်းတို့၏ ညီလာခံကိုယ်စားလှယ်များကို ရုပ်သိမ်း၍ UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်း ထားလိုက်သည့်အပေါ် ညီလာခံကိုယ်စားလှယ်များ အားလုံးက လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် KNU အတွင်း ညှိနှိုင်းမှုအရ မကြာမီမှာပင် မူလအတိုင်း တပ်ပေါင်းစုအတွင်း ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း၊ UNFC ညီလာခံတွင် ရွေးကောက် တင်မြှောက်ထားသော အလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ တစ်နေရာနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်နေရာကို KNU ပြန်လည်ရောက်ရှိချိန်တွင် ဝင်ရောက်တာဝန် ထမ်းဆောင်နိုင်ရန် လျာထားသတ်မှတ် ခဲ့သည်ဟုလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညီလာခံအနေဖြင့် UNFC ၏ စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာစေရန် သံန္နိဋ္ဌာန်ချလျက် မည်သည့်အဖွဲ့ဝင် အဖွဲ့အစည်းကိုမျှ ကျန်ရစ်စေခြင်းမရှိစေရန် သတိကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်စပ်အဖွဲ့ဝင်နှင့် ဆက်စပ်အဖွဲ့အစည်း များနှင့်လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို အခိုင်အမာ ချမှတ်နိုင်ခဲ့ကြောင်း၊ ပြည်တွင်း/ပြည်ပ ထောက်ခံအားပေးသူများ၊ အဖွဲ့အစည်းများနှင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် လက်တွဲဆောင်ရွက်သွားနိုင်ရန် စီမံချက်များ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အလုပ်အဖွဲ့ဖြစ်ပြီး ယင်းအလုပ်အဖွဲ့သည် UNFC က ချမှတ်ထားသော မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညီလာခံက ဆုံးဖြတ်ခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFCညီလာခံသို့ အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIO၊KNU၊NMSP၊SSPP၊ PNLO၊ CNF၊ KNPP၊LDU၊ ANC၊TNLA၊WNO၊MNDAA တို့မှ ကိုယ်စားလှယ်များအပြင် အဖွဲ့ဝင်မဟုတ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ရက္ခိုင့်တပ်မတော် (AA)၊KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၉ ရက်နှင့် ၃ဝ ရက် များတွင်လည်း ယင်းအဖွဲ့အစည်းအားလုံးနှင့် ပြည်တွင်းမှ နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့တို့ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

UNFC ကို ၂ဝ၁၁ နှစ်ဆန်းပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ညီလာခံကို သုံးနှစ်တစ်ကြိမ်ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။
EMG

အပစ်မရပ်သေးသော KIA ပယင်းမှော် တွင် ဒေသခံ(၁၂၀)ဦးအား လူသစ် အဖြစ် လိုက်လံဖမ်းဆီး


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ မှော်များတွင် နေထိုင် လုပ်ကိုင်လျက်ရှိသော ဒေသခံမှော်သူ မှော်သား(၁၂၀)ဦးခန့်အား သြဂုတ်လတတိယပတ်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် လိုက်လံဖမ်းဆီးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။


ပယင်းမှော်အပါအ၀င် လဘူးခရွှေမှော်၊ ချောင်းသာရွှေမှော်၊ နမ့်ကွမ်းရွှေမှော်၊ အောင်ဘာရွှေမှော်၊ မျောက်လွှဲ ကျော်ကုန်းနှင့် နန်ဗျူဒေသတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်နေသော မှော်သူ၊ မှော်သားများအား ရက်ခြားလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူ(၁၂၀)ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း မှော်လုပ်သားတစ်ဦးက ပြောသည်။

``ဘယ်သူပါမလဲ၊ စောင့်ကြည့်ရင်းလုပ်ကိုင်နေကြရတာပါ၊ ကျွန်တော်တို့ကလည်း မှော်လုပ်ငန်းရှင်တွေ ငှားလို့ လာလုပ်တာပါ၊ KIA အဖွဲ့က အဲဒီလို လိုက်ဖမ်းနေတာကြောင့် လစာယူထားတဲ့ လပြည့်ရင် နေရပ်ပြန်ဖို့ စဉ်းစား ထားပါတယ်´´ ဟု တနိုင်းမြို့ခံ ချောင်းသာမှော်လုပ်သားတစ်ဦးက ဆိုသည်။

KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော မှော်သူမှော်သား (၁၂၀)ဦးအား ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာ တွင် ချုပ်နှောင်ထားပြီး (၈၀)ဦးအား ရွေးချယ်ကာ ၎င်းနေရာ၌ပင် စစ်သင်တန်းတက်ခိုင်းနေကြောင်း မျက်မြင် ဒေသခံများထံမှ သိရသည်။

``သင်တန်းဖွင့်တာကတော့ တစ်ပတ်လောက်ပဲရှိဦးမယ်၊ အချို့ကလည်း စစ်သင်တန်းမတက်ချင်တော့ ထွက်ပြေးလာကြတယ်၊ နယ်ကလာတဲ့သူတွေဆိုရင် ကချင်စကားလည်း မပြောတတ်ဘူး၊ သနားတာနဲ့ လမ်း စရိတ်စုဆောင်းပေးပြီး တနိုင်းကနေ မြန်မာပြည်ထဲကို ပြန်ခိုင်းလိုက်တယ်´´ ဟု တနိုင်းမြို့ကုန်သည်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသော မှော်သူမှော်သားများတွင် ဗမာ၊ ရခိုင်၊ ကချင်၊ ရှမ်း၊ လီဆူးလူမျိုးများပါဝင်ပြီး KIA အနေဖြင့် စစ်သင်တန်းတက်ခိုင်းပြီးပါက ရခိုင်လူမျိုးများအား ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွင်လည်းကောင်း၊ ဗမာလူမျိုး များအား ABSDF မြောက်ပိုင်းအဖွဲ့တွင်လည်းကောင်း၊ ကချင်၊ ရှင်းနှင့် လီဆူးလူမျိုးများအား KIA အဖွဲ့တွင် လည်းကောင်း တာဝန်ပေးစေခိုင်းသွားမည်ဖြစ်ကြောင်း KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သော ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

KIA အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူလက်မှတ်မ ထိုးနိုင်သေးသော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ စစ်အင်အားတိုးချဲ့မှုများက ငြိမ်းချမ်းရေးလမ်းစဉ်ကို ချိုးဖောက်ရာရောက်နေကြောင်း ကချင်အရေး လေ့လာသုံးသပ်သူ အလွတ်သတင်းထောက်သတင်းထောက်တစ်ဦးက ပြောကြား သွားသည်။

ထွန်းလွင်အောင်

အစိုးရနှင့် ကေအိုင်အို နှစ်ဖက်ယုံကြည်မှုအခြေအနေ တိုးတက်လာဟုဆို

ချင်းမိုင်၊ မဇ္ဈိမ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် အစိုးရ၏ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုမှာ သြဂုတ်လအတွင်း လျော့နည်းခဲ့ပြီး နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာကာ လုပ်ငန်းတိုးတက်မှု ရှိသည်ဟု KIO ဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောသည်။



“ဒီကော်မတီက ဖြစ်လာပြီဆိုရင် တစ်ဖက်နဲ့တစ်ဖက် အမြန်ဆုံး အကြောင်းကြားပြီး ထပ်ပြီး မကြီးပွားအောင် ညှိနှိုင်းမှုတွေက တိုးတက်မှုရှိတဲ့ အပိုင်းတွေပါ၊ ကျွန်တော်တို့ ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စမှာလဲ တစ်ဦးနဲ့တစ်ဦး ပိုပြီးနားလည်မှု ရရှိလာတယ်။ ပြီးတော့ ပဋိပက္ခနဲ့ပတ်သက်လို့ တော်တော်လေး တစ်ဖက်နဲ့တစ်ဖက် ထိန်းချုပ်မှု အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့် တိုက်ပွဲတော့ လျော့လာတယ်လို့ မြင်တွေ့ရပါတယ်”ဟု သူက ပြောသည်။

