Showing posts with label နိုင်ငံရေးဆောင်းပါးများ. Show all posts
Showing posts with label နိုင်ငံရေးဆောင်းပါးများ. Show all posts

ရွေးကောက်ပွဲ ချောက်ကမ်းပါးများ


ရွေးကောက်ပွဲ ချောက်ကမ်းပါးများ


မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲ ကံကြမ္မာ အဆုံးဖြတ်ပွဲကြီး ရက်ပေါင်း ၄၀ ကျော်အလို။ တစ်ဖက်က မဲစာရင်း မှားယွင်းမှုများနှင့် အခြားတစ်ဖက်က စည်းလွတ်ဝါးလွတ် မဲဆွယ်စည်းရုံးမှုများကြား ရွေးကောက်ပွဲကြီး စတင် အသက်ဝင်လာသည်။

စစ်မှန်သည့် ဒီမိုကရေစီနည်းကျသော ရွေးကောက်ပွဲများနှင့် အလှမ်းကွာခဲ့သည်မှာ ကြာပြီဖြစ်ရာ တိုင်းပြည်ရှိ ပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်သည့် အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပြည်သူများအားလုံးမှာ ရွေးကောက်ပွဲအကြောင်း တင်းပြည့်ကျပ်ပြည့် သိနားလည်သူ နည်းပါးလှသည်။ ယင်းအချိန်တွင် အာဏာရပါတီက တင်မြှောက်ထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ အခင်းအကျင်းများအောက်တွင် လူနားမရှင်းသည့် ရှုပ်ထွေးမှုများက ထွက်ပေါ်လာသည်။

ယင်းမှာ ထပ်တလဲလဲ မဲစာရင်းအမှား ဖြစ်သည်။ ပထမတစ်ကြိမ် မှားစဉ်က အခြေခံမဲစာရင်း ဖြစ်သောကြောင့် မှားယွင်းခြင်းဖြစ်ပြီး ပြင်ဆင်လိုက်ပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ထုတ်မည့် မဲစာရင်း (ယခုကပ်ထားသည့် မဲစာရင်း) တွင် မှန်ကန်လာမည်ဟု ကော်မရှင်အရာရှိများက ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ယခုတစ်ခေါက် ပိုမိုမှားယွင်းလာသည်။

ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူသည်ဟု ပြောဆိုလာသည့် အနေအထား ထပ်မံထွက်ပေါ်လာသည်။

ဤတွင် တမင်မှားခြင်းလောဟု သံယယများ ရှိလာပြီး မနိုင်စေလိုသူတို့ မနိုင်ရန် ထောင်ချောက်များလောဟု စောကြောစရာ ဖြစ်လာသည်။

မူလကတည်းက ပြည်သူယုံကြည်မှု နည်းပါးနေသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ယခုဖြစ်ရပ်ကြောင့် ပြည်သူများ၊ အတိုက်အခံပါတီများ၏ သံသယပေါင်းများစွာကို ပိုမိုကြီးထွားလာစေရန် မွေးထုတ်ပေးလိုက်သလို ဖြစ်သွားသည်။

“ဒါတွေက မဲစာရင်းစစ်တဲ့အခါ ရှုပ်ထွေးပြီး ပြဿနာတက်အောင် ဖန်တီးထားသလား ဆိုတာမျိုး ဖြစ်နေတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆိုသည်။

နည်းပညာကြောင့်၊ ဆော့ဖ်ဝဲအမှားကြောင့် ဆိုသည်ကို လက်ခံသူ နည်းပါးလှသည်။ အများရင်ထဲတွင် ခံစားနေရသည်က လိမ်နေပြီဟု ဖြစ်သည်။

အချို့နေရာများတွင် ရပ်/ကျေး ကော်မရှင်အရာရှိများနှင့် မဲဆန္ဒရှင်များ ပြဿနာတက်သည်အထိ အခြေအနေ တင်းမာမှုများ ရှိလာသည်။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် မဲရုံမှူးနှင့် ဆန္ဒမဲပေးမည့်သူတို့ မဲစာရင်းအမှားကြောင့် စကားများ ရန်ဖြစ်ကြသည်။

ယခု မှားယွင်းမှုများကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် နာမည်ကြီးခဲ့သည့် ကြိုတင်မဲကိစ္စအပေါ် သံသယစိတ်များ ပြန်ဖြစ်လာသည်။ ယခုတစ်ကြိမ်တွင် ပိုသတိထားရတော့မည်ဟု ယုံကြည်လာကြသည်။

အတိုက်အခံပါတီကြီးများက ပိုဆိုးသည်။ ဘောင်အတွင်းက ယှဉ်ပြိုင်သော်လည်း တိုင်မရသည့်အခါ ပြည်သူ့အားကို ယုံကြည်အားကိုးရတော့မည်။ အဓိကက ပြည်သူများ မဲများများပေးရန် လိုသည်။ မဲပေးခွင့်ရရန် မဲစာရင်းကို ယခုပင်ကြည့်ရမည်။ လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ရလိမ့်မည်။ မဲစာရင်းအမှား၊ ကြိုတင်မဲ အရေအတွက်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲနှင့် လက်ရှိအခြေအနေများကြောင့် သာမန်ပြည်သူများ အသိအနည်းငယ် ကြွယ်လာပြီ ဖြစ်သော်လည်း အခြားချောက်ကမ်းပါး ဖြစ်နိုင်သည့် အချက်များကိုမူ မသိကြ။

ယှဉ်ပြိုင်မည့် ပါတီအချို့သာ သိထားကြသည်။ အချို့အချက်များမှာ သိသော်လည်း လုပ်ဆောင်ရန်မှာ အခွင့်အလမ်းနှင့် ဘဏ္ဍာရေးက လိုနေသေးသည်။
မမျှတမှု ချောက်ကမ်းပါးများ


ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်ကိုယ်စားလှယ် အားလုံး ကျွမ်းကျင်ပိုင်နိုင်စွာ သိထားရန် လိုအပ်ခြင်း၊ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အတွက် စောင့်ကြည့်ပေးမည့် အရည်အချင်းရှိသည့် မဲရုံကိုယ်စားလှယ်များစွာ လိုအပ်ခြင်း၊ ပယ်ဖျက်နိုင်မည့် မဲဆန္ဒနယ်များကို မည်သို့ရွေးချယ်ကြောင်း စောင့်ကြည့်ရန် လိုအပ်ခြင်း စသည်တို့ ဖြစ်သည်။ အရည်အချင်းပြည့်ဝသည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ပေးထားသူ များစွာလိုအပ်သည်။

မဲဆွယ်စည်းရုံးရာတွင်လည်း ဘောင်ကျော်မှုများ၊ တရားမျှတမှု မရှိခြင်းများကို စောင့်ကြည့်ရန်လိုသည်။

ကိုကိုးကျွန်းတွင် ယှဉ်ပြိုင်မည့် အမတ်လောင်းမှာ ယင်းဒေသတွင် မဲဆွယ်ရန် ကြိုးစားခွင့် မရကြောင်း NLD ပါတီ နာယက သူရဦးတင်ဦးက ရှင်းပြသည်။

တိုင်းဒေသကြီးအစိုးရက ခွင့်ပြုခဲ့သော်လည်း ကိုကိုးကျွန်းသို့ သွားရောက်မည့် သင်္ဘောကို တပ်မတော် အမှတ် (၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ထံမှ ငှားရမ်းရာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က သင်္ဘောမထွက်သောကြောင့် သွားခွင့်မရခြင်း ဖြစ်သည်။ ယင်းနယ်မြေတွင် လက်ရှိ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး တပ်မတော်သား မိသားစုဝင်များ အများစု နေထိုင်သည့် နေရာဖြစ်သည်။

အချို့နေရာများတွင် ပါတီကို ဘာသာရေးဖြင့် တိုက်ခိုက်မှုများ ရှိသော်လည်း ကော်မရှင် တိုင်ကြားရာတွင် အရေးယူခြင်း မရှိပေ။

တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) က မျိုးစောင့်ဥပဒေကို မထောက်ခံသော ပါတီကို မဲမပေးရန် ပြောဆိုခြင်း၊ စာရွက်ဖြန့်ဝေခြင်းများ ရှိနေကြောင်း NLD ပါတီ နာယက ဦးတင်ဦးက ရှင်းပြသည်။

သို့သော် အချို့သော နေရာများတွင် မဘသက ၎င်းတို့ မလုပ်ဆောင်ကြောင်း ငြင်းချက်ထုတ်ထားသလို ကြံ့ခိုင်ရေးပါတီကလည်း ထိုသို့လုပ်ရန် ပါတီဝင်များကို ညွှန်ကြားထားခြင်း မရှိကြောင်း ငြင်းကြပြန်သည်။

ယင်းအပြင် အာဏာရပါတီဝင်များက မဘသ၏ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းမျိုး တွေ့ရသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသော်လည်း အရေးယူခြင်းမရှိဟု ဆိုသည်။

“ဖြန့်ဝေတဲ ပုဂ္ဂိုလ်တွေက အာဏာရပါတီကြီးက ဖြစ်တယ်၊ ဒါ ကျွန်တော်တို့ လက်ဆုပ်လက်ကိုင် ရှိတယ်၊ ဟင်္သာတတို့၊ ပုသိမ်တို့မှာဆိုရင် ဒီရန်ကုန်က ပို့လိုက်တဲ့ ကြေညာချက် အထုပ်လိုက်ဆိုတာ ကျွန်တော်တို့ဆီမှာ ဓာတ်ပုံလည်းရှိတယ်၊ ဖြန့်ဝေတာလည်း ရှိတယ်၊ ဒါကို ဘယ်လိုမှ အရေးယူခြင်း မရှိဘူး” ဟု ဦးဝင်းထိန်ကလည်း ရှင်းပြသည်။

ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဘာသာရေးကို မဲဆွယ်စည်းရုံးမှုအတွက် အသုံးချမည်ကို စိုးရိမ်ကြောင်း အမေရိကန် အပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး ကိုးရုံးက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ယင်းကြေညာချက်သည် ဘာသာရေး၊ လူမျိုးရေးအရ အထင်အမြင်လွဲမှားမှုများ၊ သံသယများ ပေါ်ပေါက်စေနိုင်သော တစ်ဖက်သတ် သုံးသပ်ချက်များဖြစ်ပြီး ပြည်သူများအကြား အထင်အမြင် လွဲမှားမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအခြေအနေများကြောင့် သေချာနေသည်က မြန်မာ့ရွေးကောက်ပွဲအလွန်တွင် အပြန်အလှန် ပြစ်တင်ရှုတ်ချပွဲကြီး များစွာ တွေ့မြင်ရမည်ဖြစ်သည်။
ကုန်ကျစရိတ် မှတ်တမ်း


ယင်းအပြင် မဲဆွယ်စည်းရုံးရာတွင် ကုန်ကျစရိတ် အသေးစိတ်ကို စာရင်းပြုစုထားရန် လိုသည်။ ယင်းစာရင်းတွင် ကိုယ်စားလှယ်ကို ထောက်ခံသူများက ကူညီဝေငှပေးသည့် စတစ်ကာများ၊ လက်ကမ်းစာစောင်များ၊ ဓာတ်ပုံများ၊ အအေးတိုက်ခြင်းများ အစရှိသည့် အသုံးစရိတ်အားလုံး ထည့်သွင်းထားရန်လိုမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ငြိမ်းအေးရှေ့ဆောင်အဖွဲ့မှ ဒါရိုက်တာ ဦးရဲအောင်က သတိပေးစကား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၇၀ ကျော်ရှိပြီး တစ်ဦးချင်းစီ၏ အသုံးစရိတ်များကို သေချာစွာ မှတ်သားထားရန် သင်တန်းများ ပေးစဉ်က သင်ကြားထားသည်ဟု ဆိုသည်။
“မှတ်ပုံတင်ကြေးကစလို့ ဆိုက်ကားခအဆုံး မှတ်တမ်းတင်ထားဖို့ ပြောထားတယ်။ ဟောပြောတဲ့အခါ ထောက်ခံတဲ့သူတွေက လက်ဖက်ရည်တိုက်တာ ရှိလည်း ထည့်မှတ်ခိုင်းထားတယ်။ သိန်းတစ်ရာကျော်မှာတော့ မပူပါဘူး။ အဲလောက်ငွေလည်း မရှိပါဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကမူ ၎င်းတို့ပါတီ အနေနှင့် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၈ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများကို အသေအချာ သင်ကြားပေးထားရသည်ဟု ပြောကြားသည်။
“နေ့စဉ်သုံးငွေတွေလည်း အသီးသီး စနစ်တကျ မှတ်တမ်းတင်ဖို့ သေချာမှာထားတယ်။ ၂၀၁၀ က အခြေအနေတွေရော အတွေ့အကြုံတွေရော အကုန်လုံး သေချာသင်ပေးပြီးမှ ဝင်ပြိုင်ခိုင်းတာပါ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဥပဒေများ၊ နည်းဥပဒေများ စည်းမျဉ်း၊ စည်းကမ်းများကို ပါတီအားလုံး တပြေးညီ လိုက်နာရန် လိုအပ်သည်ဟု ဆိုပြန်သည်။

“ခုက သူများကိုတော့ ထောက်ပြပြီး ကိုယ်တိုင်က တသီးပုဂ္ဂလတွေကို မဲမပေးဖို့ ပြောနေတာတွေလည်း ရှိတယ်။ ဒါလဲမလုပ်ရဘူး။ အဲဒီလို မှားတာကိုလဲ မီဒီယာတွေက ထောက်ပြရမယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။

ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ အနေနှင့်မူ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပါတီရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ထုတ်ဝေသည်ဟူသော စာသား ထည့်သွင်းထားပြီး ငွေစာရင်းများကိုလည်း အသေအချာပြုစုရန် ညွှန်ကြားထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောဆိုသည်။
“ငွေစာရင်းကတော့ သုံးတာအကုန်လုံး ဘောင်ချာနဲ့ ရေးခိုင်းထားတယ်။ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ခရီးစရိတ်အားလုံး ကိုယ်စားလှယ်တွေကို တိတိကျကျ လုပ်ခိုင်းထားပါတယ်” ဟု ၎င်းက ဆိုသည်။
ထောင်ချောက်လော


ယင်းအခြေနေများအောက်တွင် အခြားသတိထားစရာ ထောင်ချောက်များ ရှိနေနိုင်သည်။

အတိုက်အခံပါတီများနှင့် အာဏာရပါတီ ယှဉ်ကြည့်လျှင် အတိုက်အခံများဘက်က မဲဆွယ်မှုကို အရှိန်အဟုန်ဖြင့် ပိုမိုလုပ်ဆောင်နေကြသည်။ အာဏာရပါတီများဘက်က ဆန္ဒမဲနယ်မြေများတွင် ဆိုင်းဘုတ်ထောင်ခြင်းလောက်သာ လုပ်ဆောင်ကြသည်ကို တွေ့ရသည်။

၎င်းတို့ကတော့ ငွေကြေးအခက်ခဲနှင့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်တွင် မဲဆွယ်စည်းရုံးရန် ခက်ခဲနေသည်ဟု ယင်းပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း ပြောကြားထားသည်များ ရှိသည်။

အချို့ပါတီများ၏ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကို ယခုအချိန်တွင် စောင့်ကြည့်မှတ်သားရုံသာလုပ်ပြီး ရွေးကောက်ပွဲပြီးမှ ဖြုတ်ချနိုင်ကြောင်း ခန့်မှန်းချက်များ ရှိသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီမှ ဥက္ကဋ္ဌ ဦးသိန်းညွန့်က “ကြံ့ခိုင်ရေးပါတီက ငြိမ်နေတယ်။ တခြားပါတီတွေ မဲဆွယ်တာကို စောင့်ကြည့်ပြီး နောက်ပိုင်း ဖတ်ချတာ လုပ်မလား မသိနိုင်ဘူး” ဟု ဆိုသည်။

ဥပမာအားဖြင့် ကြံ့ခိုင်ရေးပါတီမှ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်၏ အမှုဖြစ်သည်။

ဦးသိန်းညွန့်ကိုယ်တိုင်မှာ ၎င်းမွေးဖွားသည့် အချိန်တွင် မိဘများမှာ နိုင်ငံသား မဖြစ်သေးသဖြင့် အစပိုင်းက NLD ပါတီက ကန့်ကွက်ခဲ့သော်လည်း ကော်မရှင်၏ မျက်ကွယ်ပြုမှုကို ထပ်မံကန့်ကွက်ခြင်း မပြုတော့ပေ။

ယင်းမှာလည်း ရွေးကောက်ပွဲအပြီးတွင် ဖြုတ်ချလို့ရသည့် အချက်ဖြစ်သွားနိုင်မလား ဆိုသည်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဦးရဲအောင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သာမက ပါတီများအားလုံး တရားမျှတပြီး စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်စေချင်လျှင် ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကို အတိအကျ လိုက်နာရမည်ဖြစ်ပြီး သူများအမှားကို မြင်သလို မိမိအမှားကိုလည်း မြင်အောင်ကြည့်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်က မှတ်ချက်ပြု ပြောကြားသည်။
ပယ်ဖျက်နိုင်တဲ့ မဲဆန္ဒနယ်မြေများ


ရာသီဥတုကြောင့်ဖြစ်စေ၊ စစ်ပွဲများကြောင့်ဖြစ်စေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်ခွင့် ရှိနေသည်။

ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် အဆိုအရ ရွေးကောက်ပွဲ မကျင်းပနိုင်သော မဲဆန္ဒနယ် စာရင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ အတွင်းရှိ မဲဆန္ဒနယ်အချို့တွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိ၊ မရှိကို နယ်မြေအခြေနေများ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် ပါဝင်သော ၁၆ မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဘေးကင်းသည့် အချိန်ထိ ဆိုင်းငံ့ထားရန် RCSS/SSA က စက်တင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့်လည်း အဆိုပါ နေရာများတွင် ကျင်းပမည်လား၊ ဖျက်သိမ်းမည်လားကို စောင့်ကြည့်ရမည် ဖြစ်သည်။

