Showing posts with label တိုက်ပွဲသတင်း. Show all posts
Showing posts with label တိုက်ပွဲသတင်း. Show all posts

နိုင်ငံရေးပါတီတွေအထက်မှာ RCSS/SSA ရှိနေသလား?


ရှမ်းပြည်နယ်တောင်ပိုင်းမြို့ရွာတွေမှာ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ RCSS/SSA က တားမြစ်ထားတယ်လို့ ဆိုပါတယ်။ RCSS/SSA က တိုက်ပွဲတွေဖြစ် ပွားနေတဲ့ အတွက် ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေ ၁၆ မြို့နယ်ထဲမှာ မဲဆွယ်စည်းရုံးခွင့်ကို ပိတ်ပင်လိုက်တာပါ။ အဲဒီလို ပိတ်ပင်ထားမှုကြောင့် SNDP၊ SNLD၊ NLD နဲ့ ပြည်ခိုင်ဖြိုး ပါတီတွေဟာ မြို့ပေါ်မှာသာ စည်းရုံး ခွင့်ရပြီး ကျေးရွာတွေထိဆင်းပြီး မဲဆွယ်ခွင့်မရဘူးလို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ ရက်ပေါင်း ၄၀ ကျော်သာလိုပါတော့တယ်။ RCSS/SSA ရဲ့ပိတ်ပင်မှုကြောင့် ပါတီတွေဟာ ကျေးရွာတွေအထိ မဲဆွယ်ခွင့်မရခြင်းဟာ အလွန်ပဲနစ်နာလှ ပါတယ်။
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်၊ ကွန်ဟိန်း၊ မိုင်းပွန်၊ ခိုလမ်စတဲ့ မြို့နယ်တွေထဲမှာ အစိုးရတပ်နဲ့ RCSS/SSA တို့ တိုက်ပွဲတွေဖြစ် ပွားနေတာကြောင့် မဲဆွယ်စည်းရုံးမယ့် ကိုယ်စားလှယ်တွေ ကြောက်ရွံ့ ထိတ်လန့်နေကြ တာအမှန်ပါပဲ။ ဒါပေမယ့် တိုက်ပွဲတွေဟာ အဆက်မပြတ်ဖြစ်နေတာ မဟုတ်တဲ့ အတွက် ကျေးရွာတွေအထိ မဲဆွယ်စည်းရုံး နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမယ့် ကိုယ်စားလှယ် လောင်းတွေကို RCSS/SSA တားမြစ်တာကတော့ သံသယဖြစ်စရာပါ။ အစိုးရတပ်ကတော့ မဲဆွယ်မယ့် ကိုယ်စားလှယ်တွေ မဆင်းပါနဲ့လို့ ပြောဆိုထားတာမရှိပါဘူး။ ဒီတော့ တိုက်ပွဲတွေကို အစပျိုးနေတာ RCSS/SSA အဖွဲ့ ခြေချင်းလိမ်နေပါတယ်။
ဘိန်းဆက်ကြေးကောက်တယ်၊ ဘိန်းစိမ်းတွေကို ဈေးပေါင်ကျိုးနဲ့ ၀ယ်ပြီး ပြန်ချက် တယ်၊ ပြီးရင် ဆေးပြားထုတ်ပြီး ဖြန့်ဖြူးရောင်းချတယ်။ ဒီရာသီမှာအစိုးရတပ်တွေနဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ တွေ ဘိန်းဖျက်တဲ့အချိန်ရောက်လာပါပြီ။ ဌာနဆိုင်ရာတွေ မလာနိုင်အောင် RCSS/SSA က အစိုးရတပ်တွေကို စတင်ပစ်ခတ်တိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်ရတာပါ။
မဲဆွယ်မယ့် ကိုယ်စားလှယ်တွေအန္တရာယ်ရှိမှာကို RCSS/SSA က စိုးရိမ်တာမဟုတ်ပါဘူး။ အစိုးရတပ်တွေ ဘိန်းလာဖျက်ရင် RCSS/SSA စားပေါက်ပိတ်သွားမှာကြောက်လို့ တိုက်ပွဲမဖြစ် ဖြစ်အောင်ကြံစည်တာပါ။ တိုက်ပွဲဖြစ်လို့ ကိုယ်စားလှယ်လောင်းတွေ ရွာတွေဆီမလာနိုင်ရင် သူတို့ ဘိန်းဆက်ကြေးကောက်၊ ဘိန်းမှောင်ခို ကူးနေတာတွေလည်း မသိတော့ဘူး။ အဓိက အခုချိန်မှာ ရွာတွေဆီ အစိုးရတပ်တွေရော မဲဆွယ်မယ့် ကိုယ်စား လှယ်တွေပါမလာစေချင်တာ။ RCSS/SSA အတွက် ငွေသိန်းပေါင်းထောင် ချီရမယ့် ဘိန်းရာသီမို့ အသည်း အသန် တားမြစ်နေတာပါ။
