Showing posts with label ISISသတင်း. Show all posts
Showing posts with label ISISသတင်း. Show all posts

ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ

ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ် ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ် ကိုဘာနီမြို့ဆီ ရောက်။
ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွားကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ၀င်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။

တူရကီအစိုးရနဲ့ သဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ တူရကီနိုင်ငံထဲကနေ ဗုဒ္ဓဟူးနေ့က တရက်ကြာဖြတ်ပြီး ဆီးရီးယား နယ်စပ်ဆီ ရောက်သွားကြပါတယ်။

စက်တင်ဘာလလယ်ကတည်းက IS အဖွဲ့ရဲ့ ထိုးစစ်ကို ခုခံပြီး ကိုဘာနီမြို့ ကျ မသွားအောင် တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အဲဒီလက်နက်ကိုင်တွေ သွားပေါင်းမှာပါ။ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က လက်နက်ကိုင် ၅၀ လောက်ပါတဲ့ အဖွဲ့တဖွဲ့ဟာ လည်း ဗုဒ္ဓဟူးနေ့တုန်းက ကိုဘာနီမြို့ဆီ ရောက်သွားကြပါတယ်။

ကိုဘာနီက ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေဟာ တူရကီက မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီနဲ့ အချိတ်အဆက်ရှိတာကြောင့် နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေကို မလွှတ်ဘူးလို့ တူရကီအစိုးရက ပြောထားပါတယ်။

ကာဒစ္စတန်အလုပ်သမားပါတီဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် တူရကီအစိုးရနဲ့ တိုက်ခိုက်နေတာ ဆယ်စုနှစ် သုံးခုရှိနေပါပြီ။ ကိုဘာနီမြို့ကိုတိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်စစ်လေယာဉ်တွေကလည်း သီတင်းပတ် အတော်ကြာ လေကြောင်းကနေ တိုက်ခိုက်ပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဗြိတိန် အကူအညီပေးရေး ဝန်ထမ်း အလန်ဟန်းနင်းကို IS တို့ ခေါင်းဖြတ်

IS စစ်သွေးကြွတို့၏ ဖမ်းဆီးခြင်း ခံထားရသည့် ဗြိတိန်လူမျိုး အကူအညီပေးရေး ဝန်ထမ်း အလန်ဟန်းနင်းကို ခေါင်းဖြတ်သတ်လိုက်သည့် ဗီဒီယိုကို IS တို့က ယမန်နေ့က လွှင့်တင်ခဲ့သည်။ ဟန်းနင်းကို ခေါင်းဖြတ် ဗီဒီယိုများကြောင့် ကျော်ကြားလာသည့် သားသတ်သမား ဂျီဟတ်ဒီဂျွန်ကပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။



အလန်ဟန်းနင်းကို မသတ်ဖြတ်မီ ခြိမ်းခြောက်မှု ပြုလုပ်နေသည့် ဂျီဟတ်ဒီဂျွန်။ (ဓာတ်ပုံ - Daily Mail)

သတ်ဖြတ်ခြင်း မခံရမီတွင် အရိုးပေါ် အရေတင်ကာ ပင်ပန်းနေဟန် ပေါက်နေသည့် မစ္စတာ ဟန်းနင်းက အီရတ်ရှိ IS တို့အပေါ် တိုက်ခိုက်ရန် ဆုံးဖြတ်သည့် ဗြိတိန် ပါလီမန်အပေါ် အပြစ်တင်သည့် ပြောကြားမှု အချို့ကို ဂျီဟတ်ဒီ ဂျွန်၏ ဖိအားပေးမှုကြောင့် ပြုလုပ်ခဲ့ရ သေးသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ကလေးနှစ်ဦး၏ ဖခင် အလန်ဟန်းနင်းသည် ဒုက္ခသည်များကို စာနာထောက်ထားမှုဖြင့် အကူအညီပေးရေး အဖွဲ့အစည်း တစ်ခု၏ ၀န်ထမ်းတစ်ဦး ဖြစ်ပြီး ယင်းကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ ရက်က ဆီးရီးယားရှိ ဒုက္ခသည်များကို အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန် အလာမှာပင် လေဆိပ် အရောက်၌ ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်း မခံရမီတွ် မစ္စတာ ဟန်းနင်းက "ကျုပ်က အလန်ဟန်းနင်းပါ။ ခင်ဗျားတို့ ဗြိတိန် ပါလီမန်ရဲ့ IS အဖွဲ့ကို တိုက်ခိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သား တစ်ယောက်ဖြစ်တဲ့ ကျုပ်က ဒီတန်ဖိုးကို ပေးရတော့မယ်"ဟု ပြောကြားခဲ့သည်။ ထို့အတူ သားသတ်သမား ဂျီဟတ်ဒီဂျွန် ကလည်း "ဒေးဗစ်ဟိန်း (ဗြိတိန် နိုင်ငံသားများ ထဲမှ ပထမဆုံး ခေါင်းဖြတ် ခံရသူ) ရဲ့ သွေးတွေဟာ ခင်ဗျားလက်မှာ ပေနေတယ် ကင်မရွန်း (ဗြိတိန် ၀န်ကြီးချုပ်)၊ ခုတော့ အလန်ဟန်းနင်းလည်း ပါလာပြီ။ အလန်ရဲ့ သွေးတွေက ဗြိတိန်ပါလီမန်မှာ စွန်းထင်းပြီ"ဟု ပြောကြားခဲ့သည်။