စောင့်ကြည့်ရာတွင် ၎င်းတို့ ဖျက်သိမ်းသည့် မဲရုံမှာ မည်သည့်ပါတီကို ထောက်ခံမှုများသည့် နယ်မြေ ဖြစ်ကြောင်းကိုလည်း သတိပြုရန်လိုကြောင်း ဦးရဲအောင်က ဆိုသည်။

ယင်းအပြင် မဲရုံများတွင် ရန်ဖြစ်ပွားသောကြောင့် မဲရုံပိတ်လိုက်ရပါကလည်း အဆိုပါမဲရုံတွင် ပေးထားပြီးသား မဲအရေအတွက်ကိုယူမည်၊ မယူမည်ကို ဆုံးဖြတ်မည်မှာလည်း ကော်မရှင်ပင်ဖြစ်ရာ ပြည်သူများအနေနှင့် သတိထားရန်လိုကြောင်း ဦးဝင်းထိန်က ဆိုသည်။

အငြင်းပွားမှုများအတွက် ကော်မရှင်၏ လုပ်ပိုင်ခွင့်မှာ အတိုင်းထက်အလွန်ပင်။ ၎င်းတို့ ဖွဲ့စည်းရမည့် ခုံရုံးက ဆုံးဖြတ်ချက်မှာ အတည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ဖော်ပြထားသည်။

ယင်းကြောင့် ထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် မကြာမတင် ပြောင်းလဲထုတ်ပြန်နေသည့် ညွှန်ကြားချက်များ၊ တစ်ခါတရံနှုတ်ဖြင့် ပြောကြားသည့် အချက်များ (ဥပမာ- မဲစာရင်းမှာ နာမည်ပါရင်ရပြီ၊ အချက်လက်မှားတာရတယ်၊ ပါတီတစ်ခုမှာ ပါရင် တသီးပုဂ္ဂလ အနေနဲ့ မပြိုင်ရဘူး) ကို ဂရုတစိုက် လိုက်နာရမည်ဖြစ်သည်။

ပါတီတစ်ခုတွင် ပါပါက တသီးပုဂ္ဂလအနေနှင့် ဝင်မပြိုင်ရဟု ကော်မရှင်က နှုတ်ဖြင့် ပြောဆိုသော်လည်း ကြံ့ခိုင်ရေးပါတီမှ ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့မှာ ကယားပြည်နယ်တွင် တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်လျက် ရှိသည်။

မရှင်းလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုက်ရိုက်မေးမြန်းပြီး တရားဝင် ကြေညာချက်များအဖြစ် စာထုတ်ခိုင်းသင့်သော်လည်း တောင်းဆိုသည့် ပါတီက ခပ်နည်းနည်း။
အပြန်လှန်ထိန်းကျောင်းမှု မရှိသည့် ကော်မရှင်


ပွဲအစ စည်းကမ်းထုတ်သည်မှာ ကော်မရှင်။ ပါတီများ၊ အရပ်ဘက်အဖွဲ့စည်းများ အားလုံးကို ကိုင်တွယ်ကာ လက်တွေ့အကောင်ထည်ဖော်သည်မှာ ကော်မရှင်၊ နောက်ဆုံးပွဲပြီးလျှင် စီရင်ချက် ပေးနိုင်သည်မှာ ကော်မရှင်ပင်ဖြစ်နေရာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်မှာ လုပ်ပိုင်ခွင့်အားလုံး ရရှိထားသည်။

အခြားနိုင်ငံများမှာဆိုလျှင် ပြည်ထဲရေး ဝန်ကြီးဌာနက ရွေးကောက်ပွဲကို ကျင်းပပေးပြီး တရားရေးက ရွေးကောက်ပွဲအလွန် အငြင်းပွားသည့် ပြဿနာများကို ဖြေရှင်းပေးသည့် တာဝန်ယူခြင်းမျိုး ရှိသည်။ ယင်းသို့ တာဝန်ခွဲဝေယူခြင်းက သမာသမတ်ကျမှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်များ စောင့်ကြည့်လေ့လာမည့် ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့မှ ဒါရိုက်တာ ဦးစိုင်း ရဲကျော်စွာမြင့်က ဆိုသည်။

အစစအရာရာ ကော်မရှင်ပေါ်တွင် မှီတည်နေသည်မှာ ကော်မရှင်ဥပဒေ၏ ချို့ယွင်းချက်ကြောင့် ဖြစ်သည်။

ဥပဒေတွင် ကော်မရှင်ဥက္ကဋ္ဌကို သမ္မတက ရွေးချယ်ပေးရသောကြောင့် အာဏာရပါတီနှင့် ကော်မရှင်မှာ တစ်ဖက်တည်းလို ဖြစ်နေသည်။ ယင်းကြောင့် ၂၀၁၅ တွင် ဥပမာ- NLD နိုင်မည် ဆိုလျှင်လည်း ၎င်းတို့က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်ခွင့်ရမည် ဖြစ်သည်။ ယင်းအချက်က ကော်မရှင်၏ သမာသမတ်ကျမှုကို မေးခွန်းထုတ်စရာ ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

ယခုအချိန်တွင်မူ ပြည်သူများက မဲများများပေးခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပါတီများက မဲထည့်နည်းများကို ပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းနှင့် ဥပဒေများ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာသိရှိပြီး လိမ္မာပါးနပ်စွာ အသုံးချနိုင်အောင် ကြိုးစားရန်သာ ရှိတော့သည်။
နောက်ဆုံးစိုးရိမ်မှု


အဆိုပါ အခြေနေများအပြီး စစ်မှန်သော ရလဒ်များ ထွက်ပေါ်လာလျှင်ပင် နောက်ဆုံးစိုးရိမ်မူက ပြည်သူများရင်ထဲတွင် ရှိနေသေးသည်။

အာဏာသိမ်းမည်လား ဆိုသည်မှာ ဖြစ်ခဲ့ဖူးသောကြောင့် ထည့်သွင်းစဉ်းစားနေကြသည်။ ၁၉၉၀ ရလဒ်ကို လက်မခံခဲ့ခြင်း အတိတ်တစ္တေကလည်း ခြောက်နေသည်။ မကြာခင်က ဖြစ်ခဲ့သည့် ဘတ်စ်ကားလိုင်းများ ကိစ္စမှာ ဆူပူခြင်းကို ဖန်တီးသလောဟု စိုးရိမ်မှုများလည်း ရှိခဲ့ကြသည်။

သို့သော် စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ကတိစကားတစ်ခွန်းတော့ ပြောထားသေးသည်။ ၎င်းက အာဏာသိမ်းသည့် လုပ်ရပ်ကို မကြိုက်ကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သည့်ရလဒ် ထွက်ပေါ်လာသည် ဖြစ်စေ တပ်မတော်က အာဏာသိမ်းမည် မဟုတ်ကြောင်း ပြောကြားထားသည်။

သို့သော် စက်တင်ဘာလ ၁၈ ရက်နေ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင်မူ တပ်မတော်သားများ အနေနှင့် တပ်မတော်အပေါ် နားလည်မှု ရှိသူကို မဲပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားကြောင်း မြဝတီ သတင်းဌာနက ဖော်ပြခဲ့သေးသည်။

လက်ရှိအခြေနေများကတော့ ဘက်ပေါင်းစုံတွင် မမြင်ရသည့် ချောက်များ၊ မြင်ပြီး မရှောင်နိုင်သည့် ချောက်များက ရှိနေနိုင်သည်။

ယှဉ်ပြိုင်သူများ ပြည်သူများဘက်က မလေ့လာ၊ မသိနားမလည်သောကြောင့် ခံလိုက်ရသည်ဆိုလျှင် မမြင်ရသည့်ချောက် ဖြစ်ပေလိမ့်မည်။ သို့သော် တမင်ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် အကွက်ဆင် ပြုလုပ်သည်ဆိုလျှင် ထောင်သောချောက် တစ်နည်း ထောင်ချောက်ဖြစ်ပေလိမ့်မည်။

ရိုးရိုးချောက်ဖြစ်စေ၊ ထောင်ချောက် ဖြစ်စေသတိတရားဖြင့် နည်းပရိယာယ် များသုံးကာ စနစ်တကျယှဉ်ပြိုင်လျှင် ပြည်သူများကလည်း အမှန်တကယ်သိရှိကာ ယှဉ်ပြိုင်လျှင် စစ်မှန်သည့် ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာပေလိမ့်မည်။

အားလုံးပါဝင်ရန် လိုသည်။ ယင်းကြောင့် မဲစာရင်း မဖြစ်မနေ သွားကြည့်မည်။ မဲရအောင်ပေးမည် ဟူသော မဲဆန္ဒပိုင်ရှင်များလည်း ရှိသည်။

“ရအောင် မဲစာရင်းကြည့်ပြီး မဲပေးမှာပါ” ဟု တောင်ဥက္ကလာပ မြို့နယ်တွင် အိမ်ဆိုင်ဖွင့်ထားသည့် အိမ်ရှင်မတစ်ဦး ဖြစ်သူ ဒေါ်ခိုင်က ပြောကြားသည်။

Green
thevoicemyanmar.com

ဟုတ်လို့လား RCSS/SSA ရယ်



စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၅

NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး ဇူလိုင် ၁၇ ရက်နေ့တုန်းက KNU, KNU/KNLA – PC, DKBA, RCSS/SSA အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးသားဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့တုန်း က နေပြည်တော်မှာ သမ္မတနဲ့ NCA ကိစ္စလာရောက်တွေ့ဆုံဆွေးနွေးတဲ့ ကြီး ၅ ကြီးထဲမှာလည်း RCSS/SSA အဖွဲ့ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် NCA ချုပ်ဆိုဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးတွဲ ကော်မတီတစ်ရပ်ဖွဲ့မယ်ဆိုပြီး အစိုးရကဖိတ်ခေါ်ထားတဲ့ ရန်ကုန်အစည်းဝေးကို RCSS/SSA အနေနဲ့မတက် တော့ဘူး လို့ ပြောကြားလာပြန်ပါတယ်။ NCA ကိုလက်မှတ်မထိုးတော့ဘူးဆိုတဲ့ သဘောသက်ရောက် နေပါ တယ်။ အပြောင်းအလဲ မြန်လှချည်လား RCSS/SSA ရယ်လို့ပဲ ပြောချင်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ KNU နဲ့ RCSS/SSA တို့တွေ့ဆုံပြီးတဲ့နောက် အစည်းအဝေးမတက်ဖို့ဆုံးဖြတ် ခဲ့တာလို့ သိရပါတယ်။ RCSS/SSA အနေနဲ့ NCA ကို ကန့်ကွက်တဲ့ သဘောမဟုတ်ဘဲ လက်ရှိမြေပြင်တိုက်ပွဲ တွေ ရပ်ဆိုင်းပြီး နယ်မြေအေးချမ်းတည်ငြိမ်မှု ပြန်လည်ဖြစ်ထွန်းလာမှပဲ NCA ကိစ္စကို ဆက်လက်စဉ်းစားမယ် ဆိုပြီး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စိုင်းလ ကပြောကြားသွားတာဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်နေလို့ NCA မထိုးတော့ ဘူးဆိုတာအဖြေမဟုတ်ပါဘူး။ အဲဒီတိုက်ပွဲတွေ ချုပ်ငြိမ်းအောင်လို့ NCA ထိုးမှာမဟုတ်ဘူးလား။ ပြီးတော့ တိုက်ပွဲတွေဖြစ်ရတဲ့ အကြောင်းရင်းခံက လည်းရှိနေသေးတော့ RCSS/SSA အနေနဲ့ အစိုးရတပ်တွေကိုပဲ အပြစ်ပုံချနေတာ သဘာဝမကျဘူးလို့ မြင်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် NCA မထိုးတော့ဘူးလို့ RCSS/SSA ကပြောလာတဲ့အတွက် MPC မှ အဆင့်မြင့်အရာရှိ ဦးလှမောင်ရွှေက အခုလိုပြောကြားသွားပါတယ်။ “ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒီပြဿနာ တွေကိုဖြေရှင်းဖို့ နိုင်ငံရေးဆွေးနွေးဖို့လိုတယ်။ တိုက်ပွဲရပ်မှသွားရမယ်၊ တိုက်ပွဲမရပ်လို့ မသွားသေးဘူးလို့ စဉ်းစားရမယ့်အစား၊ တိုက်ပွဲရှိရင်လည်း ရှိနေမှာပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲက ဒါတွေပြီးပြတ်အောင် ဆွေးနွေး ညှိနှိုင်းဖို့လိုတယ်” လို့ မီဒီယာတွေ ကိုဖြေကြားသွားတာဖြစ်ပါတယ်။ RCSS/SSA က ပြဿနာကို မဖြေရှင်းဘဲရှောင်လွှဲလိုတဲ့စိတ်ဓာတ်ကတော့ ငြိမ်းချမ်းရေးအပေါ် တကယ်လိုလိုလားလား မရှိဘူးလို့ပဲ သုံးသပ် ချင်ပါတယ်။

RCSS/SSA ကြီးစိုးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် စည်းရုံးရေးဆင်းမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေး ပါတီတွေအတွက် လုံခြုံစိတ်ချရမှုမရှိလို့ စည်းရုံးရေးယာယီရပ်နားထားပါ ဆိုပြီး သတိပေးထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။ အဲဒီတိုက်ပွဲတွေဟာ အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်လို့ဖြစ်ရတာပါဆိုပြီး RCSS/SSA ကပြောထားတာတွေ့ရပါတယ်။ တိုက်ပွဲတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ RCSS/SSA ကြိုးစားနေပြီဖြစ်ပါတယ်။ RCSS/SSA ကစည်းရုံးရေးမဆင်းဖို့တားမြစ် ပေမယ့် အစိုးရတပ်ဘက်ကတော့စည်း ရုံးရေးဆင်းမယ့် အဖွဲ့တွေကို လိုအပ်ရင်လိုက်ပါစောင့်ရှောက်ပေးဖို့အထိ လိုလား နေကြပါတယ်။ ရိုးသားမှု၊ မရိုးသားမှုဟာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပြီဖြစ်ပါတယ်။

RCSS/SSA အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလက “ ကျနော်တို့သွားလာလှုပ်ရှား တဲ့ ၁၆ မြို့နယ်အတွင်းမှာ အခြေစိုက်ပြီး ခြံလုပ်ငန်းတွေ၊ မွေးမြူရေး လုပ်ငန်းတွေလုပ်ဖို့တင်ပြထားတာပဲ၊ ကျနော်တို့သွားလာလှုပ်ရှားနေတဲ့ နယ်မြေပဲ၊ အခုကျတော့ ကျနော်တို့တပ်တွေကို လိုက်လံတိုက်ခိုက်နေတယ်။ လူထုအပေါ်လူ့အခွင့်အရေးချိုး ဖောက်နေတယ်။ 
လုံခြုံစိတ်ချရမှုမရှိတော့တဲ့ အတွက် စည်းရုံးရေးဆင်းတာတွေ ယာယီရပ်နားထားဖို့ပါ။ လုံခြုံ စိတ်ချရမှုရှိမှ စည်းရုံးရေးပြန်ဆင်းဖို့ပါ” လို့ပြောကြားသွားတာရှိပါတယ်။ ဟုတ်လို့လား စိုင်းလရယ်လို့ပဲ မေးချင်ပါတယ်။ RCSS/SSA က ၁၆မြို့နယ်ထဲမှာ လှုပ်ရှားသွားလာနေတာကို အစိုးရတပ်က အကြောင်းမဲ့ လိုက်တိုက်နေ တယ်ဆိုတာကတော့ ယုံကြည်ပေးဖို့မဖြစ်နိုင်ပါဘူး။ အဲဒီမြို့နယ်တွေထဲမှာ ကိုယ်တိုင်နေခဲ့ဖူး တဲ့အတွက် RCSS/ SSA ရဲ့ အကျင့်လေးတွေကိုလည်း အတွင်းကျကျသိနေခဲ့ပါတယ်။

RCSS/SSA လှုပ်ရှားနေတဲ့ မြို့နယ် ၁၆ မြို့နယ်ကတော့ နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ ကျေးသီး၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းပြင်း မြို့နယ်တွေ လို့ဆိုပါတယ်။ အခုရာသီဟာ ဘိန်းပေါ်တဲ့အချိန်ဆိုတော့ RCSS/SSA အဖွဲ့ခြေရှုပ်နေတာအမှန်ပါပဲ။ ဘိန်းဆက် ကြေးကောက်တယ်။ ဘိန်းစိမ်းတွေကို ဈေးနှိမ်ပြီးလိုက်ဝယ်တယ်။ ပင်လုံ၊ လဲချား၊ မိုင်းကိုင်ဘက်မှာ နေတဲ့ ဒေသခံတွေ အသိဆုံး။ ဒီရာသီရောက်ရင် RCSS/SSA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်တာထုံးစံလိုဖြစ်နေပါ ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘိန်းဖျက်တဲ့ဌာနဆိုင်ရာတွေကို နှောင့်ယှက် ပစ်ခတ်မှုတွေလုပ်လာတဲ့အတွက် အစိုးရ စစ်ကြောင်းတွေက လိုက်ပါကာကွယ်ပေးရင်း ဘိန်းဖျက်ရတာပါ။