အဲဒီအဖြစ်မှန်ကို လွိုင်လင်ခရိုင်ထဲမှာနေတဲ့ ဒေသခံတိုင်း သိကြပါတယ်။ လွိုင်လင်ခရိုင်ထဲမှာ လွိုင်လင်မြို့၊ ကွန်ဟိန်းမြို့၊ နမ့်စန်မြို့၊ မိုင်းရှုးမြို့၊ လဲချားမြို့၊ ကျေးသီးမြို့၊ မိုင်းကိုင်မြို့တွေ ပါဝင်ပါတယ်။ လွယ်လင် - ပင်လုံ - လဲချား - မိုင်းကိုင် ကားလမ်းမကြီး ဘယ်ဘက်ခြမ်း တောင်ကြောတွေပေါ်မှာ ဆိုရင် ဘိန်းခင်းဧက ၈၀၀၀ နီးပါး ရှိတယ်။ အဲဒီတောင်ကြောတွေ ပေါ်မှာ အခုအချိန် RCSS/SSA တပ်ဖွဲ့ဝင်တွေ ရာချီပြီးရောက်နေကြပါပြီ။ အထူး သဖြင့် ပင်လုံမြို့ထဲက ကျေးရွာအုပ်စုတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေဆိုရင် RCSS/SSA အဖွဲ့ရဲ့ နှိပ်စက်မှု ဒဏ်ကို နှစ်စဉ်နှစ်တိုင်း ခံနေရတာပါ။ အဲဒီရွာတွေကို မဲဆွယ်စည်းရုံးမယ့် ကိုယ်စားလှယ်လောင်းတွေ အခုချိန် သွားကြည့်လိုက်ပါလား။ RCSS/SSA ရဲ့ သေနတ်စာမိပြီး ကိစ္စ ပျောက်သွား မှာသေချာပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာ RCSS/SSA ကြောင့်ဆိုတာ ရှင်းပါတယ်။ တိုက်ပွဲတွေ ဗန်းပြ ပြီး မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်လိုက်တာဟာ ပါတီတွေကို ခြိမ်းခြောက်တာနဲ့ အတူတူပါပဲ။ တကယ်ဆိုရင် RCSS/SSA အနေနဲ့ မဲဆွယ်မယ့် ကိုယ်စားလှယ်တွေကို လုံခြုံရေးအာမခံချက်တောင် ပေးသင့်တာ။ ဘာဖြစ်လို့ လဲဆိုတော့ RCSS/SSA ရဲ့ ထိန်းချုပ် နယ်မြေလို့ပြောထားတာကိုး။ အစိုးရတပ်တွေကတော့ မဲဆွယ်မယ့် ကိုယ်စားလှယ်လောင်းတွေက အကူအညီတောင်းလာရင် လုံခြုံရေးလုပ်ပေးဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။ ရွေးကောက်ပွဲအပေါ်အလေးထားပုံချင်း ကွာခြားတာ ကို တွေ့နိုင်ပါ တယ်။
RCSS/SSA ရဲ့ အကြံအစည်က စိုးရိမ်စရာ ကောင်းပါတယ်။ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ထဲက ကျေးရွာ ၈ ရွာကို Black Area အဖြစ် သတ်မှတ်လိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီ Black Area ကိစ္စနဲ့ ပတ်သက်ပြီး ကွန်ဟိန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သူတို့ သတ်မှတ်ထားတာ မရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ဆက်စပ်ပြီး လွိုင်လင်ခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်အားလုံးမှာ Black Area အဖြစ် သတ်မှတ်ထားတာ မရှိသေးတဲ့ အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း စိစစ်တင်ပြပြီးသား ဖြစ်တယ်လို့ လွိုင်လင်ခရိုင် ထွေအုပ်ရုံးမှ ဦးစီးမှူးကလည်း ဆိုပါတယ်။ RCSS/SSA ဟာ Black Area သတ်မှတ်ထားတဲ့ ရွာတွေကို မဲဆွယ်မယ့် ကိုယ်စားလှယ်တွေအနေနဲ့ RCSS/SSA ရန်ကိုကြောက်ပြီး မသွားလို့ကတော့ အဲဒီကျေးရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေအတွက် မဲပေးခွင့် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ RCSS/SSA ရဲ့လှည့်ကွက်အောက် မှာ နိုင်ငံရေးပါတီတွေ ကျရှုံးသွားမလား ဒါမှမဟုတ် အနိုင်ရသွားမလား စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ပြီးတော့ နိုင်ငံရေးပါတီတွေအထက်မှာ RCSS/SSA ရှိနေသလားဆိုတဲ့ ဝေဖန်မှုတွေကို မဲဆွယ်စည်းရုံးမယ့် ပါတီဝင်တွေချေဖျက်ပြသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
-
နိုင်သစ်(တောင်ကြီး)
နေ့စဉ်သတင်းများ