ယခုဗီဒီယိုတွင်လည်း ယခင် ဗီဒီယိုများ နည်းတူ ခေါင်းဖြတ်ခြင်းကို ပြသခဲ့ခြင်း မရှိသော်လည်း ခေါင်းဖြတ်ရန် အတွက် ဂျီဟတ်ဒီဂျွန်က အနားကပ်သွား ပုံနှင့် မြေပေါ်တွင် လဲကျနေသည့် ဟန်းနင်း၏ သက်မဲ့ ခန္ဓာတို့ ပါဝင်သည်။

Ref: Daily Mail
Mizzima

ISIS အစ္စလာမ္မစ် စစ်သွေးကြွများက အီရတ်ကို ဂျုံစစ်ဆင်ရေး ဆင်နွှဲ

ISIS အစ္စလာမ္မစ် စစ်သွေးကြွများက အီရတ်ကို ဂျုံစစ်ဆင်ရေး ဆင်နွှဲ

ဆာလာပေါလစ် ဟာ အီရတ်နိုင်ငံ ထဲမှာ ISIS တွေ သိမ်းပိုက်ထားတဲ့ မိုဆူမြို့ မှာ ဂျုံစိုက်ပျိုး သူပါ။ စက်တင်ဘာ လဆန်းပိုင်းမှာ ISIS ရန်ကို ကြောက်လို့ မိသားစုနဲ့ အတူ ထွက်ပြေး ခဲ့ရပါတယ်။ အီရတ်မှာ နယ်မြေတွေ တစ်ခုပြီး တစ်ခု သိမ်းပိုက်နေတဲ့ ISIS ဟာ ဆာလာ ရဲ့ ဂျုံစိုက်ခင်း ကိုလည်း အလွတ်မပေးခဲ့ ပါဘူး။ ဂျုံစိုက်ခင်းကို စွန့်ခွာ ထွက်ပြေးပြီး နှစ်ပတ်ခန့် အကြာမှာတော့ ISIS ကနေ ဆာလာ ကို ဖုန်းဆက် ပါတယ်။

" ISIS ကပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့ ဂျုံ သိုလှောင်ရုံကို ရောက်နေတယ်။ ခင်ဗျား ခရစ်ယာန် ဘာသာကနေ အစ္စလာမ်ဘာသာ ကို ကူးပြောင်းပြီး ISIS အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅ဝဝ သွင်းမယ် ဆိုရင် ခင်ဗျားကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့စေရ ပါဘူး ... '' လို့ ဖုန်းနဲ့ ပြောတာကို ဆာလာ က ငြင်းလိုက်တော့ ''ဒါဆိုလဲ ခင်ဗျားရဲ့ဂျုံတွေအားလုံး သိမ်းရ ပါလိမ့်မယ်လို့ ... '' ပြောပြီး ဆာလာ နဲ့ မိသားတစ်စု စိုက်ပျိုးပြီး ရိတ်သိမ်း ထားတဲ့ ဂျုံတွေ အားလုံးကို ယူသွား ပါတယ်။

ဆာလာ လိုပဲ စစ်ဘေး ကြောက်လို့ ထွက်ပြေးသွားတဲ့ လယ်သမား တွေလဲ အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွက် ISIS ဟာ အီရတ်နိုင်ငံကို အငတ်ဘေး ဆိုက်အောင် ဂျုံစစ်ဆင်ရေး လုပ်နေပြီဆိုတာ ထင်ရှား ပါတယ်။ အခုဆိုရင် အီရတ်နိုင်ငံ ရဲ့ နှစ်စဉ်ထွက်ဂျုံ စုစုပေါင်း ပမာဏရဲ့ ၄ဝ ရာခိုင်နှုန်း ဟာ ISIS လက်ထဲ ရောက်နေပါပြီ။ ISIS ဟာ နယ်မြေတွေကို သိမ်းပိုက်ရုံတင် မက ကောက်ပဲသီးနှံ တွေနဲ့ ရေနံလို သယံဇာတ ပစ္စည်း တွေကိုလဲ လက်ဝါးကြီးအုပ် နေပါပြီ။