သြဂုတ်လအတွင်း အစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားမှုလျော့နည်းခဲ့သော်လည်း ယခုလဆန်းပိုင်းကမူ ဖားကန့်မြို့နယ်အတွင်း KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းအတွင်း အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းရေး လှုပ်ရှားလာသဖြင့် ထိတွေ့မှု ဖြစ်ပွားမှု နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အစိုးရနှင့် KIO အကြား တိုက်ပွဲပေါင်း ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယခု သြဂုတ်လတွင်မူ ဖားကန့်မြို့နယ်အတွင်း ထိတွေ့မှု ဖြစ်ပွားခဲ့မှုသာ ရှိခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်းသွားသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ထို့ပြင် သြဂုတ်လ ဒုတိယပတ်အတွင်း မြစ်ကြီးနားမြို့၌ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကော်မတီဝင်များ တွေ့ဆုံစဉ် ကချင်ပြည်နယ် ကျောက်စိမ်းမှော်အား လာမည့် စက်တင်ဘာလ ၁ရက်တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်၍ ဖားကန့် ကားလမ်းကြောင်း လုံခြုံရေးအတွက် အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများ ရှိလာမည်ဟု KIO သို့ နုတ်အားဖြင့် တင်ပြခဲ့သည်ဟု ဦးခွန်နောင်က ပြောသည်

“ကချင်ပြည်နယ်နယ်စပ်ဝန်ကြီး ပြောတာက စက်တင်ဘာလ ၁ ရက်နေ့ ကျောက်စိမ်းတွင်း ပြန်ပြီး ဖွင့်မယ်ဆိုပြီးတော့ ပြောပြထားတာ ရှိတယ်။ သူတို့ အထက်က ယုံကြားတာရှိသလို၊ ကျွန်တော်တို့ဘက်ကလည်း ပြဿနာ ထိပ်တိုက် မဖြစ်အောင် လှုပ်ရှားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီးတော့မှ စဉ်းစားပေးဖို့ ညှိနှိုင်းကြပါတယ်”ဟု ပြောသည်။

အစိုးရဘက်မှ ဖားကန့် ကားလမ်း တစ်ဖက်တစ်ချက် ၃ မိုင်မှ ၅ မိုင်အတွင်း အစိုးရ စစ်တပ်က လုံခြုံရေးယူရန် ရှိသဖြင့် ပစ်ခတ်မှု မရှိစေရန် KIO အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ တင်ပြချက်အပေါ် KIO ဗဟိုဌာနချုပ်မှ တစ်စုံတစ်ရာ ညွှန်ကြားခြင်း မရှိသေးကြောင်း KIO ဗဟိုသတင်းနှင့် ပြန်ကြားရေး ဒုတိယ တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဖားကန့်ဘက် ကုမ္ပဏီတွေ ပြန်ဝင်လာတော့မယ်။ ဒါကြောင့် ကားလမ်း၊ တံတား လုံခြုံရေး အတွက် အစိုးရတပ်တွေ လုံခြုံရေးယူရမယ်။ အဲဒီမှာ ကေအိုင်အို တပ်စခန်းတွေ ရှိရင် အကြောင်းကြားပေးပါ။ အချင်းချင်း ပစ်ခတ်မှု မဖြစ်ပွားဖို့ ကြိုတင် အကြောင်းကြားပါတယ်။ အေအိုင်အိုက ဘာမှ ပြောစရာ မရှိဘူး။ ကုမ္ပဏီကိုလည်း ကျနော်တို့ဘက်က ပိတ်လိုက်တာ မဟုတ်ဘူး။ သူတို့ဖာသာ ရုပ်သိမ်းတာ ဖြစ်တယ်”ဟု ၎င်းင်းက မဇ္ဈိမကို ပြောသည်။

KIO နှင့် အစိုးရတို့အကြား နိုင်ငံရေးအရ အာမခံချက် မရှိသေးသဖြင့် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နေချိန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပါက ကုမ္ပဏီများ ထိခိုက်မှု ရှိလာနိုင်သည်ဟု ဖားကန့်မှော်ကော်မတီကလည်း ကုမ္ပဏီများအား ပြောဆိုမှုများ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် KIO တို့ သဘောတူညီမှုဖြင့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍ Joint Monitoring committee ဖွဲ့စည်းပြီး ရှေ့ဆက်လုပ်ငန်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလက UPWC နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်ရှည်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်၊ ယင်းကော်မတီအား ခြေပြဇယား (Joint Monitoring Committee Structure) ပူးတွဲ(၁)နှင့် ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ အချက်ငါးချက် သဘော တူညီခဲ့ကြသည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းနှောကျေးရွာအနီးတွင် ယမန်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံအမျိုးသမီးတစ်ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ဒွန်ဘုံကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ကုန်းနှောရွာနေ ဖခင်ဖြစ်သူ မကျန်းမာ၍ သွားရောက် ကြည့်ရှု့ပြီး ပြန်လာစဉ် မိုင်းနင်းမိသေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