ဘိန်းလာဖျက်ရကောင်းလားဆိုပြီး RCSS/SSA ကစပြီး ပစ်ခတ်တာဖြစ်ပါတယ်။ လင်းခေးမြို့နယ်ထဲမှာ သစ်တောအရာရှိလေးဦးကို သတ်ခဲ့တဲ့ တရားခံဟာ RCSS/SSA အဖွဲ့ပါလို့ ဒေသခံတွေကိုယ်တိုင်ပြောနေ တာပါ။ မောက်မယ်မြို့နယ်ထဲက PNLO နယ်မြေကို သွားလုပြီး ပြဿနာရှာနေ တာ RCSS/SSA အဖွဲ့ပါ။ အစိုးရတပ်တွေလှုပ်ရှားသွားလာနေတာတောင် RCSS/SSA က ဒီလောက်သောင်းကျန်းနေရင် ဒီအတိုင်းလွှတ်ထားလိုက်လို့ ကတော့ ဘယ်လောက်တောင် အနိုင်ကျင့် လိုက်မလဲစဉ်းစား သာကြည့်ပေတော့။

ငြိမ်းချမ်းရေးမလိုချင်ရင်လည်းမလိုချင်တဲ့အကြောင်း အမှန်အတိုင်းပြော ပါ။ ရွေးကောက် ပွဲတွေကို မလိုလားဘူး ဆိုရင်လည်း မလိုလားတဲ့အကြောင်း အမှန်အတိုင်းပြောပါ။ ဒေသခံတိုင်းရင်းသားတွေကို ခုတုံးမလုပ်ပါနဲ့။ RCSS/SSA ကောင်းတယ်၊ မကောင်းဘူးဆိုတာ လက်ရှိလုပ်ဆောင်ချက်တွနဲ့ တိုင်းတာတော့ မှာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာ အစိုးရတပ်ကြောင့်လို့ပြော တာထက် RCSS/SSA ကြောင့်လို့ သာ ပြောချင်ပါတယ်။ ရှမ်းပြည်နယ် နဲ့ ရှမ်းလူထုကောင်းစားရေးအတွက် ဆိုတာ ဟုတ်လို့လား RCSS/SSA ရယ်…..။

နိုင်မင်းခန့်

စည်းမျဉ်း စည်းကမ်း နှင့် ဥပဒေ


နိုင်ငံတကာသတင်းတစ်ပုဒ်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖေ့စ် ဘွတ်ခ်တွင် ရေးသားချက် များကြောင့် ဖိလစ်ပိုင် သူနာပြုတစ်ဦးကို ထောင် ဒဏ်လေးလချမှတ်လိုက်သည့်သတင်းကို ဖတ်ရသည်။ ထိုကဲ့သို့ပင် တလော ဆီက ထိုင်းနိုင်ငံတွင် ဘုရင်ကိုအကြည်ညိုပျက်စေသော ရေးသားမှုဖြင့် နိုင်ငံ ရေးခေါင်းဆောင်တစ်ဦးအား ထောင် ဒဏ်အပြစ်ပေး လိုက်သည် ကို တွေ့ခဲ့ရ သည်။

ယခုတွေ့ရသည့် သတင်းတစ်ပုဒ်ကတော့ ဂျော်ဂျီယာပြည်နယ်မှ မြေ ပဲကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိချုပ်တစ်ဦးအား ယင်းတို့ကုမ္ပဏီ မှ ဖြန့် ဖြူးသည့် မြေပဲအစားအစာတွင် အစာအဆိပ်သင့်စေသည့် ပိုးတစ်မျိုး ပါဝင် သည်ကို သိလျက်ဖြင့်ဖြန့်ဖြူး ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂၈ နှစ် အပြစ်ဒဏ် ချမှတ်လိုက်သည်ကို တွေ့ရသည်။ ယင်းလုပ်ရပ်ကြောင့် လူကိုးဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာ ကျန်းမာရေးထိခိုက်စေခဲ့ကြောင်း သိရသည်။

မိမိတို့နိုင်ငံတွင် အစားအသောက်များအတွင်း ဆိုးဆေးများပါဝင်မှု ကြောင့် ယင်းအစားအသောက်များကို မစားသုံးရန် နိုင်ငံပိုင်သတင်း စာများမှ နေ၍ ကြေ ညာခဲ့သော်လည်း ထိုအစားအသောက် ထုတ်လုပ်သူများကို မည်သို့ အရေးယူလိုက်သည် ဟု ဖော်ပြခဲ့ခြင်းမျိုး တစ်ခါမျှမကြားမိချေ။ လက်ဖက် များတွင် ဆိုးဆေးပါလို့၊ ငါးပိတွင် ဓာတုပစ္စည်းများသုံးစွဲထားလို့၊ သောက်ရေ သန့်များတွင် မသန့်ရှင်းသောပိုးများပါဝင်လို့ စသဖြင့် ကြေညာပေးလေ့ရှိသော် လည်း ဘယ်တုန်းကမျှ အရေးယူခဲ့ကြောင်း ဖော်ပြ ထားခြင်းကို မတွေ့ရချေ။ ဥပဒေမထွက်သေးလို့၊ နည်းဥပဒေမရှိသေးလို့ဖြင့် ပြီးလွယ်ပျောက်လွယ်ပဲ ရှိခဲ့သည်ကို တွေ့ရသည်။

ထိုကဲ့သို့ပင် ရွေးကောက်ပွဲနားနီးလာသဖြင့် လူမှုကွန်ရက်စာမျက်နှာ များ ပေါ်တွင် အပြန်အလှန်ဆဲကြဆိုကြ၊ ကလော်တုတ်ကြ ရှိနေချိန် တွင် ဖေ့စ် ဘွတ်ခ်ဌာနချုပ်မှ မတ်ဇူကာဘတ်နှင့်တိုင်ပင်ပြီး အခုပဲ အရေးယူတော့မလိုလို၊ ထိုသို့သောအကောင့်များကို ဘန်းပစ်တော့မလိုလို အာပေါင်အာရင်းသန်သန် ပြောပြီးနောက် ဘာသံမှမကြားရပြန်တော့ချေ။ ထိုသို့သောဖြစ်ရပ်မျိုး မိတ္ထီ လာဖြစ်ရပ် ဖြစ်ပွားစဉ်ကလည်း ကြားခဲ့ရဖူးသည် ကို တွေ့ရသည်။ ပြီးတော့ လည်း ဘာမှမဟုတ်။ ယခုနောက် ဆုံး မော်တော် ယာဉ်ဥပဒေသစ် ပြဋ္ဌာန်း လိုက်သဖြင့် လိုင်းကားသမားများ ရပ်ဆိုင်းခဲ့ကြ သည့်ဖြစ်ရပ် ဖြစ်ခဲ့သည်ကို တွေ့ရသည်။

ထိုဖြစ်ရပ်တွင် ထုတ်ပြန်လိုက်သောဥပဒေကို မလိုက်နာခြင်းဟူ သည့် သဘောကို အထင်အရှားတွေ့ရမည်ဖြစ်သည်။

ဆိုလိုသည်မှာ မိမိတို့နိုင်ငံတွင် စည်းကမ်းတစ်ခု၊ ဥပဒေတစ်ခု သတ်မှတ် လိုက်ပြီဆိုလျှင် ထိုစည်းကမ်း၊ ထိုဥပဒေများ အတိုင်းလိုက်နာရန် လုပ်ဆောင် ရမည်ဖြစ်သလို မလိုက်နာလျှင်လည်း ထိုက်သင့်သောပြစ်ဒဏ်ကို ထိုက်သင့် သလို အပြစ်ပေးအရေးယူနိုင်ရမည်ဖြစ်သည်။

သို့မှသာ သက်ဆိုင်ရာကထုတ် ပြန်လိုက်သော စည်းကမ်းစည်းမျဉ်းနှင့် ဥပဒေတို့သည် လူရိုသေရှင်ရိုသေရှိ ကာ အာဏာစက် သက်ရောက်ဩဇာရှိ မည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ထိုစည်းကမ်းစည်းမျဉ်း၊ ဥပဒေတို့ သည် လေထဲ တွင်လည်းကောင်း၊ စက္ကူပေါ် တွင်လည်းကောင်း သင်္ကြန်အမြောက် အဖြစ်၊ စက္ကူကျားအဖြစ် လူမလေး ဟိုသတ္တဝါမခန့်ဘဝဖြင့် ကွယ်ပျောက်သွားကြမည်ဖြစ်သည်။ ထိုနည်းတူ အ ထက်တွင်ဖော်ပြခဲ့သော သာဓကများအရ အရေးယူအပြစ်ပေးခြင်းမရှိဘဲ စည်း ကမ်းဥပဒေများချည်း ထုတ်နေမည်ဆိုပါက အဆိုပါစည်းကမ်းဥပဒေများကို မည်သူကမျှ အလေးထားအရေးတယူလိုက်နာမည့်သူမရှိဘဲ ကိုယ်ထုတ်သော ဥပဒေ ကိုယ့်ဘာသာထိုင်ကြည့်နေရသောအဖြစ် ကျရောက်နေသလို ရှိလိမ့် မည်ဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေးက သုံးသပ်ဖော်ပြအပ်ပေသည်။

အယ်ဒီတာ(စက်တင်ဘာ ၂၃၊ ၂၀၁၅)
‪#‎Democracytoday‬

ကာချုပ်၏စကားနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဒီမိုကရေစီအရွေ့သို့ တွန်းခြင်းလေလား


ရန်ကုန်၊စက်တင်ဘာ ၂၃

သမ္မတသည် အမျိုးသမီးဖြစ် စေ၊ အမျိုးသားဖြစ်စေ လက်ခံသည် ဟု ကာချုပ်၏စကား နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့်တပ် မတော် ကြား သံသယများ ဖယ်ရှား၍ ပူးပေါင်းဆောင်ရွက်ချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်း၌ထည့်သွင်းပြောဆိုမှု တို့သည် ဒီမိုကရေစီအရ အပြုသဘော ဆောင် လာသည်ဟု ပါတီအချို့နှင့် နိုင်ငံရေးသမားအချို့က ထောက်ခံ ကြိုဆိုလိုက်ကြသည်။

ယခုလ ၂၁ ရက်နေ့ညက ထုတ်လွှင်ခဲ့သောNLD ပါတီ၏မဲ ဆွယ်ဟောပြောမှုတွင် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က မြန်မာ့တပ် မတော်ကို ဒီမိုကရေစီစံနှုန်း စံထား များနှင့်အညီ တိုးတက်ခေတ်မီ ပြည့်စုံစွာ၊ နိုင်ငံနှင့် ပြည်သူလွတ်လပ်လုံခြုံအေးချမ်းရေးတို့ကိုအခိုင် အမာကာကွယ်ပေးမည့် အားကိုးရ သည့်အဖွဲ့အစည်းတစ်ခုဖြစ်စေလို ကြောင်း၊ အဖွဲ့ချုပ်နှင့်တပ်မတော် အကြားရှိ သံသယများကို ဖယ်ရှား ၍ ပြည်ထောင်စုအရေး၊ ဒီမိုကရေ စီအရေးအတွက် အပြန်အလှန်ယုံ ကြည်လေးစားစွာဖြင့် ပူးပေါင်း ဆောင်ရွက်ချင်ကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်း လဲရေးတွင်လည်း နိုင်ငံတည်ငြိမ်မှု၊ အေးချမ်းမှုကိုမထိခိုက်စေဘဲ ပြည် သူ့ဆန္ဒနှင့် ကိုက်ညီစွာ အတူတူ လုပ်ဆောင်ချင်ကြောင်း ပြောကြား ခဲ့သည်။ ထိုသို့ ပြောဆိုမှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ နှင့် နိုင်ငံရေးပါတီများက အမြင် အမျိုးမျိုးဖြင့် ဝေဖန်သုံးသပ်ခဲ့ကြ သည်ကို တွေ့ရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဦးဟန်ရွှေက ”အရင် တုန်းက အတိုက်အခံအနေနဲ့လုံးဝ အဆင်မပြေခဲ့ဘူး။ ဒါပေမဲ့ အခု ဒီလို စကားတွေ ထွက်လာတယ်ဆို တာကလည်း အပြုသဘောဆောင် လာတယ်လို့ ပြောရမှာပါပဲ။
ဒီမိုက ရေစီစနစ်ကိုသွားတဲ့အခါမှာ ဒီမို ကရေစီယဉ်ကျေးမှုရှိတယ်။ ဒါက မတူတာကို စားပွဲဝိုင်းမှာ ညှိကြတာ ဒီမိုကရေစီယဉ်ကျေးမှုပဲ။ ဒီလို ပြောင်းလဲလာတယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုထုတ်လွှင့်မှုမတိုင်မီ ယင်းနေ့ နံနက်ပိုင်းက နေပြည် တော်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် ဖွဲ့စည်းပုံအခြေခံ ဥပ ဒေအရ ဖြစ်လာသော သမ္မတသည် အမျိုးသမီးဖြစ်စေ၊ အမျိုးသာြး ဖစ် စေလက်ခံသည်ဟု ကာချုပ်က မီဒီ ယာများကို ပြောကြားခဲ့သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့၏ ပြောဆိုမှုများသည် တိုက် ဆိုင်ခြင်းထက် ထူးဆန်းမှုတစ်ခုဖြစ် နေသည်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူများက ပြော ဆိုကြသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဒေး ဗစ်လှမြင့်က ”သူတို့ နှစ်ယောက် ပြောတာ ဆက်စပ်မှုတော့ရှိတာ ပေါ့။ ကောင်းတဲ့ဘက်မှာသွားပြီး တူနေတယ်ဆိုရင်တော့ လက်ခံရ မှာပေါ့။ ဒါပေမဲ့ ကာချုပ်ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဖြစ်တဲ့သူက အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ လက်သင့်ခံတယ် ဆိုတာ ဒေါ်အောင်ဆန်း စုကြည်ကို ရည်ညွှန်းတာမဖြစ်နိုင်ဘူး။ ဒါပေမဲ့သူ့စကားအပေါ် ပြန်ပြောချင်တာ က အမျိုးသမီးတစ်ဦးကို သမ္မတ မဖြစ်အောင်လုပ် ထားတဲ့ ပုဒ်မ ၅၉(စ)ကို ပြင်ပေးလိုက်ရင် သူပြော တဲ့စကားတွေက ပိုပြီးကောင်းမှာ ပါ။ ဒီပုဒ်မပြင်ဖို့က သူတို့က အဓိ ကကျနေတော့ေ လ”ဟု သုံးသပ်ခဲ့ သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ မြန်မာနိုင်ငံရှေ့နေ များကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကလည်း ယခု ကဲ့သို့ ပြောဆိုလိုက်သော နှစ်ဖက် စကားသည် သံတမန် စကားပြော ခြင်းနှင့်တူပြီး ကာချုပ်ပြောစကား မှာ မြန်မာ့ဒီမိုကရေစီအရေးသည် တင်းကျပ်မှုမရှိဟူသည့် အဓိပ္ပာယ် သက်ရောက်ကြောင်းကိုလည်း သုံး သပ်ခဲ့သည်။

ထို့ပြင် ယင်းနေ့မှာပင် ကာချုပ် က တပ်မတော်အနေဖြင့် အာဏာ သိမ်းရန် အစီအစဉ်မရှိကြောင်းနှင့် ၄င်းကိုယ်တိုင်လည်း မကြိုက်ေ ကြာင်း ပြောခဲ့သေးသည်။

ထိုစကားနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က လွန်ခဲ့သည့် ၂၇နှစ် သြဂုတ်လ ၂၆ ရက်နေ့က မြန်မာ့တပ်မတော်ကို ပြည်သူလူထုအားကိုးရသည့် တပ် မတော်ဖြစ်ပါစေဟု နိုင်ငံရေးအင် အားစုများက ရွှေတိဂုံဘုရား အ နောက်ဘက်မုခ်တွင် တောင်းဆိုခဲ့ ဖူးသေးသည်ဟု ပြန်လည်ပြောပြ သည်။

”အခုတစ်ကြိမ်ကလည်း ထပ် ပြီးဖိတ်ခေါ်လိုက်တဲ့သဘောပါပဲ”ဟု ကိုမင်းကိုနိုင်က ကာချုပ်၏စကားအပေါ် မှတ်ချက်ပြုသည်။

P-News

စပ်ကူး မတ်ကူးကာလ အစိုးရနှင့် ပြည်သူများ၏ ပဟေဋိ သမ္မတလောင်းလျာ


၂ဝ၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် ဝန်ကြီး ၁၈ပါး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံကြမည်ဟု သတင်းစာဂျာနယ်များ တွင် ဖတ်ရှုလိုက်ရသည်။ ထို့ပြင် စက်တင်ဘာလ ၈ ရက်နေ့ မှစတင်၍ မိမိတို့၏ မဲဆန္ဒနယ်မြေများအတွင်း အောင်နိုင်ရေး မဲဆွယ် စည်း ရုံးနေကြပြီ။ ကျန်ရှိ ဝန်ကြီးများ၏ သက်တမ်းမှာလည်း မကြာတော့ပါ လပိုင်းသာ အသက်ရှိတော့သည်။ ဝန်ကြီးဌာနများ၏ တာဝန်ကို အမြဲ တမ်း အတွင်းဝန်များက အစိုးရသစ်ဝန်ကြီးများ မရှိခင်…တာဝန်ယူထားရမည်ဖြစ်သည်။

ဝန်ကြီးဌာနများအတွက် စိုးရိမ်ပူပန်မှု

လက်ရှိ မြန်မာနိုင်ငံရေးတွင် ဦးဆောင်ပါတီကြီးအတွင်းမှာပင် အုပ်စုဖွဲ့နေသည်ကို မြင်လာရသည်။ တပ်မ တော် ကျောထောက်နောက်ခံ တင်းမာအုပ်စုကတစ်ခု၊ ဒီမိုကရေစီ အသွင်ပြောင်းမှုကို အမြန်ဆုံး လုပ်ဆောင်လို သောအုပ်စုက တစ်ခုနှင့် မည်သည့်ဘက်ကိုမှ လိုက်ပါလိုစိတ် မရှိသော ကြားနေအုပ်စုများ အသွင် မြင်တွေ့နေရသည်။ ယခုအချိန်တွင် သမ္မတ၏ ဦးဆောင်မှုနှင့် သွားနေသော ဝန်ကြီး ရထား ၃၆ တွဲမှာ မြေနိမ့်မြင့် မညီသော သံလမ်းတွင် သွားနေရသည့် ရထားအိုကြီး တစ်စီး ဒယီးဒယိုင်ဖြင့်တ အိအိ ရွေ့နေ သလို မြင်ေ တွ့နေရပေပြီ။ ၃၆ ခုသော ရထားတွဲများတွင် အချို့မှာ တွဲစောင့်မရှိ။ ယာယီတွဲစောင့်များနှင့်သာ။ တွဲစောင့်ရှိသော ရထားတွဲမှ တွဲစောင့် များမှာလည်း မကြာမီ မိမိတို့တာဝန် ပြီးဆုံးတော့မည်ဟု မရေမရာသော ပူပန်မျက်နှာများကို မြင်တွေ့နေရ သည်။