ISIS ဟာ ဂျုံကို စိတ်ကြိုယ် ခြယ်လှယ်ပြီး ငွေရမယ့် လမ်းစတွေ ထွင်နေပါတယ်။ သူတို့နဲ့ ဘာသာရေး ပြိုင်ဘက်တွေ ဖြစ်တဲ့ ခရစ်ယာန်နဲ့ ယာဇီဒီ လူနည်းစု တွေကို ဂျုံလိုပင်မ အစားအစာ ဖြတ်တောက် ထားသလို သူတို့နဲ့ ပေါင်းစပ်ထားတဲ့ ဆွန်နီ မွတ်ဆလင် တွေကိုလဲ ဂျုံနဲ့ပဲ ထိန်းထားပါတယ်။ အီရတ်နိုင်ငံရဲ့ မြောက်ပိုင်း ထမင်းအိုးလို့ ခေါ်လို့ရတဲ့ ဂျုံစိုက်ခင်း တွေမှာ ISIS က သူ့လူတွေ လွှတ်ထားပြီး ဂျုံရောင်းဝယ် ဖောက်ကားမှု မှန်သမျှကို ထိန်းချုပ်ထား ပါတယ်။

ဒါဟာလဲ ISIS ဟာ Al Qaeda ထက် ကြောက်ဖို့ ကောင်းရတဲ့ အကြောင်းရင်း တွေထဲက တစ်ခုပါပဲ။ ISIS ဟာ Al Qaeda ကနေ ပေါက်ဖွား လာတယ် ဆိုပေမယ့် Al Qaeda ဟာ အသေခံ ဗုံးဖောက်ခွဲဖို့၊ ချုံခို တိုက်ခိုက်ဖို့ပဲ အာရုံစိုက် ပါတယ်။ ISIS စစ်သွေးကြွ တွေကတော့ သူတို့ကို သူတို့ အစိုးရတပ်ဖွဲ့ လို့လဲ ခံယူထားပုံ ရပါတယ်။

ISIS ဟာ အီရတ်နိုင်ငံ မှာပဲ ဂျုံကို လက်ဝါးကြီးအုပ် ထားတာ မဟုတ်ပါဘူး။ ဆီးရီးယားမှာလဲ ဂျုံစိုက်ခင်း သုံးပုံတစ်ပုံ လောက်ကို အပိုင်စီး ထားပြီးပါပြီ။ ဂျုံရောင်းရငွေ အပြင် လုပ်ငန်းရှင်တွေ ဆီကနေ အခွန်လဲ ကောက်ပါတယ်။ အနောက်တိုင်း သားတွေကို လုယက်တာ၊ ဓားစာခံ ဖမ်းတာတွေ အမြဲ လုပ်နေပြီး ပြည်တွင်း ရေနံထုတ်လုပ်မှု ကိုပါ အပိုင်စီး ထားပါတယ်။ ISIS ဟာရေနံ ရောင်းဝယ်မှု ကနေ လစဉ် အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ရနေလို့သာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုကြီး ကို ဆက်လက် ခုခံဖို့ လူသူ လက်နက် အင်အားတွေ ရှိနေသေး တာပါ။ ဒါကြောင့်လဲ မဟာမိတ် တပ်ပေါင်းစုက အဲဒီ ရေနံသန့်စင် စက်ရုံတွေကို သဲကြီးမဲကြီး ဖျက်ဆီး နေတာ ဖြစ်ပါတယ်။

ISIS တွေဟာ လယ်ယာမြေ တွေကနေ ဂျုံတွေကိုပဲ သိမ်းတာ မဟုတ်ပါဘူး။ တွေ့တွေ့သမျှ အသားစား၊ နို့စား တိရစ္ဆာန်တွေ ကိုလဲ ယူပါတယ်။ သြဂုတ်လ အစောပိုင်း ကဆိုရင် ဂျုံစိုက်ခင်း တစ်ခုကနေ ရိတ်သိမ်းပြီးဂျုံ ၅၄ တန် ယူသွားသလို ကြက် အကောင်ရေ ၂ဝဝ နဲ့ ခို ၃၆ ကောင်ကိုပါ ယူသွား ခဲ့တာပါ။ ဒါ့အပြင် မီးစက်၊ ကားလို အဖိုးတန် ပစ္စည်း တွေကိုလဲ တွေ့မရှောင် အကုန်ယူ သွားလေ့ ရှိပါတယ်။ လမ်း တစ်လျှောက် မှာလဲ မြေမြှုပ်မိုင်းတွေ ထောင်ထား ခဲ့တတ်ကြတဲ့ အတွက် ဒေသခံ တပ်ဖွဲ့က ပြန်သိမ်းပိုက် ပြီးတဲ့ မြို့ရွာတွေ ကိုတောင် လူထုက မပြန်ရဲ ပါဘူး။ မြေမြှုပ်မိုင်း ရန်ကို ကြောက်လို့ပါ။ ဒီလို အောင်မြင် ဖြစ်ထွန်းတဲ့ ဂျုံစိုက်ခင်းတွေ ဖြစ်လာဖို့ တောင်သူတွေက အနှစ် ၂ဝ လောက် ကြိုးပမ်းခဲ့ ရပါတယ်။ အခုတော့ ISIS က ရက်ပိုင်း အတွင်း ဒါတွေကို အပိုင်စီး လိုက်တာပါ။ တောင်သူများ အဖို့တော့ ဘဝကို သုညကနေ ပြန်စရ ပါတော့မယ်။