“ မိုင်းကွဲသံကြားလို့ သွားကြည့်တော့ နေရာမှာပဲ ပွဲချင်းပြီး သေနေတာတွေ့တယ်၊ ဒီရွာကမဟုတ်ဘူး၊ နောက်မှ ဒွန်ဘုံရွာက အမျိုးသမီးဆိုတာ သိရတာ ” ဟု ကုန်းနှောရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီးမှာ ဒေါ်ဖော်ယုတောင် (၄၈)နှစ်၊(ဘ) ဦးဖော်ယုဝမ်၊ ကချင်/ခရစ်ယာန်၊ ဒွန်ဘုံကျေးရွာ၊ မိုးမောက်မြို့နယ်နေသူ ဖြစ်ကြောင်း သိရပါသည်။

၎င်းမိုင်းပေါက်ကွဲဖြစ်စဉ် ဖြစ်ပွားခဲ့သော နမ့်ဆန်ချောင်း(ခ) ဆမားချောင်းသည် ဒွန်ဘုံကျေးရွာနှင့် ကုန်းနှော ကျေးရွာကြားတွင်ရှိပြီး KIA တပ်ရင်း(၂၇)နယ်မြေဖြစ်ကြောင်းနှင့် KIA တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလျက် ရှိကြောင်း ဒွန်ဘုံရွာသားတစ်ဦးက ဆိုသည်။

“ မိုင်းနင်းမိလို့ လူသေတာကို KIA အဖွဲ့က ဂရုတောင် မစိုက်ပါဘူး၊ သူတို့ ထောင်ထားတဲ့ မိုင်းကို အပြစ် မရှိတဲ့ ဒေသခံတစ်ဦးက နင်းမိပြီး သေရတာပါ၊ အဲဒီအတွက် ကျန်ရစ်သူ မိသားစုကို တောင်းပန်တာမျိုး၊ ထောက်ပံ့ငွေ ပေးအပ်တာမျိုး တစ်ခုခုလုပ်ပေးသင့်တာပေါ့၊ ဒါပေမယ့် သူတို့ ထောင်တဲ့ မိုင်းကို နင်းမိတာတောင် နင်းမိသူက ပြန်လျော်ကြေးပေးရမယ်လို့ ပြောနေတယ်၊ ဒေသခံတွေရဲ့ ဘ၀ကတော့ KIA လက်အောက်မှာ ဖိနှိပ်အနိုင်ကျင့် သမျှ ခံနေကြရတာပါဘဲ ” ဟု မိုးမောက်မြို့ခံ သင်းအုပ်ဆရာတစ်ဦးက ပြောကြားသွားခဲ့သည်။
OE

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်


၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အောင်မြင်ပါက နယ်ခြားစောင့်တပ်များကို မူလအတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မဇ္ဈိမကို ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် စတင်ပြောင်းလဲရန် အစိုးရနှင့် ဆွေးနွေးခဲ့စဉ်ကပင် ယင်းအချက်ကို ပြောဆိုထားသည်ဟု မဇ္ဈိမကို ပြောသည်။ သို့သော် မည်သို့ ပြောင်းလဲသတ်မှတ်မှုကို လိုလားသနည်းဆိုသည်ကိုမူ မသိရှိရသေးပေ။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ရခြင်းမှာ မိမိတို့ နယ်မြေအတွင်းရှိ ကရင်ပြည်သူ/သားများအား လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရနှင့် BGF ကြား သဘောထား အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး စောချစ်သူက “အခုလောလောဆယ်တော့ ဆက်ဆံရေးက သားသမီးလိုပဲ ကျောသားရင်းသား မခွဲခြားဘူး။ ဒီတိုင်းဆိုရင်တော့ နောင်အနာဂတ်လည်း အဆင်ပြေမယ်၊ ဆက်ဆံရေးပြောင်းသွားရင်တော့ ကိုယ်တို့ အသက်အရွယ်က ဆက်ပြီး အများကြီး လုပ်နိုင်ပါသေးတယ်”ဟု ပြောသည်။