မုံကိုး၌ တပ်မတော် ထိုးစစ်ရပ်၍ တပ်များဆုတ်ခွာနေပြီး မိုးမိတ်နှင့် မန်စီတို့တွင်မူ ဆက်တိုက်နေဆဲ


ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်အတွင်း ထိုးစစ်ဆင်နေသော မြန်မာအစိုးရ စစ်တပ်များ ယမန်နေ့မှ စတင်၍ ပြန်လည် ဆုတ်ခွာသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ်ရေး ထိုးရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

မုံကိုးမြို့နယ်အတွင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ လှုပ်ရှားနေသော လွိုယ်ဂျွန်းဘွမ် (တောင်)သို့ အစိုးရ၏ စကခ ၁၆၊ ရမခ လက်အောက်ခံ တပ်ဖွဲ့များ၊ တပ်မ ၉၉ မှ တပ်ဖွဲ့ အင်အား ၁,၀၀၀ ဝန်းကျင် ထိုးစစ်ဆင်တိုက်ခိုက်နေရာမှ စက်တင်ဘာလ ၂၂ ရက်တွင် ပြန်လည် ဆုတ်ခွာသွားသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ကြောင်း ၎င်းက မဇ္ဈိမကို ပြောသည်။


“မနေ့ကနေ အစိုးရ စစ်တပ်က လွိုင်ဂျွန်ဘွမ် တောင်ရောက်ပြီး လားရှိုးဘက်ကို ပြန်ဆင်းသွားကြပြီ။ တက်လာတာက ၁,၀၀၀ ပတ်ဝန်းကျင် ရှိတယ်။ ခုတော့ စစ်ကြောင်း တစ်ကြောင်းပြီး တစ်ကြောင်း ဆင်းသွား ကြပြီ” ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကို ပြောသည်။

“သူတို့(အစိုးရ) စစ်တပ် ထင်တာက လွိုယ်ဂျွန်ဘွမ်မှာ ကေအိုင်အေရဲ့ တပ် အခိုင်အမာ အခြေချ ထားမယ်လို့ ထင်နေတယ်။ ဒါကြောင့် လွိုင်ဂျွန်ဘွမ်မှာ ရှိတဲ့ ကျနော်တို့ တပ်ကို လာတိုက်ဖို့လာတာ။ အဲဒါ ကျနော်တို့ တပ်လည်း ဘာမှ မရှိဘူးဆိုတော့ သူတို့ပြန်ဆုတ်သွားတဲ့သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

အစိုးရဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း(NCA) ကို လက်မှတ်ရေး ထိုးစေလို သဖြင့် KIA အား စစ်ရေးဖြင့် ဖိအားပေးလာခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က သုံးသပ်သည်။

စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ အစိုးရ စစ်တပ်က KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄၊ ၃၆၊ ၃၈၊ ၃၉ နယ်မြေရှိရာ မုံကိုးမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။

မိုးမိတ်မြို့နယ်အတွင်း ကေအိုင်အေ တပ်ရင်း ၃၄ ရှိရာတွင်လည်း အစိုးရ စစ်တပ်၏ တပ်မ ၇၇၊ ၈၈ တပ်ဖွဲ့များ အင်အား ၂၀၀ ဝန်းကျင်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

အလားတူ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်ဘက်မှ အင်အား ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“နှစ်ဘက် လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်နေကြတယ်။ ဒီမနက် ၁၁ နာရီမှာ သူတို့ တက်လာလို့ ကျနော်တို့ ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်တယ်။ ဒီညနေ စစ်ကူတက်လာ၊ မိုင်းခေါင် ဘက်တက် လာတယ်လို့ ပြောတယ်။ ခု ဘယ်ရောက်နေလဲဆိုတာတော့ မသိဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် မန်စီမြို့နယ်တွင်းရှိ လိုင်ကာဇွပ်ဂျာ၊၊ မုန်းလူ၊ ဂျေဆောင်၊ ဖဂါရိုင်နှင့် ကုန်းခါးပါ စသည့် ကျေးရွာ ၅ ရွာမှ ရွာသားပေါင်း ၂၀၀ ကျော်သည် မိုင်းခေါင်ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ကချင်မှာ တိုက်ပွဲပြင်းထန်၊ ရှမ်း SSA၊ တအာင်း TNLA တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံ ၂၀၀ လောက်က မိုင်းခေါင်ကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲက ပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဂျေဆွမ်း၊ လိုင်ကာနဲ့ မုန်းလူး စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၆၀လောက်ဟာ ထွက်ပြေးလာကြတာဖြစ်တယ်လို့ မိုင်းခေါင်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးနော်မိုင်က ပြောပါတယ်။

"အခြေအနေက နှစ်ဘက်စလုံး တင်းမာနေတယ်၊ လက်နက်ကြီးနဲ့ ၂၁ လုံးထုတယ်၊ အခု မိုင်းခေါင်ရွာထိပ်မှာ စစ်တပ်ဘက်က ပစ်တယ်၊ အခုလည်းပစ်နေတုန်းဆိုတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ကျနော်တို့ မသိတော့ဘူး၊ ကျနော်တို့က နေစရာလည်းမရှိ တအားဒုက္ခရောက်နေတာပေါ့၊ စားစရာလည်းမရှိ ပြေးလာတဲ့ လူတွေချည်းပဲဆိုတော့ ချက်ပြုတ်စားမယ့် အနေအထားမှာလည်း တအားခက်ခဲနေပါတယ်၊ အိမ်ထောင်စုကတော့ ၆ဝ လောက်ရှိပါတယ်၊ လူအင်အားက ၂ဝဝ ရှိပါတယ်"

အစိုးရတပ်မတော် ခလရ ၁၅၊ ခလရ ၈၆ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ တိုက်ပွဲဖြစ်နေတာပါ။ အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဒေသအခြေစိုက် အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ-၇ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးကို ကေအိုင်အေတပ်ရင်း ၆ တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့လို့ နှစ်ဘက်စစ်ရေးတင်းမာခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေ ဟာ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တွေနဲ့ အစိုးရတပ်တွေဟာလည်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese

မန်စီတွင် တိုက်ပွဲများပြန်ဖြစ်၊ ဒုက္ခသည် ၂၀၀ ဝန်းကျင် တိမ်းရှောင်နေရ


ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း အစိုးရ တပ်မတော် နှင့် ကချင်လွတ် လပ်ရေး တပ်မတော်(KIA) တို့ ယခုရက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွား၍ ဒုက္ခသည် ၂၀၀ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု စုံစမ်းသိရှိ ရသည်။