၁၉၉ဝ ပြည့်နှစ်မှာ အီရတ်သမ္မတေ ဟာင်း ဆက်ဒမ်ဟူစိန် က ကူဝိတ် ကို ကျူးကျော် ဝင်ရောက်ခဲ့လို့ အမေရိကန်နဲ့ မဟာမိတ်များရဲ့ ထိုးစစ် ဆင်နွှဲမှုကို ခံခဲ့ရသလို နောက်ပိုင်း စီးပွားရေး ပိတ်ဆို့မှုကိုလဲ ပြင်းပြင်း ထန်ထန် ခံခဲ့ ရပါတယ်။ ဒီတော့ ဟူစိန်ကလဲ အီရတ် နိုင်ငံမှာ အစားအသောက် ခွဲဝေရေး စနစ်ကို တင်းတင်း ကျပ်ကျပ် ထုတ်ပြန်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂ ရဲ့အစားအစာ နှင့် ရေနံ လဲလှယ်တဲ့ စနစ်ကို လက်ခံကျင့်သုံး ခဲ့ပါတယ်။ အဲဒီတုန်း ကတည်းက အီရတ်ပြည်သူ သုံးပုံနှစ်ပုံ ခန့်ဟာ ကုလသမဂ္ဂ ရဲ့ ရေနံအစားပေး အစားအစာ ရယူခြင်း စနစ်နဲ့ပဲ ၂ဝဝ၃ ခုနှစ်အထိ ရှင်သန်ခဲ့ ရပါတယ်။

အခု နောက်ပိုင်း အထိကို အီရတ်နိုင်ငံမှာ အစားအသောက် ခွဲဝေမှု အချိုးအစား မညီမျှတဲ့ ပြဿနာ ရှိနေ ပါသေးတယ်။ အီရတ်ပြည်သူ လေးပုံ တစ်ပုံခန့် ဟာ အစိုးရက ခွဲဝေပေးတဲ့ အစားအစာ အပေါ် မှီခို နေရဆဲ ဖြစ်နေပေမယ့် နောက်ထပ် လေးပုံတစ်ပုံ လောက်မှာတော့ အစားအစာ တွေက အလျှံပယ် ဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဂျုံကို ထိန်းချုပ်လိုက် နိုင်တဲ့ ISIS ရဲ့ သြဇာအာဏာ ကြီးထွား လာတာ မဆန်းပါဘူး။ ISIS ဟာ တီဂရစ်မြစ် တစ်လျှောက် နိုင်နာဗေ ပြည်နယ်ထဲက ဂျုံစိုက်ခင်း ကိုးခုလုံးကို ထိန်းချုပ် ပါတယ်။ ဒီပြည်နယ်ရဲ့ မြို့တော် မိုဆူကို သိမ်းပိုက် ပြီးတော့ သုံးလအတွင်းမှာ ISIS က အတင်းအဓမ္မ သိမ်းပိုက်ခဲ့တဲ့ ဂျုံတန်ချိန်ပေါင်း သောင်းနဲ့ချီ ရှိနေပါတယ်။ ဒီလောက်နဲ့ မကျေနပ်သေးဘဲ ISIS ဟာ သြဂုတ် ၇ ရက်မှာ မာ့ခ်မာမြို့ ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ ပါတယ်။ မာ့ခ်မာမှာ ဂျုံတန်ချိန် ၂၅ဝဝဝဝ ထွက်တဲ့ စိုက်ခင်းတွေ ရှိပါတယ်။ ဒါဟာ အီရတ် တစ်နိုင်ငံလုံး ရဲ့ နှစ်စဉ် ဂျုံစိုက်ပျိုး ထုတ်လုပ်မှု ရဲ့ ရှစ်ရာခိုင်နှုန်း နီးနီး ရှိပါတယ်။

ISIS ရဲ့ဂျုံစစ်ဆင်ရေး ဟာ အောင်မြင်တယ်လို့ ဆိုရမှာပါ။ အခုကိုပဲ အဲဒီဂျုံကို စိုက်ခဲ့တဲ့ မြို့သူမြို့သား တွေ ကိုယ်တိုင်က သူတို့စိုက်ခဲ့တဲ့ ဂျုံကို သူတို့ပြန်ပြီး ဈေးကြီးပေး ဝယ်နေ ရပါတယ်။ ဒါ့အပြင် နောက်လိုက် ဆွန်နီ မွတ်ဆလင် များကလဲ မလှန်ရဲ ပါဘူး။ လက်နက် အင်အား ဘယ်လောက် ကောင်းကောင်း အစားအသောက် တော့ နေ့စဉ် သုံးကြိမ် လိုနေတာမို့ ဂျုံပုံပေါ် ထိုင်နေတဲ့ ISIS ပြောသလိုပဲ ဆွန်နီတွေက လုပ်နေရ တာပါ။