ထို့ပြင် ရထားတွဲထဲတွင် လိုက်ပါနေသည့် ခရီးသည် ဝန်ထမ်းနှင့် ပြည်သူ များက ဘယ်ဘူတာဆိုက်မည်ကို အတိအကျ မသိသလို ညအမှောင်ကြီးထဲတွင် ဖြတ်သန်းနေရသော ရထားတွဲကြီးရှေ့တွင် ဘယ်လို ဒုက္ခနှင့်ရင်ဆိုင်ရမလဲ …ဟူသော စိုးရိမ်ကြောင့်ကြမှုများကို ခံစားနေကြရသည့်အဖြစ် ကြုံနေ ရပေပြီ။သက်ဆိုင်ရာဝန်ကြီးဌာန အရာရှိကြီးများအားလုံး၏ စိုးရိမ် ပူပန်မှု အများဆုံးမှာ ရွေးကောက် ပွဲကြီးပြီးလျှင် သမ္မတ ဘယ်သူဖြစ်လာမလဲ။ အလွန်ပင် အရေးကြီးလှသော အချက်ဖြစ် သည်။ မိမိတို့ နိုင်ငံအတွက် ၅ နှစ်တာ ခေါင်းေ ဆာင်သွားမည့်သူ ဘယ်သူလဲ ..ဝေဝါးနေဆဲဖြစ်သည်။ သမ္မတလုပ်မည်ဟု ပြောသူနှစ်ဦး ပေါ်ထွက်လာသည်။ ပထမဆုံး ဒေါ်အောင် ဆန်း စုကြည်၊ ..ဒုတိယ သူရဦးရွှေမန်း။ ၎င်းကလည်း မိမိသမ္မတလုပ်လိုသည်ဟုဆိုသည်။ ..နောက်မှ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ၎င်းက လည်း ပြည်သူက နှစ်သက်လျှင် သမ္မတပြန်လည်လုပ်လိုသည်ဟု ဖွင့်ပြောလာသည်။ သို့ရာတွင် ယခုလွှတ်တော်ကိုယ်စား လှယ် လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် စာရင်းတွင်မပါ။

ရွေးကောက်ပွဲကြီးလုပ်ရန် ၂ လခန့်သာ လိုပါတော့သည်။ ယခု အချိန်တွင် နိုင်ငံကို ဦးဆောင်မည့် သမ္မတ လောင်းလျာ ဘယ်သူဟု မဲဆန္ဒ ရှင်ပြည်သူများက အသေအချာပင် သိရှိသင့်သည့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ¤င်းသမ္မတလောင်းအတွက် ဦးတည်ကာ မဲ ပေးကြ ရတော့မည့် အရေးကို ကွင်းကွင်း ကွက်ကွက် မြင်နေ သင့်ပေပြီ။ အချိန်လည်း တန်ပေပြီ။

သို့ရာတွင်နံပါတ် (၁) ဒေါ်အောင်ဆန်းစုကြည် ပုဒ်မ ၅၉ (စ) အရ သမ္မတ လုံးဝရွေးချယ်ခံခွင့် မရှိတော့ပြီ။ နံပါတ် (၂) သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌကြီး နေရာမှ မကြာသေးခင်က လျောကျသွားခဲ့ရသည်။ နံပါတ် (၃) လက်ရှိသမ္မတကြီး ဦးသိန်းစိန် ဆိတ်ဆိတ်နေနေသည်။ နံပါတ် (၄) ဒေါက်တာအေးမောင်. ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အဖြစ် အရွေးမခံဘဲ ရခိုင်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံမည်ဖြစ်သည်။ မြန်မာကြီး ၆ ကြီးထဲကျန် ၂ ဦးဖြစ်သည့် ဦးခင်အောင်မြင့်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခုအထိ သမ္မတလုပ်မည်ဟု လေသံထွက် မလာကြသေးပါ။

အစိုးရပါတီကြီးအတွင်းမှာလည်း ဘယ်သူသမ္မတလောင်းဟု ထုတ်ဖော်သူမရှိသလို အတိုက်အခံပါတီကြီး အတွင်းကလည်း မည်သူ့ကို သမ္မတတင်မည်ဟု ဖွင့်ဟခြင်းလုံးဝမရှိသေးပါ။ ပြည်သူများအတွက် အမှောင်ထုကြီး အတွင်း စမ်းတဝါးဝါး ဖြတ်မောင်းနေရသော ရ ထားကြီးအတွင်း အတွေး စိတ်ကူးဝေဝါးနေဆဲ။၎င်းကို နိုင်ငံရေးပါတီခေါင်းဆောင် အများစုကပင် မိမိတို့ အမှန်ပင် မသိမပြောတတ် မခန့်မှန်းတတ်ဟု ပြောလာပါသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကတော့ သမ္မတဖြစ်လာမည့်သူ သူရ ဦးရွှေမန်း (သို့ မဟုတ်) ဦးသိန်း စိန်ဟု အတိအကျ ခန့်မှန်းပြောခဲ့ကြသည်။ ပြိုင်မည့်အတိုက် အခံပါတီလည်း မရှိသေးသောကြောင့် ကွင်းကွင်းကွက် ကွက် မြင်နိုင်ပါသည်။ ယခုတစ်ကြိမ်တွင် အစိုးရပါတီကြီးကလည်း သမ္မတလောင်းလျာ မမြင်ရသေး။ အတိုက် အခံပါတီကြီးကလည်း မဖော်ပြနိုင်သော အဖြ စ်ကြောင့် မဲဆန္ဒရှင်များ အားမလိုအားမရ ဖြစ်သည်ကတော့ အမှန်ပင်။

ဘာကြောင့်လဲ

ဤကဲ့သို့ အခြေအနေများ ဖန်တီးလာရခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ များစွာသော အားနည်းချက်များကြောင့်အပြင် အင်အားကြီး ပါတီကြီးများအတွင်း သမ္မတလောင်းလျာဟူ၍ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်သတ်မှတ် တင်မြှောက်မှု မရှိသေးခြင်း တို့ကြောင့် ဖြစ် သည်ဟု ထင်မြင်ယူဆမိပါသည်။ တစ်နည်းအားဖြင့် အားနည်းလှသော ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် လူပုံအလယ်မှာ သမ္မတလောင်း ဟု ဖော်မပြရဲသည့်အဖြစ် ကြုံနေကြရပေပြီ။

ထိုသို့ အကျိုးဆက်များကြောင့် ဆက်စပ်နေသည့် အကျိုး ဆက်များမှာ (၁) ပြည်သူများ ရွေးကောက်ပွဲအပေါ် အယုံ အကြည်မရှိ ဖြစ် လာနိုင် သည်။ (၂) ဝေဝါးနေသော အဓိက အကြောင်းအရာတစ်ခုကြောင့် မဲဆန္ဒရှင် ပြည်သူများ ရွေး ကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်း လာခြင်း (၃) ထို့ပြင် နိုင်ငံ တကာမှ စောင့်ကြည့်လေ့လာသူ သုတေသီပညာရှင်များက မြန်မာ့နိုင်ငံရေး အနာဂတ်ကို Negative ဟု မြင် သွားနိုင်ခြင်း (၄) စပ်ကူးမတ်ကူးကာလအတွင်း အစိုးရ ဝန်ကြီးဌာနများအတွင်း အချောင်ထုတ် လာဘ်စားမှုများ ပိုမိုများလာခြင်းနှင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်မှုကို အားနည်း သွားစေမည် ဖြစ်သည်။ဒီမိုကရေစီခေတ်တွင် မိမိကိုယ်ကိုယ် သမ္မတလုပ် လို သည်ဟု ပြည်သူ ရှေ့တွင် မားမားမတ်မတ်ရပ် ထုတ်ဖော် အာမခံရဲသည့် သမ္မတလောင်း လျာများ မဟုတ်သူ သမ္မတ မိုးပေါ်ကျ တစ် ဦး ဖြစ်လာလျှင်တော့ ပဟေဠိများက ပြည်သူ့ ရင်ထဲ ရှိနေဦးမည်သာ။
Popular

ကိုးကန့်တိုက်ပွဲ ဘာတွေဆက်ဖြစ်လာမှာလဲ

လောက်ကိုင်ဒေသတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ (STRINGER/AFP) 
သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ကိုးကန့်တိုက်ပွဲတွင် တရုတ်ပါဝင်ပတ်သက်မှု မရှိကြောင်း ပြောကြားပြီး နောက်တစ်ရက်အကြာတွင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက တရုတ်စစ်တပ်၌ တာဝန်ထမ်းဆောင်ဖူးသူများ ကိုးကန့်တိမ်းရှောင်အဖွဲ့တွင် ပါဝင်နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကိုးကန့်အဖွဲ့ထံမှ ဖမ်းဆီးရမိသည့် လက်နက်များအရ ‘၀’တပ်ဖွဲ့ထုတ် လက်နက်များဖြစ်နေပြီး ‘၀’, မိုင်းလား အပါအ၀င် UNFC အဖွဲ့ဝင် KIA, SSA (၀မ်ဟိုင်း)၊ TNLA တို့ ပါဝင်ပတ်သက်နေကြောင်း ၎င်းက အထောက်အထားဓာတ်ပုံများနှင့်တကွ သတင်းစာဆရာများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

ထူးခြားသည်က တရုတ်နိုင်ငံတွင် ဖုန်ကြားရှင်နေထိုင်၍ တိုက်ပွဲကို ကွပ်ကဲနေသော ဟိုတယ်၊ ဒဏ်ရာရ ကိုးကန့်တပ်ဖွဲ့ဝင်များကို ဆေးကုသပေးသည့် တရုတ်နိုင်ငံဆေးရုံနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များအား တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားသည့် ဓာတ်ပုံများကို ရှင်းလင်းပွဲတွင် ပြသထားခြင်း ဖြစ်သည်။ ကိုးကန့်တိမ်းရှောင်အဖွဲ့သည် ပြည်ပအဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့ဟု တပ်မတော်နှင့် အစိုးရက တောက်လျှောက် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တရုတ်စာတန်းများဖြင့် ရေးသားထားသည့် ဖုန်ကြားရှင် နေထိုင်သည်ဆိုသော ဟိုတယ်နှင့် ဆေးရုံတို့ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ 

ကိုးကန့်တိုက်ပွဲတွင် တရုတ်အစိုးရပါဝင်ပတ်သက်မှု မရှိသော်လည်း အောက်ခြေတွင် ပါဝင်မှုများရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တပ်မတော်ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့အင်အားအကြီးမားဆုံးဟု သတ်မှတ်ထားကြသည့် ‘၀’တပ်ဖွဲ့တို့ ပါဝင်ပတ်သက်နေကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ပြောကြားသည်။ 

တရုတ်ဗဟိုအစိုးရ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည့် စာချုပ်ပေါင်း ၃၁ ခုရှိပြီး ကျောက်ဖြူ၊ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတို့မှာ တရုတ်နိုင်ငံအတွက် အသက်သွေးကြောပမာဖြစ်နေရာ မြန်မာအစိုးရအပေါ် ဆက်ဆံရေးမူဝါဒ ပြောင်းလဲလိုက်ပါက ၎င်း၏အကျိုးစီးပွားနစ်နာမှုသာရှိမည် ဖြစ်သည်။ ဆက်ဆံရေးမူဝါဒမှာ မြန်မာဘက်ကသာ ပြောင်းလိုသည့် သဘောတွေ့လာရကြောင်း စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

‘‘ပြောင်းချင်နေတာ မြန်မာအစိုးရ။ မြန်မာဘက်ကတော့ ပြောချင်လာပြီ။ တိုင်းရင်းသားတွေကို မထောက်ပံ့ဖို့။ အဲဒီလိုပြောဖို့ ဒီဘက်မှာလည်း အထောက်အထားမရှိဘူး။ မြန်မာအစိုးရကို ၂၆ နှစ်လုံးလုံး အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်ခံကာကွယ်ပေးခဲ့တာ တရုတ်ပြည်ပေါ့။ စစ်လက်နက်တွေ ပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားက မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တည်ဆောက်ပေးခဲ့တာ တရုတ်ပြည်။ ဒါပေမဲ့ မြန်မာအစိုးရကို ချစ်လွန်းလို့ မဟုတ်ဘူး။ သယံဇာတတွေ အချောင်နှိုက်ဖို့။ ဒါပေမဲ့ အခု သူ့အကျိုးစီးပွားထိခိုက်အောင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဖြစ်လာရင် ၁၉၆၈ တုန်းက ဗကပလို လက်နက်တပ်ဆင်ပေးလိုက်ရင်တော့ ကျွန်တော်တို့နိုင်ငံမတွေးဝံ့ဘူး’’ဟု ၎င်းကပြောသည်။ 

မန်မာအစိုးရနှင့် ဖုန်ကြားရှင် အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြေလည်အောင်ဆွေးနွေးနိုင်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းသည် ဒုတိယခရိုင်းမီးယားအရေး ဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။ 

‘‘ဖုန်ကြားရှင်ကို ပြည်တွင်းလက်နက်ကိုင်အဖွဲ့လို့ လက်ခံပြီး ငြိမ်းချမ်းရေးစကားဝိုင်းပေါ် ခေါ်ပေးစေချင်တယ်။ တရုတ်မုန်းတီးရေးဖြစ်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံတွေက လွယ်လွယ်လေး။ အထက်မြန်မာပြည်က အချက်အချာ စီးပွားရေးတွေအများစုက တရုတ်တွေ လက်ထဲမှာ။ ပြဿနာကို မီးမွှေးလို့ တရုတ်က သူ့အကျိုးစီးပွားထိခိုက်ရင် ‘၀’၊ ကချင်၊ ကိုးကန့်တွေကို လက်နက်တပ်ပေးလိုက်ရင် အရှေ့မြောက်က ဒုတိယခရိုင်းမီးယား ဖြစ်လာမယ်။ တကယ်တမ်း ဖြစ်လာရင် အမေရိကန်တို့၊ EU တို့ ဘာမှမှလုပ်ပေးနိုင်တာ အခုယူကရိန်းခရိုင်းမီးယားကို ကြည့်လေ။ ကြားထဲက ကျွန်တော်တို့တိုင်းပြည်အထိနာလိမ့်မယ်’’ဟု ၎င်းကထောက်ပြသည်။ 

ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ကြေးစားစစ်သားများ ခေါ်ယူအသုံးပြုကြောင်း အထောက်အထားများဖြင့် ရှင်းလင်းခဲ့သည်။ နှစ်ဖက်နယ်စပ်ချင်း ထိစပ်နေသည့်ဒေသတွင် တရုတ်နိုင်ငံသားများ အလုံးအရင်းဖြင့် ၀င်ထွက်သွားလာနိုင်ပြီး ၎င်းတို့ကိုယ်တိုင် နယ်စပ်လက်နက်ကိုင်အဖွဲ့များတွင် နေထိုင်ခဲ့စဉ် တရုတ်ရာဇ၀တ်သားများ၊ အလုပ်လက်မဲ့များက မြန်မာပြည်ဘက်ခြမ်းရှိ လက်နက်ကိုင်တပ်ဖွဲ့များထံ ၀င်ရောက်တာဝန်ထမ်းဆောင်ဖူးကြောင်းနှင့် ထိုသူများကို ကြေးစားစစ်သားဟုခေါ်၍မရကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်သံချောင်းက ပြောသည်။ 

‘‘တရုတ်ပြည်ထဲမှာ ကြေးစားစစ်သားကုမ္ပဏီဖွင့်ပြီး ငှားစားတာမျိုး မရှိပါဘူး။ ကြေးစားစစ်သားတွေ၊ စစ်တပ်တွေဆိုတာ သူများတိုင်းပြည်တွေမှာ ရုံးခန်းဖွင့်ပြီး လုပ်နေတာပါ။ တရုတ်မှာ အဲဒီလိုမရှိပါဘူး။ ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ ဖြစ်နေတာက အမေရိကန်ဟာ သူ့ရဲ့ တရုတ်ဆန့်ကျင်ရေး နည်းဗျူဟာအရ တရုတ်ကို အကွက်ရှာတိုက်ခိုက်နေပြီး စစ်အစိုးရကလည်း သူတို့ အပြစ်လွတ်ကင်းအောင် မြားဦးကို တရုတ်ဘက် လှည့်ပေးနေတာ ဖြစ်ပါတယ်။ သိကြရမှာက ပြည်ပနိုင်ငံတစ်ခုခုကို အပြစ်တင်ပုံချနေရုံနဲ့ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရမှာ မဟုတ်ဘူးဆိုတာပါပဲ။ အဓိကပြဿနာ၊ အဓိကတာဝန်ရှိသူဟာ ပြည်တွင်းမှာပါ’’ဟု ရဲဘော်သံချောင်းကဆိုသည်။ 