အဆိုပါ တိုက်ပွဲသည် မန်စီမြို့နယ် မိုင်းခေါင် ကျေးရွာ အနီး လိုင်ကာ၊ ဇွပ်ရွာ ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်မှစတင်ကာ ယနေ့နံနက်အထိ ဖြစ်ပွား ခဲ့ကြောင်း၊ ဒုက္ခသည်များသည် မိုင်းခေါင် ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်ရှောင်နေရကြောင်း၊ တိမ်းရှောင် လာ သည့် ဒုက္ခသည်များအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ ကြောင်း ကချင် နှစ်ခြင်း အသင်းတော် အဖွဲ့ချုပ်(KBC) မှ ဒုက္ခသည်များကို ကူညီနေသည့် ဆရာ ဦး လဂျာ က ဧရာဝတီသို့ ပြောသည်။

“ပိတ်မိနေတဲ့ ရွာသား ၁၈၂ ယောက် ကို မနေ့ကညနေ ကယ်နိုင်ခဲ့ပါတယ်။ ဒီနေ့ မနက် ၆နာရီ ကနေ ၁၀ နာရီခွဲထိ ဖြစ်တယ်။ တော လမ်းက နေခေါ် ထုတ်ခဲ့ပါတယ်။ သူတို့ကို မိုင်းခေါင် KBC ကမ့်(စခန်း)နဲ့ မိုင်းခေါင် RC ကမ့်မှာ ထားပါတယ်။ တိုက်ပွဲတွေနဲ့ ပတ် သက် ပြီး သက်ဆိုင်ရာကိုတော့ တင်ပြ ထားပါတယ်”ဟုလည်း ဦးလဂျာ က ဆိုသည်။

ယင်းတိုက်ပွဲ ဖြစ်ပွားသည် နေရာသည် မိုင်းခေါင် နှင့် ၅ ဖာလုံ ခန့်သာဝေး ကြောင်း၊ တိုက်ပွဲများထပ်မံ ဖြစ်ပွားပါက အနီးရှိ ကျေးရွာ များအတွက် စိုးရိမ်ရကြောင်း၊ KBC အနေဖြင့် ပြည်သူလူထုကို လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ အတတ်နိုင်ဆုံးကြိုးစားသွားမည် ဖြစ်ကြောင်းလည်း KBC ၏ ပြောရေးဆိုခွင့်ရှိသူ အသင်းတော်ဆရာ ခလမ်ဆွမ်ဆန်က ပြောသည်။

“မိုင်းခေါင် ဘက်မှာကို ကျနော်တို့ အစားအသောက်တွေပို့ဖို့ အစည်းအဝေး တွေထိုင်နေပါတယ်။ လူတွေကတော့ ထိခိုက်တာတွေ မရှိ ပါဘူး။ လောလော ဆယ် စားသောက်ဖို့ ပို့ဖို့ပဲ ရှိပါတယ်”ဟု အသင်းတော် ဆရာ ခလမ်ဆွမ်ဆန် က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် မုံးပေါ် ဘက်တွင်လည်း ယခုရက် ပိုင်းအတွင်း အစိုးရတပ်နှင့် KIAတို့ တိုက်ပွဲများဖြစ်ပွားကာ စစ်ရှောင်ဒုက္ခ သည် ၂၀၀ ကျော် နယ်စပ် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခိုလှုံနေရ ကြောင်း၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ မှုကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု(NCA)ကို လူထုက ယုံကြည်မှု လျော့နေည်းစေကြောင်းကိုလည်း ဆရာ ခလမ်ဆွမ်ဆန် က ဆက်ပြောသည်။

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင် ကလည်း“ထိုးစစ်တွေ တောက်လျှောက်တွေ ဖြစ်လာတယ်။ ကျနော်တို့အနေနဲ့ ညှိနှိုင်းတာကလွှဲပြီး ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။

ငြိမ်းချမ်းရေးအတွက်အရေးကြီးနေတဲ့အချိန်မှာ ဒီလို တိုက်ပွဲတွေဖြစ်နေတာ ကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတိုက်ပွဲ အခြေအနေသည် တင်းမာနေကြောင်း၊ အားလုံး ပါဝင်လက် မှတ်ရေးထိုးသည့် ငြိမ်းချမ်းရေးကို မျှော်လင့်နေကြောင်း၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ တိုးလာကြောင်း ကိုလည်း ကချင် စစ်ဘေးရှောင် ဒုက္ခသည် များကို ကူညီနေသည့် အဖွဲ့များက ပြောဆိုသည်။