ISIS တွေက ဂျုံအဝယ်ဒိုင် တွေလဲဖွင့်ထားပြီး ဘယ်သူ လာရောင်းရောင်း အစစ်အဆေး အမေးအမြန်း မရှိ ဝယ်ပါတယ်။ ဈေးကိုသူတို့ စိတ်ကြိုက် နှိမ်ပြီးပေးတာ တစ်ခုပါပဲ။ ဒီတော့ တောင်သူတွေမှာ အဆမတန် နှိမ်ထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချ ရပါတယ်။ မရောင်းရင် သူတို့က သိမ်းမှာပဲလေ။ အစိုးရကို ယူသွားရောင်းဖို့ ကလဲ ISIS ထိန်းချုပ်တဲ့ နယ်မြေ ဖြစ်နေလေတော့ ဂျုံတစ်ပွင့် ကိုတောင် ISIS မသိဘဲ ထုတ်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ဒါ့ပြင် ISIS တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ သူတို့ သိမ်းပိုက်ခဲ့တဲ့ နယ်မြေ တွေထဲက သုံးလို့ရတဲ့ အဆောက်အအုံ နဲ့ ယန္တရား တစ်ခုကိုမှ မဖျက်ဆီး ခဲ့ပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ဆည်၊ ကား၊ စိုက်ခင်း၊ မွေးမြူရေးခြံ အားလုံးကို သူတို့က ဆက်လက် ကြီးကြပ် လုပ်ကိုင် စေတာပါ။

ISIS ဆိုတဲ့ အစ္စလာမ် နိုင်ငံတော် စစ်သွေးကြွ တွေဟာ နာမည်နဲ့ လိုက်အောင် ကိုယ်ပိုင် နိုင်ငံတော် တည်ဆောက်ဖို့ကို မဟာမိတ် တိုက်လေယာဉ် တွေ အဆက်မပြတ် ပစ်ခတ်နေတဲ့ ကြားက ကြိုးပမ်းနေဆဲ ဖြစ်ပါကြောင်း လေ့လာရေးသား တင်ပြ လိုက်ရ ပါတယ်။
PyiChitThar

လေကြောင်းတိုက်ခိုက်မှုကြားမှ IS က ဆီးရီးယားနယ်စပ်မြို့ တစ်မြို့ ကို သိမ်းပိုက်

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ကာ ဆီးရီးယားနှင့် အီရတ်နိုင်ငံများအတွင်း IS ပစ်မှတ်များကို ဖျက်ဆီးပစ်နေသော်လည်း IS စစ်သွေးကြွများက တူရကီ နယ်စပ်ရှိ ဆီးရီးယားမြို့ တစ်မြို့ ကို ယနေ့ တွင် ထပ်မံသိမ်းပိုက်လိုက်သည်။ 

ယနေ့ တွင်ပင် ဗြိတိန်နိုင်ငံကလည်း IS ချေမှုန်းရေးတွင်ပါဝင်ရန် သဘောတူညီခဲ့ပြီး အီရတ်နိုင်ငံ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးပစ်ရန် ပါလီမန်အတွင်း ထောက်ခံမဲ ၅၄၂ မဲ၊ ကန့် ကွက်မဲ ၄၃ မဲဖြင့် ဆုံးဖြတ်ချက် ချမှတ် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ 

IS ရဲ့ အန္တရယ်ဟာ ကမ္ဘာရဲ့ အဝေးဖက်ခြမ်းမှာဖြစ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နဲ့  နီးကပ်နေတဲ့ မြေထဲပင် လယ် ကမ်းရိုးတမ်းတစ်လျှောက်မှာ ဖြစ်နေတာပါ။ IS ဟာ ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးတွေကို အန္တရယ်ပေးမယ်လို့  ပြောင်ပြောင်တင်းတင်း ကြော်ငြာထားပါတယ်။ အချိန်မနှောင်းခင် လှုပ်ရှားရပါမယ်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောသည်။ 

ယခုအပတ်အထိ အမေရိကန်နှင့်လက်တွဲကာ IS ချေမှုန်းရေးတိုက်ပွဲဝင်နေသော အနောက်နိုင်ငံမှာ ပြင်သစ်တစ်နိုင် ငံတည်းသာရှိပြီး ၾသစေတ်းလ်၊ နယ်သာလန်၊ ဘယ်လဂျီယံနိုင်ငံတို့ က ယခုအပတ် တနင်္လာနေ့ တွင်မှ IS ချေမှုန်း ရေးတွင် ပါဝင်လာခြင်းဖြစ်ကာ ဒိန်းမတ်နိုင်ငံက ယနေ့ မှ မိမိနိုင်ငံကလည်း တိုက်လေယာဉ်များ စေလွတ်မည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။ 