ကိုးကန့်တရုတ်များမှာ လူမျိုးအရ တရုတ်လူမျိုးဖြစ်သော်လည်း သမိုင်းကြောင်းအရ ၁၈၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ အစိတ်အပိုင်းဖြစ်နေပြီး တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း အပါအ၀င်ဖြစ်ကြောင်း၊ ကိုးကန့်ဒေသမှာ ဗဟိုအစိုးရအဆက်ဆက် လုံးဝလက်လှမ်းမမီသည့်နေရာဖြစ်ပြီး ကိုးကန့်တိုင်းရင်းသားများအရေးအတွက် ယခုဖုန်ကြားရှင်နှင့် တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ၏ ရှုမြင်ချက်အပေါ် မူတည်နေကြောင်း ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။ 

‘‘မြန်မာစစ်တပ်က ဒီလောက်တောင်တွေ အမြင့်ကြီး(ကိုးကန့်)မှာ မနေနိုင်ဘူး။ တပ်မတော်ကလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်လောက်အထိပဲ ရှိတယ်။ မြန်မာအစိုးရထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုးကန့်တပ်တွေက တောင်ကုန်းထိပ်တိုင်းပေါ်မှာ စစ်သားက တစ်ထောင်လောက် ပို့ထားပြီးသား။ သူတို့ဟာ ဘာသာစကားအရလည်း အစိုးရနဲ့ ကောင်းကောင်းမပူးပေါင်းနိုင်ဘူး။ ကုန်းကြမ်းမှာနေတဲ့ ကိုးကန့်လောက်ပဲ မြန်မာစကားကို ပြောတတ်တယ်။ စစ်ပွဲက ဆက်ဖြစ်မှာပဲ။ တကယ်လို့ တိုက်ပွဲတွေ မရှိဘူးဆိုရင်တောင် အစိုးရတပ်တွေက လောက်ကိုင်က မလိပါးချိုင့်ဝှမ်းမှာနေပြီး သူပုန်တွေက တောင်ပေါ်မှာနေနေမှာ’’ဟု လက်ရှိ တိုက်ပွဲဝင် နှစ်ဖက်တပ်အနေအထားကို လောက်ကိုင်နှင့် ‘၀’ ဒေသတို့သို့ ကိုယ်တိုင်သွားရောက်ဖူးသည့် ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ရှင်းပြသည်။ 

လက်ရှိ ကိုးကန့်ဖြစ်စဉ်အပေါ် အနောက်အုပ်စုက လက်ခုပ်တီးအားပေးလိုသော်လည်း အရှေ့ဖျား၏ ဒုတိယမြောက် ယူကရိန်းဖြစ်လာမည်ကိုစိုးရိမ်၍ ငြိမ်သက်နေပုံရကြောင်း ဦးသန်းစိုးနိုင်က ၎င်း၏အမြင်ကိုပြောသည်။ 

‘‘အစိုးရကိုယ်တိုင် အရင်က အပစ်ရပ်အဖွဲ့လို့ အသိအမှတ်ပြုထားတဲ့ ဒီအဖွဲ့(ဖုန်ကြားရှင်)ကို သဘောထားကြီးစွာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲထဲကို ဆွဲမခေါ်ဘူးဆိုရင် ရေရှည်ငြိမ်းချမ်းရေးလုပ်ငန်းမှာ အဟန့်အတားဖြစ်စေမယ်’’ဟု ၎င်းကပြောသည်။ 

ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့(MNDAA) မှာ UNFC ၏ ၁၂ ဖွဲ့မြောက် အဖွဲ့ဝင်ဖြစ်ပြီး ၎င်းတို့အရေးမှာ UNFC နှင့် သက်ဆိုင်ကြောင်း UNFC ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ 

သို့သော် MNDAA က မမှန်ကန်သည့် လုပ်ရပ်များမလုပ်ရန် ထိန်းကျောင်းရမည့် တာဝန်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်စဉ်ဖြစ်ရပ်များ မှန်ကန်မှု ရှိ၊ မရှိကို ခေါင်းဆောင်ပိုင်းနှင့် ဆက်သွယ်ညှိနှိုင်းမည်ဟု ၎င်းကဆိုသည်။ 

ကိုးကန့်တိုက်ပွဲနှင့် တိုက်ပွဲတွင် UNFC အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေခြင်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုပြင်းထန်မည်ဟု မထင်ကြောင်းနှင့် တိုင်းပြည်အတွက် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုလိုအပ်နေရာ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

‘‘UNFC ရဲ့ မူအရတော့ ကျွန်တော်တို့က ၀ိုင်းဝန်းပြီး ခုခံတိုက်ခိုက်တာတော့ ရှိပါတယ်။ ဥပမာ လိုင်ဇာဖြစ်တုန်းကလည်း ကျွန်တော်တို့အဖွဲ့ဝင်တွေက ၀ိုင်းပြီး ခုခံတိုက်ခိုက်ကြတာ ရှိပါတယ်။ ကိုးကန့်ကိစ္စကတော့ တပ်က လူထုထောက်ခံမှုရအောင် လုပ်နေတဲ့သဘောပါပဲ။ အဓိကကတော့ နှစ်ဖက်စလုံးကို ဒီကိစ္စပေါ်မှာ အမြတ်ထုတ်ဖို့ မကြိုးစားဖို့ပါပဲ။ ကိုးကန့်အဖွဲ့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး တင်ပြထားတာရှိပါတယ်။ ကျွန်တော်တို့ရဲ့ မူအရတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ရှင်းတာအကောင်းဆုံးပါ။ လက်နက်ကိုင်တိုက်ပွဲတွေ မလုပ်ဘဲ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်သည်။ 

တပ်မတော်က ကိုးကန့်ဒေသကို ချုပ်ကိုင်နိုင်ပြီဆိုပါက ဦးဖုန်ကြားရှင်နှင့် စကားပြောလာမည်ဟု ခန့်မှန်းရကြောင်း တရုတ်-မြန်မာနယ်စပ်တွင် နေထိုင်ခဲ့သည့် သတင်းစာဆရာ စည်သူအောင်မြင့်ကပြောကြားသည်။ 

‘‘စစ်တပ်က လုပ်မှာကတော့ စကားတော့ ပြောတာတော့ ပြောလိမ့်မယ်။ လုံးလုံးစကားမပြောလို့တော့ ရမှာမဟုတ်ဘူး။ ကိုးကန့်ကို ချုပ်ကိုင်နိုင်ပြီဆိုရင် စကားပြောမှာ။ ဒါပေမဲ့ နယ်မြေကိုတော့ သူမပေးဘူး။ တပ်မတော်ရဲ့သြဇာခံ လက်နက်ကိုင်တပ်ဖွဲ့တွေ နေရာမရရအောင် လုပ်လာလိမ့်မယ်။ ဒါတွေကတော့ ဆက်ပြီးနှစ်ဖက်အငြင်းပွားတာတော့ရှိမှာပဲ’’ဟု ၎င်းကပြောသည်။ 

ထို့အပြင် တရုတ်နိုင်ငံကိုလည်း နယ်စပ်က တိုင်းရင်းသားအဖွဲ့များကို မထောက်ပံ့ရန် သွယ်ဝိုက်ပြောကြားလာမှုများရှိလာနေပြီး တရုတ်မူဝါဒကမူ အပြောင်းအလဲမဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

‘‘တရုတ်ကိုတော့ စကားနည်းနည်းပြောချင်နေပုံရတယ်။ ဒါပေမဲ့ တည့်တည့်လည်း ပြောရဲပုံမရဘူး။ မြန်မာကို တရုတ်က တစ်လျှောက်လုံး နှစ် ၂၀ လောက် ပြေလည်အောင်နေပြီး သယံဇာတတွေ ထုတ်နေတာ။ တရုတ်က မူဝါဒမပြောင်းဘူး။ တရုတ်က မူဝါဒပြောင်းမှာ တစ်ခုတည်းပဲ။ အဲဒါ အမေရိကန်လိုအင်အားကြီးနိုင်ငံတွေ မြန်မာမှာ စစ်စခန်းလာဖွင့်မှာကိုပဲ ကြောက်တာ။ အဲဒီကျမှပဲ တစ်မျိုးစဉ်းစားမှာ။ ပြီးတော့ လူထုကလည်း ဒီတိုက်ပွဲမှာ ကြားမ၀င်ဖို့၊ စစ်ကိုမလိုလားဖို့ လိုတယ်။ ဘယ်ဘက်မှ မလိုက်ဖို့ပေါ့’’ ဟု သတင်းစာဆရာစည်သူအောင်မြင့်က သုံးသပ်သည်။ 

ထို့အပြင် ကိုးကန့်ကိုလည်း မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲက တစ်မျိုးအဖြစ် ပြည်သူများ ရှုမြင်ပေးရန်လိုကြောင်း ဘာတေးလ်လင့်တနာက ထောက်ပြသည်။ 

‘‘ဒီစစ်ပွဲကို ပြည်သူတွေ ဘယ်လိုရှုမြင်လဲပေါ်မှာပဲ မူတည်တယ်။ အခု မြန်မာပြည်သူအများစုက ကိုးကန့်တရုတ်တွေဟာ နိုင်ငံခြားသားတွေဖြစ်တယ်လို့ တွေးထင်ပြီး အစိုးရတပ်ကို ထောက်ခံနေတယ်။ တကယ်တမ်း ကိုးကန့်ဟာ တရုတ်လူမျိုးပေမယ့် မြန်မာမှာ ၁၈၉၇ ခုနှစ်ကတည်းက မြန်မာရဲ့အစိတ်အပိုင်းဖြစ်နေပြီ။ ကိုးကန့်အရပ်သားတွေနဲ့ စကားများများပြောကြည့်ပါ။ သိလာလိမ့်မယ်’’ဟု ၎င်းကပြောသည်။ 

ယခုတိုက်ပွဲတွင် ‘၀’ တပ်ဖွဲ့ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားမှုအပေါ် 7Day News က ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ သို့သော် RFA သတင်းဌာနတွင်မူ ဦးအောင်မြင့်က တိုက်ပွဲကို ထောက်ခံအားပေးကူညီခြင်းမရှိကြောင်းနှင့် ‘၀’ တပ်ဖွဲ့ထုတ်သေနတ်များ မိသည်ဆိုရုံဖြင့် ‘၀’ တပ်ဖွဲ့ပါဝင်သည်ဟု ဆုံးဖြတ်ချက်မှာ အမှန်အမှားခွဲခြားရန်လိုအပ်ပြီး လက်နက်များကို စက်ရုံများမှ စီးပွားရေးသမားများက ခိုးထုတ်ရောင်းချခြင်းမျိုး ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတို့ကမူ ကိုးကန့်အရေးကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းစေလိုကြောင်းနှင့် တရုတ်အစိုးရအပေါ် အမျိုးသားရေးလှုပ်ရှားမှုပုံစံဖြင့် မပြုလုပ်ရန်လိုကြောင်း ထောက်ပြကြသည်။ 

ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်ကလည်း ကိုးကန့်ဒေသမှ တိုက်ပွဲများနှင့် ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်သည်။ 

‘‘ကျွန်တော်တို့ကတော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးလုပ်နေတဲ့ အချိန်မှာတော့ ဘာတိုက်ပွဲမှ မဖြစ်စေချင်ပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ ငြိမ်းချမ်းရေးအပေါ် တစ်စုံတစ်ရာ အတိုင်းအတာတော့ ထိခိုက်တာပါပဲ။ တပ်က သတင်းထုတ်ပြန်တာ ကိုးကန့်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ပါတယ်ဆိုတဲ့ သဘောသက်ရောက်နေတော့ အဲဒီတော့ ဒီတိုက်ပွဲက အစပြုပြီး ကျန်တဲ့အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေပြန်ဖြစ်လာမှာကို မလိုလားပါဘူး။ အဲဒီလိုဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့က အလှမ်းဝေးသွားပါလိမ့်မယ်။ လက်ရှိမှာ အစိုးရရော တပ်အနေနဲ့ကပါ လက်ရှိကိစ္စတွေကို အကောင်းဆုံးဖြေရှင်းနည်းကိုပဲ သုံးဖို့လိုပါလိမ့်မယ်။ နိုင်ငံရေးပြဿနာတွေကတော့ နိုင်ငံရေးနည်းဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုက အကောင်းဆုံးပါ။ အဲဒီလိုမလုပ်ရင်တော့ ပြည်တွင်းစစ်မီးကငြိမ်းဖို့ ဝေးသွားပါလိမ့်မယ်’’ 

‘‘အခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိတယ်။ သူတို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ နောက်တစ်ချက်က ကိုးကန့်အဖွဲ့နဲ့ ကျွန်တော်တို့က မဟာမိတ်ဖွဲ့ထားတာ။ အဲဒီတော့ တစ်ယောက်က ဒုက္ခရောက်ရင် တစ်ယောက်က ၀င်ကူညီပေးရတဲ့ သဘောပါ။ အဓိကကတော့ အစိုးရပါပဲ။ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောပေမယ့် အစိုးရက လက်မခံပါဘူး။ တိုက်ပွဲတွေလည်း ဖြစ်လာပြီ။ အခုလိုမျိုးစစ်ရေးကို အရှိန်မြှင့်ပြီး လုပ်လာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ဆိုတာ ဝေးသွားနိုင်ပါတယ်။ အဓိကကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရပဲ စားပွဲဝိုင်းမှာ ရှင်းဖို့လိုပါတယ်။ အဲဒါမှ အဖြေထွက်မှာပါ’’ ဟု ဖုန်ကြားရှင်ဘက်မှ ကူညီတိုက်ပေးနေသည့် တအောင်း(ပလောင်) လွတ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးမိုင်းအိုက်ကျော်က ပြောကြားသည်။ 

ကိုးကန့်တိုက်ပွဲများကြောင့် အရပ်သားတစ်ရာကျော် သေဆုံးပြီး အစိုးရ၏ ဖေဖော်ဝါရီ ၂၂ ရက်အထိ သတင်းထုတ်ပြန်ချက်အရ တပ်မတော်မှ တပ်မတော်သား ၅၇ဦး ကျဆုံးကာ ကိုးကန့်တပ်ဖွဲ့မှ ၇၅ ဦး သေဆုံးခဲ့သည်။ တိုက်ပွဲများတွင် တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် တရုတ်နယ်မြေကို မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ ပေးမသုံးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချောင်ယင်က ပြောကြားသည်။ မြန်မာအစိုးရကလည်း တရုတ်ဗဟိုအစိုးရမပါဝင်သော်လည်း အောက်ခြေတွင် ပါဝင်ပတ်သက်မှုများရှိသည်ဟု ပြောကြားထားသည်။ တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ ကိုးကန့်ဒေသခံ လေးသောင်းကျော် တိမ်းရှောင်သွားပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့တို့သို့ ဒေသခံသောင်းချီ ပြောင်းရွှေ့ခဲ့ရသည်။ လက်ရှိ လောက်ကိုင်အခြေအနေမှာ လူသူကင်းမဲ့နေပြီး ဒေသခံ ၄,၀၀၀ ကျော်မှာ မြန်မာ-တရုတ်နယ်စပ်မှတ်တိုင်များတွင် တဲများထိုး၍ နေထိုင်နေရသည်။ 

‘‘တိုက်ပွဲဖြစ်တဲ့အပေါ် ဘာမှ မပြောချင်ဘူး။ အမြန်ဆုံးပြန်ချင်တယ် အိမ်ကို။ ပြောင်းဖူးခင်းတွေ ချိုးရမယ့်အချိန်ရောက်နေပြီ’’ ဟု မြန်မာ-တရုတ် နယ်ခြားမှတ်တိုင်အမှတ် (၁၂၅)တွင် ခိုလှုံနေသည့် ကိုးကန့်တိုင်းရင်းသားလူငယ် ကိုရန်ကပြောကြားသည်။ 
7 Day












မှေးမိန်နေတဲ့ အတိုက်အခံတွေရဲ့ အသံ



စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အတိုက် အခံနိုင်ငံရေး အင်အား စု တွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အရာထားလို့ တညီ တညွတ်တည်း တသံတည်း စုပေါင်း အင်အား နဲ့ တိုက်ပွဲဝင်ခဲ့ပြီး အသံတွေ ကျယ်လောင်ပေမယ့် စစ်အစိုးရ ကနေ အသွင်ပြောင်းလိုက်တဲ့ အရပ်သား အမည်ခံ အစိုးရသစ် လက်ထက် မှာတော့ အတိုက် အခံတွေရဲ့ အသံတွေက အရင်လောက် ကျယ်ကျယ်လောင်လောင် မကြားရ တဲ့အပြင် တကွဲတပြားနဲ့ တဖြည်းဖြည်း မှေးမှိန်လာနေပါပြီ။

တိတ်ဆိတ်မှုအစ

ဒီမိုကရေစီ ဆိုတဲ့ အသံတသံ တည်းအောက်မှာ ညီညွတ်စွာရပ်တည်နေခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံ ရေး အင်အား စုတွေ အားလုံးက သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ညီညွတ်မှု မရှိတော့ဘဲ အသံတိတ်လာပြီး အစိုးရကို စောင့် ကြည့် ဝေဖန် တိုက်တွန်းမှုတွေ သိပ်မလုပ် တော့တဲ့အတွက် မြန်မာ့ နိုင်ငံရေးမှာ အတိုက်အခံတွေရဲ့ ရပ်တည်မှု ဘယ်လို လဲဆိုပြီး မေးခွန်း ထုတ်ရမယ့် အခြေအနေအထိကို ဆိုက်ရောက်လာပါတယ်။

အတိုက်အခံ နိုင်ငံရေး အင်အားစုခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်မယ် ဆိုတဲ့ ကတိပြုမှုတွေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်သွား ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂ နှစ်ကျော် ကြာမြင့်လာချိန်မှာ လွှတ်တော်ထဲ ဝင်ရောက်သွားခဲ့တဲ့ NLD အနေနဲ့ သူကတိပြုထား တဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တခုမှ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်တာမျိုး မရှိ သေး ပါဘူး။ ဒါ့အပြင် ပြည်သူလူထုကြားမှာဖြစ် ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အပါ အဝင် လူထု နေ့စဉ်တွေ့ ကြုံ နေရတဲ့ အဆင်မပြေမှု၊ အခက်အခဲတွေနဲ့ အမှုအခင်း တွေမှာလည်း NLD က ထိထိ ရောက်ရောက် ကူညီတာမျိုး မလုပ်နိုင်ပါဘူး။