အပစ်ရပ်ပြီးနောက် တိုင်းရင်းသားလူမျိုးများ ပြဿနာကို ဖြေရှင်းရန် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဗိုလ်မှူးစောချစ်သူက “BGF နိုင်ငံရေးကိုတော့ ဦးစားမပေးဘူး၊ လုံခြုံရေးပိုင်းပဲ။ နိုင်ငံရေးသမားတစ်ယောက် ပြောအားဆိုအားရှိအောင်က နောက်ခံမှာ အင်အားလိုအပ်ပါတယ်”ဟု ပြောသည်။

နယ်မြေတည်ငြိမ်ရေးနှင့် ပြည်သူလူထုလုံခြုံရေး တာဝန်ယူနိုင်ရန် နံပါတ်တစ်ဦးစားပေးဆောင်ရွက်မည်ဟု ဆိုသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်များက ကရင်တပ်အချင်းချင်း ပစ်ခတ်မှုများ မဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် ကရင်တပ်များ ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းကာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖမ်းဆီးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ၎င်းက ပြောသည်။

BGF မှာ အစိုးရနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် DKBA မှ ခွဲထွက်လာခြင်းဖြစ်သည်။
Mizzima

လူတစ်ဦး သိန်း(၂၀)နှုန်းဖြင့် KIA အဖွဲ့ ပြန်ပေးဆွဲ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်ရှိ လဖစက်လှေဆိပ်တွင် သွားလာနေသော ဒေသခံပြည်သူ များအား သြဂုတ်လ ဒုတိယပတ်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ပြန်ပေးဆွဲမှုများ ပြုလုပ် နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ စက်လှေဆိပ်ကမ်းမှ ဆွမ်ပရာဘွမ်မြို့နယ် လယန်ရွှေမှော်သို့ ပြေးဆွဲလျက်ရှိသော စက်လှေများတွင် လိုက်ပါလာသော ခရီးသည်များနှင့် ယာဉ်မောင်းများအား မှတ်ပုံတင်နှင့် မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ကာ ငွေတောင်းပြန်ပေးဆွဲနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ စက်လှေပေါ်မှာပါတဲ့ ခရီးသည်တွေနဲ့ စက်လှေမောင်းသမားတွေကို KIA အဖွဲ့က မှတ်ပုံတင်စစ်တယ်၊ မူးယစ်ဆေး သုံး၊ မသုံး စစ်တယ်လို့ အကြောင်းပြပြီး ငွေတောင်းတယ်၊ ငွေမပေးနိုင်ရင် ဖမ်းသွားတော့တာ ” ဟု ကိုယ်တွေ့ကြုံခဲ့သော မြို့ခံတစ်ဦးက ဆိုသည်။


KIA အဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြစွပ်စွဲခံရသော ဒေသခံခရီးသွားပြည်သူများအနေဖြင့် တစ်ဦးလျှင် သိန်း(၂၀) ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရေကြောင်း၊ မပေးနိုင်ပါက ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေဖြင့် ပြန်ရွေးခိုင်းကြောင်း သိရသည်။


“ မူးယစ်ဆေး သုံးတာ မသုံးတာ သူတို့အဖွဲ့နဲ့ ဘာမှ မဆိုင်ဘူး၊ သက်သက်မဲ့ အကြောင်းရှာတာ၊ သူတို့ KIA စစ်သားမှန်သမျှ အကုန်လုံး ဘိန်းစားဆေးသမားတွေချည်းပဲ၊ တစ်ယောက် သိန်း(၂၀)တောင်းတယ်၊ ခရီးသွား နေတာဆိုတော့ ဘယ်ပေးနိုင်မလဲ၊ အဲဒါ ဖမ်းသွားတယ်လေ၊ ပြီးတော့မှ မိသားစုဆီ ဆက်သွယ်ပြီး ငွေနဲ့ လာရွေးခိုင်းတာ၊ ဒါဟာ ပြန်ပေးဆွဲတာပဲပေါ့ ” ဟု ကချင်စုရပ်ကွက်နေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။


မူးယစ်ဆေး သုံးစွဲသည်ဟု စွပ်စွဲကာ KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံအမျိုးသား(၂၀)ဦးခန့်ရှိကြောင်းနှင့် ငွေသိန်း(၂၀)ဖြင့် ပြန်မရွေးပါက လူသစ်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့မှ ငွေမပေးနိုင်၍ ဖမ်းဆီးထားသော အမျိုးသား(၂၀)ဦးအား လူသစ်အဖြစ် အိုရှီဇွတ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းစခန်းမှတစ်ဆင့် KIA သင်တန်းကျောင်းရှိရာ အင်ဂွန်းလသို့ ဆက်လက် ခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။