ဤသို့ အနောက်အင်အားစုပါဝင်လာခြင်းမရှိမှီ IS တိုက်ခိုက်ရေးတွင် အာရပ် နိုင်ငံ များကသာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး IS စစ်သွေးကြွများ အင်အားကြီးလာသည်ကို သိရှိစိုးရိမ်ပြီး ယခုကဲ့သို့  ပူေးပါင်း ချေမှုန်းခြင်းဖြစ်ကြောင်း သိရသည်။ 

အိုဘားမားသည် အီရတ်စစ်မြေပြင်ကို ၂၀၁၁ ခုနှစ်မှစ၍ စွန့် ခွာခဲ့ပြီး ယင်းနှစ်တွင်ပင် ဆီးရီးယား၏ပြည်တွင်းစစ် အရေးကို ကိုင်တွယ်ရင်း အီရတ်၊ဆီးရီးယားအရေးတွင် အလိုအလျှောက် ပါသွားကာ IS စစ်သွေးကြွများနှင့် ထိပ် တိုက်တွေ့ ခဲ့ခြင်းဖြစ်သည်။ 

ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို အယ်လဂျီးရီးယားသူပုန်များက ခေါင်းဖြတ်သတ်ပြခဲ့ပြီးသည့်နောက် ပြင်သစ် နိုင်ငံက IS ချေမှုန်းရေးတွင် ပါဝင်နေခြင်းကို ပြင်သစ်လူထုက တစ်ခဲတက်ထောက်ခံခဲ့ပြီး များမကြာမှီ ပြင်သစ်က ဆီးရီးယားပစ်မှတ်များကိုလည်း ပါဝင်ချေမှုန်းဖွယ် ရှိနေသည်။ 

အခြားဥရောပနိုင်ငံများက စစ်ရေးအကူအညီ တောင်း ခံထားသော အီရတ်နိုင်ငံတွင်းရှိ IS ပစ်မှတ်များကိုသာ တိုက်ခိုက်ရန် သဘောတူထားပြီး ဆီးရီးယားသမ္မတ အာဆာ့ ဒ် က မိမိနိုင်ငံပိုင်နယ်ထဲ အခြားနိုင်ငံစစ်လေယာဉ်များ ပျံသန်းတိုက်ခိုက်မှုကို ခွင့်ပြုခြင်း၊ ဆန့် ကျင်ခြင်း တစ်စုံတရာ မရှိဘဲ တုံဏှိဘာဝေလုပ်နေကြောင်း သိရသည်။ 

အမေရိကန်က အီရတ် IS ပစ်မှတ်များကို စတင်တိုက်ခိုက်နေခဲ့သည်မှာ တစ်လခန့် ရှိနေပြီး ဆီးရီးယားကိုတိုက်ခိုက် နေသည်မှာ ၄ ရက်ခန့် ရှိပြီဖြစ်သည်။ ယခုအခါ IS များသည် ၄င်းတို့ ထိန်းချုပ်သောနယ်မြေများတွင် ကိုယ်ယောင် ဖျောက်နေထိုင်နေကြပြီဖြစ်သည့်အတွက် IS ပစ်မှတ်များကို ရှာဖွေရာတွင်လည်း တစ်စထက်တစ်စ ခက်ခဲလာပြီ ဖြစ်ကြောင်း သိရသည်။

IS အဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်မှု ပိုမိုကျယ်ပြန့်လာနေကြောင်း အမေရိကန်ပြောကြား



အီရတ်မြောက်ပိုင်း ကောင်းကင်ယံတွင် ပျံသန်းနေသည့် အမေရိကန် F-15E တိုက်လေယာဉ်တစ်စီး

မဟာမိတ် နိုင်ငံများ ထပ်မံပူးပေါင်းလာခြင်းနှင့်အတူ ဆီးရီးယားနှင့် အီရတ်တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မှု အရှိန်အဟုန်သည် အဆက်မပြတ် ဖြစ်လုနီးပါး ကျယ်ပြန့် မြင့်တက်လာကြောင်း အမေရိကန်က ကြေညာခဲ့သည်။

အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် ဆီးရီးယားဘက်ခြမ်း၌ပါ တာဝန်ယူရန် ဗြိတိန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နောက်ထပ် နှစ်နိုင်ငံက သဘောတူညီခဲ့သည့်နောက် တိုက်စစ်အရှိန် ပိုမိုမြင့်တက်လာမည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အီရတ်မြောက်ပိုင်းကို ထိန်းချုပ်ထားသည့် IS တပ်ဖွဲ့များကို အမေရိကန်က အရှိန်မြှင့် တိုက်ခိုက်နေပြီး ယခုအခါ ဆီးရီးယားဘက်တွင် ဗုံးကြဲရန် တာဝန်ကိုပါ မဟာမိတ်များက ပိုမို မျှဝေယူလာခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ဒိန်းမတ်တို့သည် အမေရိကန်၏ လေကြောင်းထိုးစစ်တွင် ပါဝင်ရန် ကတိပြုခဲ့ကြသည်။ အမေရိကန်သည် ကနဦးက အီရတ်ဘက်တွင်သာ ဗုံးကြဲနေသော်လည်း ယခုအခါ ဆီးရီးယားဘက်တွင် ဗုံးကြဲ တိုက်ခိုက်နေသည်မှာ (၅)ရက်ဆက်တိုက် ရှိလာခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်က မိမိတို့၏ တိုက်လေယာဉ်များသည် ဆီးရီးယားဘက်ခြမ်းရှိ IS ပိုင် ရေနံတွင်းများကို အဓိက ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အောင်မြင်မှုများ ရရှိနေကြောင်း ကြေညာသည်။ စက်တင်ဘာ (၂၆)ရက်တွင် ဆီးရီးယားဘက်၌ တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ် စုစုပေါင်း (၁၉)စီးထိ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွ အဖွဲ့သည် အီရတ်တွင်ရော၊ ဆီးရီးယားတွင်ပါ ၎င်းတို့၏ အင်အားကို ဖြိုဖျက်နေသည့် ဗုံးကြဲတိုက်ခိုက်မှုများကို ကြုံနေရသည်။ အမေရိကန်နှင့်အတူ ဘာရိန်း၊ ပြင်သစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ UAE နိုင်ငံများမှ တိုက်လေယာဉ်များသည် IS အဖွဲ့၏ ပစ်မှတ်များကို တိတိကျကျ ချေမှုန်းခဲ့ပြီး ဖြစ်သလို နယ်သာလန်ကလည်း F-16 တိုက်လေယာဉ် (၁၆)စီးကို အီရတ်သို့ ပို့ဆောင်ပေးထားသည်။

_Ref: Channelnewsasia

အိုင်အက်စ်အဖွဲ့ကို လေကြောင်းဖြင့် တိုက်ခိုက်ရန် ဗြိတိန် လွှတ်တော်အတည်ပြုလိုက်ပြီ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်သွားဖို့ ဗြိတိန် လွှတ်တော်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဗြိတိသျ လေတပ်ကလည်း အမေရိကန် ခေါင်းဆောင်တဲ့ စစ်ဆင်ရေးမှာ ချက်ချင်း ပူးပေါင်းဖို့အတွက် လမ်းပွင့်သွားပါပြီ။

အီရတ်မြေပေါ်မှာ လေကြောင်း စစ်ဆင်တဲ့အခါ သုံးဖို့အတွက် ဆိုက်ပရက်စ်မှာ အခြေစိုက်တဲ့ ဗုံးကျဲ လေယာဉ် ၆ စင်းကို ဒီမတိုင်ခင်ကတည်းက အသင့်အနေအထားနဲ့ ပြင်ဆင်ထားတာပါ။

ဓာတ်ပုံ – ရိုက်တာအီရတ်စစ်ဆင်ရေးမှာ ဗြိတိန်ကလည်း အကူအညီပေးဖို့ အီရတ်အစိုးရဆီက တရားဝင် ပန်ကြားခဲ့တဲ့နောက်မှာ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ရပ်နားထားတဲ့ လွှတ်တော်ကို ဆင့်ခေါ်ပြီး ဆွေးနွေးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။



ထောက်ခံမဲ ၅၀၄ မဲနဲ့ ကန့်ကွက်မဲ ၄၃ မဲ ရရှိတယ်လို့ လွှတ်တော် သဘာပတိက ကြေညာပါတယ်။ ဒီမတိုင်ခင်မှာတော့ ၀န်ကြီးချုပ်က အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုက်အက်စစ် စစ်သွေးကြွတွေကို မတားဆီးနိုင်ရင် သူတို့ရဲ့ အစ္စလာမ္မစ် နိုင်ငံတော်ဟာ မြေထဲပင်လယ်ကမ်းခြေဒေသအထိ ရောက်လာပြီး နေတိုး အဖွဲ့ဝင်တနိုင်ရဲ့ နယ်စပ်နားကို ရောက်လာလိမ့်မယ်။ ဒါတင်မက ဗြိတိန်နိုင်ငံနဲ့ ပြည်သူတွေကို တိုက်ခိုက်မယ်ဆိုတာကိုလည်း ခြိမ်းခြောက်ထားတဲ့အဖွဲ့ဖြစ်တယ်လို့ သတိပေးရင် စစ်ဆင်ရေးကို ထောက်ခံကြဖို့ ဆော်သြခဲ့ ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့အထိ အမေရိကန် ခေါင်းဆောင်တဲ့ စစ်ဆင်ရေးမှာ ပြင်သစ်တနိုင်ငံ ပဲ ပူးပေါင်း စစ်ဆင်နေရာက စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ သြစတြေးလျ၊ ဘယ်လဂျီယံ၊ နယ်သာလန်တို့လည်း ပူးပေါင်းပါဝင်လာပါတယ်။ အခုနောက်ဆုံး ဗြိတိန်က စစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်သလို ဒိန်းမတ်ကလည်း လေယာဉ်တွေ စေလွှတ်မယ်လို့ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။