လွှတ်တော်ထဲမှာလည်း NLD က တင်သွင်းတဲ့ လူထုအကျိုးပြုနိုင်တဲ့ ဥပဒေဆိုတာမျိုး မရှိသလို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ စတဲ့ အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ ဥပဒေတွေကို ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဥပဒေ တွေ ဖြစ်လာအောင် NLD က ဝေဖန်ထောက်ပြတာမျိုး မလုပ်ခဲ့ဘဲ နေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကစလို့ NLD အမတ် အများစုဟာ ရေငုံနှုတ်ပိတ်လွှတ်တော် တက်ရင်း အချိန်ကုန်နေကြပါတယ်။

လွှတ်တော်ထဲ ဝင်သွားချိန်ကစလို့ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ပါတီက အသံတိတ်လာပြီး လူထုနဲ့ကင်းကွာ လာပါ တယ်။ ဥပမာ တနိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ လိပ် ကျွန်း လူသတ်မှု၊ ဗကသ ကျောင်းသူ မဖြူနှင်းထွေး အဖမ်းခံနေရတဲ့ကိစ္စ၊ မိကျောင်းကန် မြေယာသိမ်း ဆည်းမှု၊ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခလိုမျိုး ကိစ္စ တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာမှထုတ် ပြန်ပြောဆိုတာမျိုး မလုပ်သလို NLD ပါတီကလည်း တစုံတရာ ကြေညာ ချက် ထုတ်ပြန်ပြောဆိုတာမျိုး မရှိဘဲ လျစ်လျူရှုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အသံတိတ်နေသလို ဒုတိယ အတိုက်အခံ နိုင်ငံရေး အင်အားစုလို့ဆိုနိုင်မယ့် ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရည်မှန်း ချက်ပျောက်ပြီး အသံတိတ်နေပါတယ်။

“အတိုက်အခံ ပုံစံဆိုတာ တိတ်ဆိတ်နေတာ ထက် ပြောသင့်ပြောထိုက်တာ၊ ရှင်းလင်းသင့် ရှင်းလင်းထိုက်တာတွေကို ပြောဆို ရှင်းလင်းသင့်တယ်။ အတိုက်အခံတွေက အဲဒီအပိုင်းမှာ အားနည်းတယ်။ ပြီးတော့ အတိုက်အခံ အဖွဲ့တွေရဲ့ ဖွဲ့စည်းမှုတည် ဆောက်မှုပိုင်းတွေမှာလည်း ပိုပြီး စနစ်ကျသင့်တယ်လို့ မြင်တယ်။ အဲဒီလို မလုပ်နိုင်တာဟာ အားနည်း ချက်ပဲ၊ အဲဒီအားနည်းချက်တွေကို မပြင်နိုင်ရင် ရေရှည်မှာ လူထုထောက်ခံမှု လျော့ကျလာနိုင်တယ်”လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး

NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အသံ တိတ်နေချိန်မှာ အာဏာရပါတီမှာရှိတဲ့ ဗိုလ်ချုပ် ဟောင်းတွေ ၊ လက်ရှိ တပ်မတော် မှာရှိတဲ့ အရာရှိကြီး တွေဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ထိုးထိုး ဖောက် ဖောက် လုပ်လာနေ ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးရာမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာရဲ့ အခန်း ကဏ္ဍက ရှေ့တန်းရောက်လာပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်မယ်လို့ ကြွေး ကြော်ခဲ့တဲ့ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ MPC က ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့ကို တက်ရောက်ရုံ ကလွဲလို့ ဒီထက်ပို ဘာမှမလုပ်နိုင်ပါဘူး။

ငြိမ်းချမ်းရေးကိစ္စမှာ NLD ရဲ့ ဆောင်ရွက်မှုက အတော်အားနည်းနေပြီး NLD မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စီမံချက်၊ နိုင်ငံရေး စီမံချက်မျိုး သီးသန့်ရှိနေတာမတွေ့ရပါဘူး။ အလား တူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့မှာ ချီတက်ပွဲလုပ်တာ၊ ဖျော်ဖြေပွဲလုပ်တာ လောက်ပဲ လုပ်နိုင် ပါတယ်။

၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၈၈၈၈ (ရှစ်လေးလုံး) ဒီမိုကရေစီ ငွေရတုအရေးတော်ပုံ အခမ်းအနားမှာ ဆုံးဖြတ်ချက်အဖြစ် တန်းတူညီမျှတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ဖြစ်ထွန်းရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး၊ အမျိုးသား ညီလာခံတရပ် ပေါ်ထွန်းလာရေး အကောင် အထည်ဖော်ရေး လုပ်ဆောင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထုတ်ပြန်ချက်တွေက ရေပေါ်မှာ အရုပ်ရေးသလို ဖြစ်နေဆဲပါပဲ။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကိုယ်တိုင် နိုင်ငံရေး အဖွဲ့အစည်းအဖြစ် အသွင်မပြောင်းဘဲ သာမန် အရပ်ဘက် လူ့အဖွဲ့ အစည်းပုံစံနဲ့ ဆက်လက်ရပ်တည်နေတာမို့ ငွေရတု ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

“၈၈ အဖွဲ့အစည်းနဲ့ တခြားအဖွဲ့အစည်းတွေ ထိတွေ့ဆက်ဆံမှု အပိုင်းတွေမှာလည်း အတော်လေး ကို အားနည်း တယ်လို့ မြင်တယ်။ အဲလိုအကြောင်း တွေကြောင့် ၈၈ မျိုးဆက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ဟာ ထင်သလောက် ခရီးမပေါက် တာ” လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး

စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းပူးပေါင်းပြီး ဟောပြောပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင် လက်မှတ် ကောက်ယူ ခဲ့ရာမှာ လက်မှတ် ၅ သန်းနီးပါး ရရှိခဲ့ပါတယ်။ ဒီလက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော်ကိုပေးပို့ ခဲ့ပြီး ပြည်သူ့လက်မှတ်တွေကို လျစ်လျူမရှုဘဲ အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကြီးစိုးနေတဲ့ လွှတ်တော် မှာပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ အလားအလာက လက်ရှိအချိန်မှာ အတော်ကိုနည်းပါးနေပါပြီ။

NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ လွှတ် တော်ဘက်က ပုဒ်မ ၄၃၆ မပြင်ဆင်ဘူးဆိုရင် အနာဂတ်မှာ ဘာဆက်လုပ်မလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ထားတာမျိုးမရှိသလို လက်မှတ် ၅ သန်းကျော် တင်ပြီးချိန်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် တစုံတရာ ထပ်မံတောင်းဆိုတာမျိုး တွေ မလုပ်တော့ပါဘူး။ ”ပွဲပြီးမီးသေ”ဆိုတဲ့ ပုံစံနဲ့ ၂ ဖက်စလုံးက ငြိမ်သက်သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် အဲဒီတောင်းဆိုချက်က သိသာထင်ရှားတဲ့ တုံ့ပြန်ချက် တစုံတရာ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမရရင် ဘာမှဆက်မလုပ်ဘူး ဆိုတဲ့ပုံစံ ပေါက်နေပါတယ်။

တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး အတွက် လွှတ်တော်တွင်း မှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကို စည်းရုံးတာမျိုးတွေ လုပ်သင့် တယ် လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်နဲ့ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံ တောင်းဆိုရင်ပဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်တွေ့ ဖြစ်လာမယ့်ပုံစံမျိုး ပြောနေတယ်။ ကျန်တဲ့ လွှတ် တော်ကိုယ်စားလှယ်တွေက အရေးမပါတဲ့ ပုံစံမျိုးပဲ။ သူတကယ်လုပ်ရမှာက ၄ ပွင့်ဆိုင် တွေ့ဆုံရေးထက် လွှတ်တော်တွင်းမှာ လွှတ်တော် ကိုယ်စား လှယ် တဦး ချင်းစီနဲ့ စကားပြောဖို့။ နောက်ဆုံး တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဟာမိတ်ဖွဲ့တာမျိုး တွေ လုပ်ရမှာ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်တဦးက သုံးသပ်ပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့မှာ တိကျတဲ့ မဟာဗျူဟာဆိုတာမျိုး မရှိဘဲ စိတ်ကူးပေါက်ရာ ထလုပ်သလိုမျိုး ဖြစ်နေတဲ့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်ဖို့ မလွယ်လှ ဘူး လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေး ကိစ္စမှာလည်း ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက အစီရင်ခံစာ ထုတ်ပြန်နိုင်တဲ့ အနေအ ထားသာရှိပြီး အစိုးရပိုင်းနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ပျောက်ဆုံးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားဥပဒေစိုးမိုးမှုစင်တာ ၂ ခုကို မန္တလေးမြို့နဲ့ လားရှိုးမြို့မှာ နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားဖို့ရှိပါတယ်။

မူလက တရားဥပဒေ စိုးမိုးရေး စင်တာတွေ ဖွင့်လှစ်ရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ကိုယ်စားလှယ် အဖွဲ့ဝင်တွေ စေလွှတ် ပေးမယ်လို့ အစိုးရက ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီပြောဆိုချက်ကို ပြန်လည်ရုပ်သိမ်းသွားပါတယ်။ တရား ဥပဒေ စိုးမိုးရေး စင်တာတွေ ဥပဒေသင်တန်းတွေနဲ့ ပြည်သူတွေကို ဥပဒေပိုင်းဆိုင်ရာ သိသင့်သမျှ သင် တန်းပေး သွားဖို့ ရှိတယ် လို့ သိရပါတယ်။

တရား ဥပဒေ စိုးမိုးရေး စင်တာတွေက တရား ဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုပေမယ့် ယိုယွင်းနေတဲ့ တရား ရေး မဏ္ဍိုင်ကို ပြန်လည်တည့် မတ်နိုင်မှာ မဟုတ်ပါဘူး။ ဥပဒေပညာရှင် အသိုင်း အဝိုင်းကတော့ NLD အနေနဲ့ တရား ဥပဒေ စိုးမိုးရေး လို့သာ ဟစ်ကြွေးနေပေမယ့် တကယ် ဥပဒေစိုးမိုးရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ နေရာ မှာ ထင်သာ မြင်သာတဲ့ အောင်မြင်မှုတွေ မရဘူးလို့ ဆိုကြပါတယ်။

တရားဥပဒေ စိုးမိုးရေးအတွက် နည်းလမ်း ၂ သွယ်လုပ်ဆောင်ဖို့ လိုအပ်ပြီး ပထမနည်းလမ်းအနေနဲ့ ဒီမိုကရေစီမဆန်တဲ့ ဥပဒေ ကို ဖျက်သိမ်းဖို့၊ လူထုအခွင့်အရေးတွေကို ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဥပဒေ ပညာရှင်တွေ ထောက်ပြပါတယ်။ ဒုတိယနည်းလမ်း ကတော့ တရားရုံးတွေနဲ့ တရားသူကြီးတွေရဲ့ လာဘ် စားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ၊ ဥပဒေကြောင်း အရမတရားခံနေရတဲ့ အမှုတွေကို စောင့်ကြည့် သုံးသပ်တာ၊ ကြေညာချက် ထုတ်ပြန် တာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တွေ က ဆိုကြပါတယ်။

”ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေ စိုးမိုးရေးကော်မတီက ဘာမှမလုပ်နိုင်ဘူး။ ကော်မတီက အစီရင်ခံစာကို လွှတ်တော်က အစိုးရအဖွဲ့ကို တင်ပေမယ့် အစိုးရက အရေးမလုပ်ဘူး။ ရဲအင်အား မလုံလောက်တာတွေ တရားသူကြီး မလုံလောက်တာ တွေစတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေပေးတယ်။ ပြည်သူပါဝင်ဖို့ လိုတယ်ဆိုပြီးတော့ ပြောလာ တယ်။ ဒါတွေက အကြောင်းပြချက်သက်သက်တွေပဲ။ ဟိုဘက်အစိုးရရဲ့ အမွေဆိုးကြောင့် တရားစီရင်ရေး မဏ္ဍိုင်က ထူကို မထူနိုင်သေးဘူး”လို့ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က သုံးသပ်ပါတယ်။

အလားတူပဲ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အနေနဲ့လည်းတရားဥပဒေ စိုးမိုးရေး လိုအပ်တယ်လို့ မကြာခဏ ပြောဆိုနေ ပေမယ့် တရားဥပဒေစိုးမိုးရေး တစုံတရာ ကူညီဆောင်ရွက်တာမျိုး မလုပ်ဆောင်နိုင်ပါဘူး။

လတ်တလော နိုင်ငံတွင်းမှာ ပုဒ်မ ၁၈ နဲ့ ထောင်ချခံနေရတဲ့ အမှုတွေ၊ ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ လယ်ယာ မြေသိမ်းဆည်းခံ လယ်သမားတွေရဲ့ အမှုတွေ၊ မဖြူနှင်းထွေးလို ကျောင်းသူတဦးကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီး တရားစွဲ ဆိုနေတဲ့ အမှုတွေ၊ မီဒီယာသမားတွေကို ပုဒ်မအမျိုး မျိုးတပ် ဖမ်းဆီးအရေးယူနေတဲ့ တရားနည်းလမ်း မကျတဲ့ အမှုတွေ တော်တော်များများမှာ NLD နဲ့ ၈၈ မျိုးဆက်ရဲ့ ဝေဖန်ထောက်ပြသံတွေ ပျောက်ဆုံးနေပါတယ်။

အစိုးရက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ပေး ဖို့ စိတ်မဝင်စားသလို အတိုက်အခံအင်အားစုတွေ ဘက်လည်း တရား ဥပဒေ စိုးမိုးဖို့ အပြောသာရှိပြီး လက်တွေ့မပါတဲ့ မဟာဗျူဟာမပါတဲ့ ဆောင်ရွက်မှု တွေကြောင့် မှန်ကန် ဖြောင့်မတ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ပေါ်ထွန်းလာဖို့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။

တိတ်ဆိတ်မှု၏ ရလဒ်

ယခင် စစ်အစိုးရ လက်ထက်မှာ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေက ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိခဲ့ ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ သူတို့ရဲ့ တိတ်ဆိတ်မှုတွေကြောင့် ပြည်သူလူထုရဲ့ ယုံကြည် ထောက်ခံမှု ကျဆင်းနေတာ အသေအချာပါပဲ။ တိုင်းရင်းသားတွေ ကြားမှာလည်း ဘယ်နိုင်ငံရေး အင်အားစုကို ယုံကြည် ရမလဲ ဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။

ပြည်သူတချို့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကလည်း လူထုအကျိုးပြုမှုတွေ လုပ်ဆောင်မပေးနိုင်သလို NLD နဲ့ အတိုက်အခံ အင်အားစုတွေကလည်း လူထုအသံကို နားမထောင် ဘူးလို့ ဆိုကြပါတယ်။ အထူးသဖြင့် ပြည်သူ လူထု ရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဆင်မပြေမှု ပြဿနာတွေကို ထောက်ပြတဲ့ အတိုက်အခံ အင်အားစု တွေရဲ့အသံ ပျောက်ဆုံး လာတာက ပြည်သူလူထုကို ပိုပြီးမျှော်လင့်ချက်မဲ့စေတယ်လို့ နိုင်ငံရေးသမားတချို့က သုံးသပ် ပါတယ်။

အတိုက်အခံတွေရဲ့ တိတ်ဆိတ်သွားတဲ့ အသံ တွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ မယုံကြည်မှု ရလဒ် တွေ ထွက်ပေါ်လာနိုင်တယ်ဆို ပြီးလည်း သုံးသပ်ပြောဆိုကြပါတယ်။

ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတဦးဖြစ် တဲ့ ဦးဦးလှစောက “အလုပ်လုပ်ပေမယ့် အကျိုးသက် ရောက် မှု မမြင်ရ ဘူးဆိုရင် မထိရောက်လို့ပေါ့။ ကျနော်တို့ လုပ်နေပါတယ် ပြောပေမယ့် လုပ်ဆောင် ချက်တွေရဲ့ အသီးအပွင့်ကို ပြည်သူ တွေ တိုက်ရိုက် မခံစားရဘူးဆိုရင် မအောင်မြင်လို့ပဲ ။ လုပ်တယ်လို့ ဘယ်လောက်ပဲပြောပြော ပြည်သူက ဘယ်ယုံတော့ မလဲ”လို့ သုံးသပ်ပြောဆိုပါတယ်။

ဥပဒေလောကသားတွေ ရှက်တတ်ရဲ့လား

ဥပဒေကို နားလည်သဘောပေါက်မှသာ “အခွင့်အရေး” နဲ့ “တာဝန်” ကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

နိုင်ငံရဲ့ ဘယ်အရပ် ဒေသမှာပဲ နေထိုင်သူ ဖြစ်ပါစေ နိုင်ငံသား တယောက်အတွက် လုံခြုံမှုရှိဖို့ အထူး အရေးကြီး ပါတယ်။ လူ အဖြစ် နေထိုင်ရှင်သန်ရေးမှာ လုံခြုံမှု ရှိမှသာ သာယာကောင်းမွန်တဲ့ လူ့အဖွဲ့ အစည်းကို တည်ဆောက်နိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံမှုရှိဖို့ ဆိုတာ “တရားဥပဒေ စိုးမိုးရေး” နဲ့လည်း ဆက်စပ်နေပါတယ်။




“တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ စကားဟာ လက်ရှိအစိုးရ လက်ထက်မှာ အရင်ကထက် ပိုမို ကျယ်လောင် လာနေ တာပါ။ ဒါပေမယ့် ပကတိအခြေ အနေမှာ အမျိုးသမီးတွေ အပါအဝင် လူထုကြားမှာ လုံခြုံမှု မရှိတာ၊ လူသတ်မှုနဲ့ ရာဇဝတ်မှုတွေ များပြားလာ နေတာ၊ မုဒိမ်းမှုတွေ များလာတာတွေက တရားဥပဒေ စိုးမိုးမှု အားနည်းနေကြောင်း သက်သေပြ နေတာပါပဲ။


ဩဂုတ်လ ၂၆ ရက်နေ့ ည ၇း၃၀ နာရီအချိန်က ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာမှာ နေထိုင်တဲ့ တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် “အေးချမ်းမြတ်မိုး” ဟာ လည်ပင်းကို ဓားနဲ့ထိုးခံခဲ့ရပြီး သေဆုံးခဲ့ရရှာ ပါတယ်။

အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ ဘဝအတွက် တက်လမ်း အများကြီးရှိတဲ့ မိန်းကလေးတယောက် အသတ်ခံ လိုက်ရတာဟာ နှမြောကြေကွဲ စရာပါ။ သတ်တဲ့အချိန်က ညဥ့်နက်သန်းခေါင်မဟုတ် ဘဲနဲ့ ည ၇ နာရီခွဲပဲ ရှိသေးတာက အံ့ဩစရာပါ။

ပြီးတော့ ဦးဝိစာရအိမ်ယာက ရန်ကုန်မြို့လယ်မှာပဲ ရှိတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ လတွေမှာလည်း တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လူသတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဇွန်လထဲမှာ မင်္ဂလာဒုံ ပန်းခြံထဲမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။
ပန်းခြံလို နေရာမှာ လူသတ်မှုကို လက်ရဲဇက်ရဲ ကျူးလွန်ရဲတာဟာ မေးခွန်းထုတ်စရာပါ။ ကျူးလွန်တဲ့ တရားခံကို ဖမ်းဆီး မိပေမယ့်လည်း တချို့အမှုတွေမှာတော့ တရားခံကို ဖမ်းမမိတာတွေလည်း ရှိပါတယ်။
တခါ ဇွန်လထဲမှာပဲ လှိုင်သာယာမြို့နယ်ထဲက လက်ဖက်ရည်ဆိုင် တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ဆိုင်ရဲ့ CCTV ကနေ မှတ်တမ်းတင် ထားတဲ့ မြင်ကွင်းကို ကြည့်ရသူတိုင်း တုန်လှုပ်ချောက်ချားခဲ့ ကြရပါတယ်။

ဘာလို့လဲဆိုတော့ လူတယောက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်သွားလို့ပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ်ရုံးရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် ဩဂုတ်လထဲမှာ လူသတ်မှု ၁၀၉ မှု၊ မုဒိမ်းမှု ၅၆ မှု ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။ အဲဒီလို နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၁၀၉ မှုမှာ ၄၈ မှုကိုပဲ

တရားစွဲဆိုနိုင်သေး သလို ကျူးလွန်သူ ဖမ်းမမိသေးတာတွေလည်း ရှိနေပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်တွေထဲမှာ မုဒိမ်းမှုနဲ့ လူကုန်ကူးခံရမှုတွေလည်း ပါဝင်နေ ပါတယ်။

အထူးသဖြင့် မုဒိမ်းကျင့်ခံ ရတဲ့ မိန်းကလေးတွေဟာ ငယ်ရွယ်လွန်းတဲ့သူတွေ ဖြစ်နေတာက စိုးရိမ်စရာ ကောင်းနေပါတယ်။

အသက် ၅ နှစ်ကနေ ၈ နှစ်၊ ၁၀ နှစ်ကြား မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ အကြောင်းရင်းထဲမှာ မိဘ တွေက အပြင်ထွက် အလုပ်လုပ်ရတာ၊ ညစ်ညမ်းခွေတွေ ကြည့်တဲ့သူများလာတာ၊ သူစိမ်းယောက်ျားတွေက မိန်းကလေးတွေကို အယုံသွင်း ပြောဆိုနေတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။

သက်ငယ် မုဒိမ်းမှုကျူး လွန်သူတွေကို သေဒဏ်ပေးဖို့ လွှတ်တော်မှာ အဆို တင်သွင်းသူ ရှိပေမယ့်လည်း အဲဒီ အဆို ရှုံးနိမ့်ခဲ့ ရပါတယ်။

တကယ်လို့ မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ပေးနိုင်မယ် ဆိုရင် ကျူးလွန်တဲ့ သူလျော့ကျ သွားမှာပါ။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ ရသွားသလို ပတ်ဝန်းကျင်ရဲ့ ခွဲခြား ဆက်ဆံတာပါ ခံရတဲ့ အတွက် သူတို့ရဲ့ နစ်နာမှုကို ထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

တရုတ်နိုင်ငံဘက်ကို ဇနီးမယား အဖြစ် ရောင်းစားခံနေရတဲ့ မိန်းကလေးတွေအတွက် ဥပဒေအရ အကာအကွယ် ပေးဖို့လိုသလို အထူးသဖြင့် လူပွဲစားတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ လိုအပ်နေ တာပါ။

မိန်းကလေးတွေ အတွက်တင်လား ဆိုတော့ မဟုတ်သေးပါဘူး။ လူငယ်တွေကြားမှာလည်း လုံခြုံမှု မရှိတဲ့ ပြဿနာ တွေ့နေရ ပါတယ်။ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာ၊ လုယက်ခံရတာတွေ ရှိနေသလို စိတ်ကြွ ဆေးသုံးစွဲ နေတဲ့ လူငယ်တွေ များလာတာဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။


လူငယ် ၁၀ ယောက်မှာ ၆ ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိပ်မကြာမီက ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတစောင်က ဆိုပါတယ်။ ပတ်ဝန်းကျင်မှာ အရက် လှိုင်ဘောလယ် ဝယ်လို့ သောက်လို့ ရနေတာ ကလည်း ရာဇဝတ်မှု ဖြစ်ပွားစေတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေ ဖြစ်ပွားမှုဟာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ပတ်သက်ဆက်နွှယ် နေပါတယ်။ စီးပွားရေး ကောင်းမွန်ပြီး နိုင်ငံသားတိုင်းသာ သူတို့အတွက် လုံလောက်တဲ့ ဝင်ငွေရှိနေရင် ခိုးမှု၊ လုယက်မှုတွေ အလိုအလျောက် လျော့ကျသွားမှာပါ။

တချို့သော လူသတ်မှုတွေကို လေ့လာကြည့်မယ် ဆိုရင် နားကပ်လေးတရံ၊ လက်စွပ်လေး တကွင်း အတွက်ကိုပဲ လူ့အသက်ကို သတ်တာ တွေ့ရပါတယ်။ အဆင် မပြေမှုတွေ များလာတဲ့ အခါ လူသတ်ရမှာကို မကြောက်တော့တာ၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အတွေးတွေ ဝင်လာတော့တာ ပါပဲ။ ဒါကြောင့် “အူမတောင့်မှ သီလ စောင့်နိုင်တယ်” ဆိုတဲ့စကားက မှန်ကန်နေပါတယ်။

ပခုံးချင်း တိုက်မိတာလေးနဲ့ လူသတ်တဲ့ အထိ ဖြစ်ရတဲ့ ဖြစ်စဉ်ဟာ ရန်ကင်းမြို့နယ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ လူတယောက်ကို ခေါင်းပြတ်တဲ့ အထိ ရက်ရက်စက်စက် သတ်နေတာကို အဲဒီရပ်ကွက်ကို အုပ်ချုပ်နေ သူတွေက မတားဆီးနိုင် ခဲ့တာကလည်း မေးခွန်းထုတ်စရာပါ။

နောက်ဆုံး ရပ်ကွက်လူထုက မခံမရပ်နိုင် ဖြစ်လွန်းပြီး ဆန္ဒ ထုတ်ဖော်ရတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာပါ။

ပတ်ဝန်းကျင်မှာ မူးယစ်ရမ်းကားနေတဲ့ သူတွေ ရှိနေတာကို လျစ်လျူရှုနေတာ၊ လူမိုက်အမည်ပေါက်တွေ သောင်းကျန်းနေတာကို အရေးမယူတာ၊ လောင်းကစားဝိုင်း တွေကို လွှတ်ပေးထားတာတွေက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတာပါပဲ။

ကျမတို့ဟာ ဘယ်အရပ်ဒေသကိုပဲ သွားသွား နောက်ကျောလုံလုံနဲ့ သွားနိုင်ဖို့ အရေးကြီးပါတယ်။ “အဲဒီနေရာ ကို မသွားရဲပါဘူး ကိုယ့်ကိုရိုက်သတ်သွားရင်တောင် ဘာမှမတတ်နိုင်ဘူး” လို့ ပြောလာရရင် တရားဥပေဒ စိုးမိုးမှုမရှိတာ သိသာနေပါပြီ။

တချို့သော ရာဇဝတ်မှုတွေ အတွက် ချမှတ်တဲ့ ပြစ်ဒဏ်က နည်းလွန်းတော့ လူဆိုး၊ လူမိုက်တွေကို အယား ဖျောက်သလို ဖြစ်နေတာတွေကို ထည့်စဉ်းစားရမှာ ပါ။ ဥပမာအားဖြင့် လူသတ်မှု အတွက် ထောင် ၅ နှစ် လောက်ပဲ ချ၊ ထောင်ထဲမှာ တနှစ်၊ နှစ်နှစ်ပဲ နေ၊ တခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ ဆိုရင် မုန့်လုံးစက္ကူကပ် ဇာတ်လမ်းတွေ ဆက်ဖြစ်နေမှာပါပဲ။
တခါတုန်းက စစ်အစိုးရ ဆန့်ကျင်ရေး စာရွက် စာတမ်းတွေ့တာနဲ့ ထောင်ဒဏ် အနှစ် ၂၀ လောက် အထိ ပြစ်ဒဏ် ချမှတ်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင် မကျူးလွန်ဘဲနဲ့ ဗုံးဖောက်ခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရတာတွေ တောင်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အပြစ် မရှိတဲ့သူတွေကို ဥပဒေရဲ့ အကာအကွယ် ပေးဖို့လည်း ပါဝင်တယ်ဆိုတာ မမေ့သင့်ပါဘူး။
တရားဥပဒေ စိုးမိုးရေးရဲ့ အခြေခံသဘော တရားကို ဇယားဆွဲကြည့်ရင် Rule of Action (လူ့ကျင့်စဉ်)၊ Rule of Conduct (အပြုအမှုဆိုင်ရာ စည်းကမ်းချက်)၊ Law (ဥပဒေ)၊ Customary Law (ဓလေ့ထုံးတမ်း ဥပဒေ)၊ Statute Law (ပြဋ္ဌာန်း ဥပဒေ)၊ Domestic Law/National Law (ပြည်တွင်းဥပဒေ) ရယ်လို့ ဆက်စပ်နေတာ တွေ့ရပါတယ်။
ဥပဒေရဲ့ ပင်ကိုယ်လေးနက်မှု၊ ဥပဒေ သဘောတရား တွေနဲ့ ဥပဒေနောက်ခံ သမိုင်း လမ်းကြောင်းပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ တရားဥပဒေ စိုးမိုးရေးကို အနက်အဓိပ္ပာယ် ဖော်ညွှန်းရာမှာ နိုင်ငံရဲ့အာဏာ ကြီး ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက် ပြီး ထွက်ပေါ်လာတဲ့ အယူအဆ အဖြစ်လည်း တွေ့မြင်နိုင်ပါတယ်။

တရားဥပဒေ စိုးမိုးရေး အားနည်းနေတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဥပမာ တခုကို ထုတ်နုတ် ပြောပြချင်ပါ တယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၂၀ (ခ) မှာ “မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ရန် ဆက်သွယ်ခြင်း တို့ကို မည်သူမဆို ပြုလုပ်ပါက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာ မူးယစ်ရာဇာတွေရဲ့ သားသမီးတွေ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရနေတာ၊ မူးယစ်ဆေး ရောင်းဝယ်ရာက ရလာတဲ့ ငွေမည်းတွေကို အိမ်၊ ခြံ၊ မြေမှာ ရင်းနှီး မြှပ်နှံပြီး ငွေကြေးခဝါချ နေတာ၊ တချို့ မူးယစ်ရာဇာတွေဟာ ထိုက်သင့်တဲ့ပြစ်ဒဏ် မခံရဘဲ ဘုရားဒါယကာ၊ ကျောင်းဒါယကာ အဖြစ်ပါ ခံယူခွင့် ရခဲ့တာတွေဟာ တရားဥပဒေ စိုးမိုးရေး အားနည်းတာ သိသာထင် ရှားလွန်းနေပါတယ်။

ကျမတို့ဟာ ကိုယ့်အိမ်ထဲမှာပဲ နေရင်း တခြား သူတွေရဲ့ စိတ်အနှောင့်အယှက် ပေးမှုကို ခံနေရဆဲပါ။ တခြား အခန်းတွေက နားမခံသာအောင် သီချင်းတွေ ဖွင့်ကြတာ၊ အုပ်စုလိုက် အရက်ဝိုင်းဖွဲ့ပြီး အော်ဟစ် ဆူညံနေတာ တွေကို ကြိတ်မှိတ်သည်းခံရတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။

တကယ်လို့ တရား ဥပဒေသာ စိုးမိုးမယ်ဆိုရင် ဖုန်းလေးတချက် ဆက်လိုက်ရုံနဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး အဲဒီလို အနှောင့်အယှက် ပေးနေသူတွေကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။


လူထုကြားမှာ ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အသိတွေ ရှိဖို့ လိုပါတယ်။ ကိုယ်တိုင်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရ တာကို ဥပဒေ ဘောင်အတွင်းကနေ ကျမတို့ တောင်းဆိုပိုင်ခွင့် ရှိရပါမယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူငယ်ထု အနေနဲ့ ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ်။


ကြုံကြိုက်လို့ ပြောရရင် ပြီးခဲ့တဲ့ ဩဂုတ်လက ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနမှာ ပြုလုပ်တဲ့ “သရုပ်ပြ တရားရုံး” တင်ဆက်မှုကို သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ တကယ့်တရားခွင်မှာ စစ်ဆေးသလို ဥပဒေပညာသင်ယူ နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် ပါဝင်တင်ဆက်တာ ဖြစ်ပါတယ်။

ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရခဲ့သလို ဒီလို “သရုပ်ပြ တရားရုံး” တင်ဆက်မှုကနေ တရားခွင် စစ်ဆေးမှု၊ တရားရုံး တွေကနေ လက်တွေ့ ကျင့်သုံးနေတဲ့ အမှုစစ်ဆေးနည်း ကျင့်ထုံး နည်းလမ်း၊ ဥပဒေ၊ နည်းဥပဒေတို့ကို ပိုမို သဘောပေါက်နားလည် လာစေတဲ့ အကျိုးကျေးဇူးပါ ရရှိနိုင်ပါတယ်။

ဥပဒေပညာကို သင်ယူနေတဲ့သူမှ မဟုတ်ပါဘူး။ လူတိုင်းလူ တိုင်း ဥပဒေကို နားလည်သဘောပေါက်မှသာ “အခွင့်အရေး” နဲ့ “တာဝန်” ကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။

စားကောင်းခြင်း စားရဖို့၊ အိပ်ကောင်းခြင်း အိပ်ရဖို့၊ ကောင်းကောင်းမွန်မွန် အသက်မွေးဝမ်းကျောင်း နိုင်ဖို့၊ ထိတ်လန့် ကြောက်ရွံ့ရခြင်း တွေက ကင်းဝေးစေဖို့ “လုံခြုံမှု” ရှိဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှသာ လူ့ ဂုဏ် သိက္ခာနဲ့ ပြည့်စုံတဲ့ လူသားတွေ ဖြစ်လာမှာပါ။

“တရားဥပဒေစိုးမိုးရေး” ဟာ ဟန်ပြသက်သက်၊ ကြွေးကြော်သံ သက်သက်နဲ့ အလုပ် မဖြစ်ပါဘူး။


မြန်မာနိုင်ငံရဲ့ ဘယ် အရပ်ဒေသမှာ မဆို တရား ဥပဒေ စိုးမိုးစေဖို့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုအပ်နေသလို တရားဥပဒေ တကယ် စိုးမိုးမှသာ လူ့ဂုဏ်သိက္ခာ နဲ့ပြည့်ဝတဲ့၊ လူဖြစ်ရကျိုး နပ်တဲ့ လုံခြုံတဲ့ လူသားဘဝတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြဆွေးနွေး လိုက်ရပါတယ်။ ။
ဧရာဝတီ

အပစ်ရပ်စဲရေးကို KIO/KIA ဘာကြောင့်ငြင်းဆန်နေရတာလဲ

တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့တွေ့ဆုံဆွေးနွေးနေသည်မှာ ၃ ရက် မြောက်ဖြစ်သော်လည်း သဘော တူညီမှုမရသေးကြောင်း သိရသည်။

ထိုသို့သဘောတူညီမှုမရခြင်း၏ နောက်ကွယ်တွင် NCCT ကို KIO/KIA အဖွဲ့ကကြိုးကိုင်ချယ်လှယ်နေသလားဟူသော မေးခွန်းများဖြင့် သံသယပွားစရာဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် NCCT တွင်ပါဝင်နေသော KIO/KIA အဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရေးကို အစိုးရအဖွဲ့အား ငြင်းဆန်ခဲ့သောကြောင့်ဖြစ်ပါသည်။