ထိုက်ဇော်

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကေအိုင်အို၏ မူဝါဒတို့ကို ဗိုလ်ချုပ်ဂွမ်မော် ရှင်းလင်း

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ မူဝါဒတို့ကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။
ကေအိုင်အို ဗဟိုအနေဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်ခြင်း မပြုလုပ်ရန် အပါအဝင် တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်သည့် စည်းကမ်းများရှိသည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

“တပ်မတော်တစ်ရပ်မှာ အမြဲတမ်းစည်းကမ်းတွေရှိပါတယ်။ ပြီးတော့လည်း အမြဲတမ်းစည်းကမ်း မလိုက်နာတာလည်း ရှိပါတယ်။ ဥပမာ အသက်မပြည့်တဲ့ ကလေးတွေကို စုဆောင်းရေး မလုပ်ရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဒါတော့ အဖွဲ့တိုင်း တပ်တိုင်းမှာ အနည်းနဲ့အများတော့ ရှိပါတယ်။ ဒီလိုဖြစ်ရင်လည်း အရေးယူလေ့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်တွင် ကချင်နှင့် ရှမ်းတိုင်းရင်းသားများ အပါအဝင် ဒေသခံများအား ကေအိုင်အေတပ်အချို့မှ ဖမ်းဆီးကာ တပ်သားစုဆောင်းမှုများ ရှိနေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်အားမေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က “ကေအိုင်အိုမှာက စစ်တပ်ကြီးပဲ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိပါတယ်။ တချို့ဖမ်းဆီးမှုတွေက တပ်သားစုဆောင်းရေး မဟုတ်ဘဲနဲ့ ပြစ်မှုကျူးလွန်တာတို့ အမှုကိစ္စတွေနဲ့ ဖမ်းဆီးထားတာ ရှိပါတယ်။ ဒီလိုဟာမျိုးကျရင် တရားစီရင်ပြီးမှ ဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်ရှင်းပြရာတွင် ကေအိုင်အိုအဖွဲ့အနေဖြင့် ကချင်လူမျိုးတိုင်းသည် မိမိ၏ ကာကွယ်ရေး တပ်မတော်ဖြစ်သော ကေအိုင်အေတွင် ပါဝင်ရမည်ဆိုသည့် မူဖြစ်ကြောင်း၊ ထိုနည်းတူ ကချင်ပြည်နယ် ဌာနေသားများဖြစ်သော အထူးသဖြင့် ရှမ်းလူမျိုးများလည်း ပါဝင်ရမည်ဆိုသည့်မူကို ချမှတ်ထားသည်ဟု ပြောကြားသည်။

“မိမိသဘောဆန္ဒအလျောက်၊ နောက်တစ်ခုက တာဝန်ပိုင်းအရ ဥပမာ ကချင်ဆိုရင် ကချင်လူငယ်တိုင်းက ပါဝင်ရမယ် ဆိုတဲ့မူဝါဒ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် ဩဂုတ် ၁၂ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို၏ ဆက်ဆံရေးရုံးတွင် တွေ့ဆုံခဲ့ရာ တပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲများ မဖြစ်ပွားရေးကိစ္စ အပါအဝင် ကေအိုင်အေအောက်ခြေ တပ်အချို့၏ တပ်သားသစ်စုဆောင်းမှု ပြုလုပ်ခဲ့သည့် ကိစ္စများကိုလည်း ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


MPC ၌ ပြုလုပ်သော UPWC, NCCT နှင့် နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲ၌ ဗိုလ်ချုပ်ဂွမ်မော် ဆွေးနွေးစဉ်
Eleven Media Group

KIA နှင့် ဘင်္ဂါလီ နှောက်ယှက်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်

ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေးလူဦးရေ စာရင်းကို သြဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၉၇ ရွာမှ လူဦးရေစာရင်းကို ခန့်မှန်းထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရှေ့ပြေး ထုတ်ပြန်မည့် တစ်နိုင်ငံလုံး လူဦးစာရင်းသည် သန်းခေါင်စာရင်း ကောက်ကွက်များမှ စာရင်းများ၊ မွေးစာရင်း၊ သေစာရင်းများအရ ခန့်မှန်းထုတ်ပြန်ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အတိအကျကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။
From : .. the voice