အမေရိကန်က ဆီရီးယားနဲ့ အီရတ်မှာ လေကြောင်း စစ်ဆင်နေပေမယ့် အခုအထိ ဥရောပ နိုင်ငံတွေက အီရတ်မြေပေါ်မှာပဲ စစ်ဆင်ဖို့ သဘောတူထားပါတယ်။ ဆီရီးယား မြေပေါ်မှာ လေကြောင်း စစ်ဆင်ရေးကို သမ္မတ ဘာရှား အယ် အဆတ်က တရားဝင် ခွင့်မပြုသလို ကန့်ကွက်တာတော့ မရှိပါဘူး။

အီရတ်မြေပေါ်မှာ အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေးဟာ တလကျော်ရှိပြီး ဆီရီးယား မြေပေါ်မှာ စစ်ဆင်တာကတော့ ၄ ရက်ပဲ ရှိပါသေးတယ်။

အခုအထိတော့ ဆီရီးယားဘက်ကအခြမ်းက လေကြောင်း စစ်ဆင်ရေးကြောင့် အိုင်အက်စ် အဖွဲ့တွေကို ရှေ့မတိုးနိုင်အောင် မတားဆီးနိုင်သေးပါဘူး။

တူရကီနဲ့ နယ်စပ်က ကာ့ဒ်အနွယ်တွေ နေထိုင်တဲ့ မြို့ကို အိုင်အက်စ် စစ်သွေးကြွတွေက ၀ိုင်းထားဆဲဖြစ်ပါတယ်။ အရင်တပတ်အတွင်း ဆီရီးယားဘက်ကနေ တူရကီဘက်ကို ကာ့ဒ် လူမျိုး ဒုက္ခသည် ၁ သိန်းခွဲဝန်းကျင် ထွက်ပြေးခဲ့ရလို့ ၃ နှစ်ခွဲကြာ ဆီရီးယား ပြည်တွင်းစစ် ကာလမှာ အဆိုးဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။

By ဒီဗွီဘီ

ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး လုပ်သား Alan Henning ကို ပြန်လွှတ်ပေးရန် အယ်လ်ကိုင်ဒါ အဖွဲ့က ISIS စစ်သွေးကြွ အဖွဲ့ကို တောင်းဆို



ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်လျက် ရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုကို တုံ့ပြန်သည့် အနေဖြင့် ထပ်မံ ခေါင်းဖြတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း ခံထားရသည့် ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး လုပ်သား ဖြစ်သူ Alan Henning ကို လူသားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ပြန်လည်လွှတ် ပေးရန် အယ်လ်ကိုင်ဒါ အဖွဲ့က ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ကို တောင်းဆို ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာ တစ်စောင်၏ ဖော်ပြချက် အရ သိရသည်။
အမေရိကန် ပြည်ထောင်စုတွင် အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင် ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံထားရသည့် ဗြိတိန်နိုင်ငံသား Alan Henning ကို ပြန်လည် လွှတ်ပေးရန်နှင့် ၄င်းသည် ဒေသခံပြည်သူများ ဒုက္ခဆင်းရဲ နှင့် ကြုံတွေ့နေရမှု အပေါ် လာရောက် အကူအညီ ပေးအပ်နေသူ တစ်ဦး ဖြစ်သောကြောင့် ၄င်းကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Alan Henning သည် ယခင်က အငှားယာဉ်မောင်း တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံအတွင်း ရှိ ဒုက္ခသည်များ ကို အကူအညီ ပေးရန်အတွက် ဇနီးဖြစ်သူ နှင့် သား၊ သမီးနှစ်ဦးကို ခေါ်ဆောင်၍ ဆီးရီးယား နိုင်ငံ အတွင်းရှိ အယ်လ်ဒါနာမြို့ သို့ လွန်ခဲ့သည့် နှစ်အတွင်းက ရောက်ရှိ လာခဲ့သူ ဖြစ်ကြောင်း သိရသည်။

၎င်းသည် အစ္စလာမ္မစ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို လွန်ခဲ့သည့် ဒီဇင်ဘာလ အတွင်းက ခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းကို ပြန်လည် လွှတ်ပေးရန် တိုက်တွန်း ပြောကြား ထားသည့် အယ်လ်ကိုင်ဒါ အဖွဲ့၏ တောင်းဆိုချက် သည် အဆိုပါ အစ္စလာမ္မစ် စစ်သွေးကြွ များက အနောက်နိုင်ငံ များမှ ဓားစာခံ သုံးဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်း ၏ ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရပြီး နောက်ပိုင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

PyiChitThar