အပစ်ရပ်ရေးကိစ္စ KIO/KIA ငြင်ဆန်နေရခြင်းမှာ အကြောင်းအရာ(၂)ရပ်ကိုတွေ့မြင်ရပါသည်။ ပထမတစ်ချက်က သစ်၊ ကျောက်စိမ်း၊ ရွှေ နှင့်ပယင်း၊ မူးယစ်ဆေးဝါးမှောင်ခိုစီးပွားရေး လုပ်ငန်းများစွာမှ KIO/KIA ၏ဘဏ္ဍာငွေ အလုံးအရင်းရှိနေ ခြင်းကြောင့် ငြိမ်းချမ်းရေးကို ငြင်းဆန်နေသည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် အချမ်းသာဆုံးက KIO/KIA ဖြစ်ပါသည်။ ထိုသို့ စည်းစိမ်ဥစ္စာ ငွေကြေးဓနများကို ယုတ်လျော့သွားမယ့် အရေးကိုတွေးပူပြီး ကာကွယ်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်ကြောင်း ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါသည်။

ဒုတိယအချက်ကတော့ ပြည်ထောင်စုကခွဲထွက်ပြီး ၀မ်ပေါင်နိုင်ငံထူထောင်ရေး ရည်မှန်းချက်ဖြစ်ပါသည်။ မကြာမီရက်ပိုင်း က Oline ပေါ်ပျံ့နှံ့လာသော KIO ဗဟိုကော်မတီဝင်တစ်ဦးက RSO နှင့် ဘင်္ဂါလီတို့ကို လက်ခံတွေ့ဆုံခဲ့သည့် ဗွီဒီယိုဖိုင် ကြောင့်ပိုပြီး စိုးရိမ်စရာဖြစ်လာခဲ့ပါသည်။ KIO/KIA အဖွဲ့ဟာပြည်ထောင်စုကခွဲထွက်ဖို့ RSO အပါအ၀င် ဘင်္ဂါလီတွေနဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်နေသည်ဟုလည်း ယူဆနိုင်ပါသည်။

ထိုအချက်(၂)ချက်ကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းများတွင် အစိုးရအကြပ်တွေ့အောင် KIO/KIA ကထပ်မံ တောင်းဆိုနေခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် KIO ထိန်းချုပ်နယ်မြေထဲမှာ KIA၊ ABSDF၊ ရခိုင်တပ်မတော်(AA)တို့ရှိပြီးဖြစ်၍ ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ဝင်လာလျှင်ပိုပြီး အင်အားတောင့်လာပါတော့မည်။ ထိုအကြောင်းတရားများကြောင့် အပစ်ရပ် ရေးကို KIO/KIA ငြင်းဆန်နေတာလား မေးခွန်းထုတ်စရာ ဖြစ်နေပါတော့သည်။

နိုင်အောင်

Kachin Daily News

IS အဖွဲ့ကို ချေမှုန်းရန် နှစ်ချီကြာမည်

အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို ချေမှုန်းရန် နှစ်များစွာ အချိန်ယူရမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် တစ်ဦးက ပြောကြားလိုက်သည်ဟု စက်တင်ဘာလာ ၂၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ယင်းအဖွဲ့၏ ကို တိုက်ခိုက်ရာတွင် သဘောတူ ပါဝင်သည့် နိုင်ငံ ၅၀ ကျော်ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောခဲ့ပြီးနောက် ဗိုလ်ချုပ်ဂျွန်ကာဘေးက ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်နယ်မြေ အမြောက်အများကို IS တို့က သိမ်းပိုက်ထားပြီး သြဂုတ်လမှ စ၍ အီရတ်တွင် အမေရိကန်က လေကြောင်း ထိုး စစ် ဆင်ခဲ့သည်မှာ အကြိမ် ၂၀၀ နီးပါး ရှိပြီ ဖြစ်သည်။

IS အဖွဲ့ လှုပ်ရှားမှုများ ချေမှုန်းရေးကို ဆီးရီးယား နယ်စပ်ဒေသများတွင် တနင်္လာနေ့က ပထမဆုံး အဖြစ် မဟာမိတ် အာရပ်နိုင်ငံများနှင့် ပူးပေါင်းကာ တိုးချဲ့ စစ်ဆင်ခဲ့သည်။

လေကြောင်း ထိုးစစ်များအတွင်း IS အဖွဲ့မှ စစ်သွေးကြွ ၇၀ နှင့် အယ်လ်ခိုင်ဒါ ဆက်နွယ်နေသော တိုက်ခိုက်ရေး သမား ၅၀ ကို သုတ်သင်နိုင် ခဲ့သည်။ ဆီးရီးယားလေကြောင်းထိုးစစ်က IS တို့၏ စွမ်းအားကို ကျဆင်းစေကြောင်း ဂျွန်ကာဘေးက ပြောသည်။

“ ရည်ရွယ်ချက်ကို ထိထိမိမိ တိုက်ခိုက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

IS ကို လေကြောင်း တိုက်စစ် တစ်ခုတည်းနဲ့ အနိုင်ရပါ့မလား



ရဲလွင်အောင် 

အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများမှ လေယာဉ်များသည် အီရတ်ရှိ IS အဖွဲ့ကို သာမက ဆီးရီးယားရှိ IS အဖွဲ့ကိုပါ ထိုးစစ်ဆင်မှု များကို ပြုလုပ်နေပြီ ဖြစ်သည်။အိုဘားမား အစိုးရ အဖွဲ့သည် ဆီးရီးယား ပြည်တွင်း စစ်တွင် ၀င်ရောက်စွက်ဖက်ရန် ယခင်ကတွန့်ဆုတ်နေခဲ့ သောကြောင့် ဆီးရီးယားရှိ IS အဖွဲ့အား အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်များက ယခုအချိန်တွင် တိုက်ခိုက်မှု ပြုလုပ်လာခြင်းက အိုဘားမား အစိုးရ အဖွဲ့၏ မူဝါဒ များတွင် ပြောင်းလဲမှု အကြီးအကျယ်ရှိ နေပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။ 

IS အဖွဲ့၏ လုပ်ရပ်များကို တားဆီး ပိတ်ပင်ခြင်း မပြုပါက ၎င်း တပ်ဖွဲ့သည် ဥရောပနှင့် အမေရိကန် တို့တွင် တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများက ထိုးစစ်ဆင်မှု များကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ IS ၏ လုပ်ရပ်များကြောင့် ဆီးရီးယား နှင့် အီရတ်ကြားရှိ နယ်စပ်မှာ အမည်ခံသာရှိ တော့သည်။ 

ထို့ပြင် ယခုအချိန်တွင် အမေရိကန် သာမက အာရပ်နိုင်ငံ တချို့တို့ပါ စစ်ဆင်ရေးတွင် ပါဝင်နေ သောကြောင့် အမေရိကန်၏ ယခု စစ်ဆင်ရေး သည် အီရတ် ဆိုင်ရာ ယခင်စစ်ဆင်ရေးနှင့် လုံးဝ ခြားနားနေခဲ့သည်။ ကူဝိတ်အား အီရတ်၏ ကျူးကျော်မှုမှ ကယ်တင်နိုင်ရေး အတွက် နိုင်ငံတကာက စစ်ဆင်ရေး ဆင်နွှဲခြင်းနှင့်ပင် တစ်စိတ်တစ်ပိုင်း ဆင်တူ လှသည်။ သို့သော် ယခု စစ်ပွဲတွင် ပစ်မှတ်မှာ အချုပ်အခြာ အာဏာပိုင် အစိုးရတစ်ရပ် မဟုတ်ဘဲ အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ကူဝိတ် စစ်ပွဲတွင် ကာလမရှည်ခဲ့ သော်လည်း ယခုစစ်ပွဲ ကတော့ ကာလရှည် ဦးမည် ဖြစ်သည်။ 

တိုက်လေယာဉ်များ၊ လက်နက် တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များနှင့် ပင်လယ်ပြင်မှ ပစ်ခတ် လိုက်သော ဒုံးကျည်များ ပါဝင် သောကြောင့် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးကို ကျယ်ပြန့်သော စစ်ဆင်ရေး တစ်ရပ် အဖြစ် သတ်မှတ်လို့ ရသည်။ သို့သော် ယခုစစ်ဆင်ရေးကို ကြည့်လိုက်လျင် မဟာဗျူဟာ ရည်မှန်းချက်မှာ IS အဖွဲ့ကို အမြစ်ပြတ် တိုက်ရန် မဟုတ်။အဖွဲ့၏ ခေါင်းဆောင်ပိုင်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းကို တိုက်ခိုက် ဖြတ်တောက်ရန်သာ ဖြစ်ကြောင်း သိသာလှသည်။ 

အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းများစွာ ထွက်ပေါ်လာ ခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်သည် တစ်ပြိုက်နက်တည်း ထိရောက်စွာ တိုက်ခိုက်နိုင် မည်လား၊ အမေရိကန် ဦးဆောင်သော နိုင်ငံများ၏ လေကြောင်းမှ ထိုးစစ်ဆင် မှုကြောင့် မြေပြင်တွင် IS အဖွဲ့ အထိနာအောင် တိုက်ခိုက်နိုင်မည့် အခြေအနေများ ပေါ်ပေါက် လာမည်လားနှင့် IS အဖွဲ့က မည်သည့် အတိုင်းအတာ အထိ တန်ပြန်တိုက်ခိုက်မည်လဲ အစရှိသည့် မေးခွန်းများကိုတော့ မေးဖို့လိုမည်ဖြစ်သည်။ 

မြေပြင် အနေအထား 

အမေရိကန်နှင့် မဟာမိတ်များ ကတော့ လိုအပ်ချက်ကြောင့် တိုက်သည်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင်မူ ၎င်းတို့သည် မသေချာ သော လမ်းကို လျှောက်နေကြခြင်း ဖြစ်သည်။ အကြောင်းမှာ ပြင်ပမှ စစ်ရေး အကူအညီ ဆို၍ လေကြောင်း အင်အားတစ်ခုသာရှိ နေခြင်း ဖြစ်သည်။ စစ်ဆင်ရေး တစ်ခု အောင်မြင်ရန် ကြည်း၊ ရေ၊ လေ အပါအ၀င် စစ်ရေး ကဏ္ဍမျိုးစုံ ပါဝင်မှသာ ဖြစ်နိုင်ပါမည်။ 

အီရတ် ကိစ္စတွင် ကြည့်ပါ။ အီရတ်တွင် အမေရိကန်၏ လေကြောင်းမှ ထိုးစစ်ကြောင့် မြောက်ပိုင်းရှိ ကာ့ဒ် မျိုးနွယ်စုများ နေထိုင်သော ဒေသ တွင်းသို့ IS အဖွဲ့ ထိုးဖောက် ၀င်ရောက်မည်ကို တားဆီးနိုင် ခဲ့သည်။ သို့သော် အမေရိကန်၏ လေတပ် အင်အားကြောင့် IS အဖွဲ့ကို အီရတ်မြေပေါ်မှ ဖယ်ထုတ်နိုင်စွမ်း မရှိခဲ့။ IS အဖွဲ့ကို အီရတ်မှ နှင်ထုတ်နိုင်ရန် အချက်နှစ်ချက် အပေါ် မူတည်နေသည်။ 

ပထမ အချက်မှာ IS အဖွဲ့အား ထိပ်တိုက် ရင်ဆိုင်ပြီး နယ်မြေများ ပြန်လည် သိမ်းယူနိုင်ရေး အတွက် မြေပြင်ရှိ စစ်တပ်၏ ကောင်းစွာ လေ့ကျင့် သင်ကြားထားမှု နှင့် စိတ်ဓာတ် ပြင်းထန်မှု ရှိမရှိ ဆိုသည့် အချက်ဖြစ်သည်။ IS ၏ သတ်ဖြတ်မှု များကြောင့် မကြာသေးမီ လများတွင် အီရတ်စစ်တပ် သည် လက်နက်များချန်ထားပြီး ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ နောင်ပိုင်းတွင် အမေရိကန်က စစ်ဘက်ဆိုင်ရာ အကြံပေးများ စေလွှတ်ခြင်းနှင့် လေကြောင်းမှ ကူပစ်ပေးခြင်း တို့ကြောင့် အီရတ် စစ်သားများ စိတ်ဓါတ် ပြန်လည် တက်ကြွလာပြီး တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ သို့သော် စိတ်ဓါတ် ပျက်စီးနေသည့် အီရတ်စစ်သားများ၏ စစ်စိတ် စစ်သွေး ပြန်တက်လာရေး အတွက် အချိန်ယူ ရဦးမည် ဖြစ်သည်။ 

ဒုတိယ အရေးပါသော အချက်မှာ နိုင်ငံရေး ဖြစ်သည်။ ယခင် အီရတ် ၀န်ကြီးချုပ် မာလီကီ လက်ထက်တွင် ရှီယိုက်များ အကျိုး အတွက်သာ အုပ်ချုပ်ခဲ့ သောကြောင့် ဆွန်္နီများနှင့် ကာ့ဒ်များက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယင်းကြောင့် ဆွန်္နီမျိုးနွယ်စု တချို့က IS အဖွဲ့ ဘက်မှ ပါဝင် တိုက်ခိုက် ခဲ့ကြသည်။ကာ့ဒ်များသည်လည်း အစောပိုင်းတွင် IS အား အီရတ် အတွက် တိုက်ခိုက်သည် မဟုတ်၊ ကာ့ဒ်ဒေသ အတွက်သာတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အီရတ်တွင် အဖွဲ့ အစည်း အားလုံး ပါဝင်သော အစိုးရ တစ်ရပ် မဖွဲ့စည်းနိုင်သေး သောကြောင့် အစောပိုင်းတွင် အမေရိကန်က အကူ အညီ ပေးရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရတစ်ရပ် ပေါ်ထွန်းရေး အတွက်လည်း အချိန်ယူရဦးမည် ဖြစ်သည်။ 

အီရတ်၌ ယခုအချိန်တွင် အများက အသိအမှတ်ပြု ထားသော အစိုးရရှိနေ သဖြင့် နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်း တိုက်စစ်ဆင်မှုကြောင့် IS အဖွဲ့ကို အနိုင်ရရှိ နိုင်ခြေ ရှိနေသော်လည်း ဆီးရီးယား တွင်တော့ အလားအလာများက တစ်မျိုး တစ်ဘာသာ ကွဲပြားနေသည်။ ဆီးရီးယားနှင့် ပတ်သက် သော အိုဘားမား၏ အစီအစဉ် တစ်ရပ်မှာ ဆီးရီးယားရှိ အယူအဆ သင့်တင့်မျှတသော သူပုန်များကို လက်နက်များနှင့် လေ့ကျင့် သင်ကြားမှုများ ထောက်ပံ့ပေးရန် ဖြစ်သည်။ ယင်းသို့ ထောက်ပံ့ပေးနိုင်လျှင်လည်း သူပုန်များသည် အယူအစွဲ ပြင်းထန်သော ဂျီဟတ်ဝါဒီ များအား လက်ရည်တူ ယှဉ်ပြိုင် နိုင်ပါ့မလား ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာရှိနေ ပြန်သည်။ ဆီးရီးယားတွင် အနောက်နိုင်ငံ များက လက်ခံထားသော အစိုးရ တစ်ရပ် မရှိသလို နိုင်ငံ အနာဂတ် အတွက် နိုင်ငံရေး အစီအစဉ်လည်း မရှိဘဲ ဖြစ်နေသည်။ 

ကျယ်ပြန့်သော တိုက်ပွဲ 

အခြေအနေများ ပြောင်းလဲသွားနိုင် ပါသည်။ ယခု စစ်ပွဲတွင် IS သည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခု အချိန်အထိ IS သည် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိ သလို မဟာဗျူဟာ ကျကျလည်း တိုက်ပွဲဝင်နိုင် နေဆဲ ဖြစ် သည်။ ယင်းကြောင့် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးအား ယင်းအဖွဲ့က ဘယ်လို တုံ့ပြန်မလဲ ဆိုသည်ကို ထပ်မံစဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။ 

အများကြီး လုပ်နိုင်ပါသည်။ IS အဖွဲ့ သည် အီရတ်ရှိ ကာ့ဒ်များကို တိုက်ခိုက်နေရာမှ ဆီးရီးယားရှိ ကာ့ဒ်များကို ပြောင်းလဲ တိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒုက္ခသည် များစွာသည် ဆီးရီးယားနှင့် တူရကီ နယ်စပ်မှ တစ်ဆင့် တူရကီနိုင်ငံ ထဲသို့ ၀င်ရောက်ခဲ့ ကြသည်။ ထို့ပြင် အမေရိကန် ဦးဆောင်သော မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် နိုင်ငံများရှိ နိုင်ငံသားများအား တိုက်ခိုက်ရန် IS အဖွဲ့က အခြား နိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများကို တိုက်တွန်း ခဲ့သည်။ အကျိုးဆက် အဖြစ် အယ်လ်ဂျီးရီးယားရှိ အစွန်းရောက် အဖွဲ့တစ်ခု က ပြင်သစ် နိုင်ငံသား တစ်ဦးကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများ အတွက် အခက်အခဲ တွေ့စေမည့် နည်းလမ်းများ IS တွင် ရှိနေကြောင်း ထင်ရှားလာခဲ့သည်။ 

သို့သော် ယခု စစ်ဆင်ရေးသည် မွတ်ဆလင် ကမ္ဘာအတွင်း ဆွန်္နီများနှင့် ရှီယိုက်များကြားရှိ တိုက်ပွဲ၊ အီရန်နှင့် အာရပ်နိုင်ငံများကြား အားပြိုင်မှု၊ လက်ရှိ အခြေအနေကို ဖျက်စီးလို သူများနှင့် တည်မြဲလို သူများကြား တိုက်ပွဲတို့၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း လေ့လာ သူများက သုံးသပ်သည်။ မည်သည့် ရလဒ်များ ထွက်ပေါ်လာသည် ဖြစ်စေ ပြည်တွင်းစစ်တွင် အောင်ပွဲခံသူ မရှိတတ်ကြောင်း လေ့လာသူများက သတိပေးထားသည်။ 

Ref: Syria analysis: Why air power alone won't beat IS:BBC