ယခုနှစ် မေလ အတွင်းကလည်း မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် အစိုးရ တပ်မတော်က ဂျက်ရဟတ်ယာဉ် အသုံးပြု၍ တိုက် ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့ကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစတင်ပြီး တိုက်ပွဲများ ယနေ့ချိန် အထိ ဆက် တိုက် ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရသည်။

ဧရာဝတီ

ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာပြန်


ရှမ်းပြည်တောင်ပိုင်း နမ်ဆန် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ အကြား အခုရက် ပိုင်း ထဲမှာပဲ တိုက်ပွဲတွေ ဖြစ်ပေါ် လာခဲ့ ပြန်ပါတယ်။

RCSS/SSA အခြေစိုက်ရာ ဒေသ ကို အစိုးရ တပ် ခလရ ၅၁၆ က အင်အား ၄၀ လောက် ရှိတဲ့ စစ်ကြောင်း ဝင်ရောက် လာတဲ့ အတွက် ကူမုမ်နဲ့ လွိုင်လင်း ကြား တောလမ်း မှာ ထိတွေ့ ပစ်ခတ် မှု တွေ ဖြစ်ပေါ် ခဲ့တယ် လို့ RCSS/SSA က ပြောပါတယ်။


ရွေးကောက်ပွဲကြို ကာလ မှာ အစိုးရတပ် ဘက် ကနေ နယ်မြေလုံခြုံရေး၊ နယ်မြေ ရှင်းလင်းရေး ဆိုတဲ့ အကြောင်းပြချက် တွေ နဲ့ လူမျိုးစု လက်နက်ကိုင် တွေ အခြေချရာ တောတောင် တွေ ထဲမှာ လိုက်လံ တိုက်ခိုက် နေတယ် ဆိုပြီး RCSS/SSA ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှုးကြီး စိုင်းမိန်းက ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကတော့ စက်တင်ဘာ ၂၁ ရက် နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ တော့ တိုင်းရင်းသား ဒေသတွေ မှာ တိုက်ပွဲ တွေ ပေါ်ပေါက် နေရတာ နဲ့ ပတ်သက်ပြီး လူမျိုးစု လက်နက်ကိုင် တွေ အနေနဲ့ သူတို့ နယ်မြေ မဟုတ်တဲ့ နေရာ တွေ ကို ဝင်လာ တဲ့ အတွက် တိုက်ပွဲ ဖြစ်ရတာ လို့ ပြောခဲ့ ပါတယ်။

အစိုးရ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အခုလို ပြောကြား မှု အပေါ် မြို့ပေါ် နေရာတွေ မှာပါ တရားဝင် ဆက်ဆံရေး တွေ ဖွင့်လှစ် ထားတဲ့ RCSS/SSA က ငြင်းပယ် လိုက်ပြီး နှစ် ဘက် စစ်ကြောင်း လှုပ်ရှား မှု တွေ ကို အပြန်အလှန် အသိပေး ညှိနှိုင်း ဆောင်ရွက်ရင် တိုက်ပွဲ တွေ ဖြစ်ပေါ် လာစရာ မရှိ ဘူး လို့ ပြောပါတယ်။

ဒါ့အပြင် အခု ပေါ်ပေါက် လာတဲ့ တိုက်ပွဲ တွေဟာ အစိုးရ ဘက်က စီမံချက် နဲ့ ဆောင်ရွက် နေတာ ဖြစ်တယ် လို့လည်း ဒုဗိုလ်မှုးကြီး စိုင်းမိန်းက စွပ်စွဲ ပြောဆိုပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA လက်မှတ် ထိုး နိုင်ဖို့ ကြိုးစား နေကြ တုန်းမှာပဲ ကချင် ပြည်နယ် နဲ့ ရှမ်းပြည်နယ် ထဲ က နေရာ တချို့ မှာ အစိုးရ စစ်တပ် နဲ့ ကချင် လက်နက်ကိုင် KIA၊ ရှမ်းလက်နက်ကိုင် RCSS/SSA နဲ့ တအာင်းပလောင် လက်နက်ကိုင် TNLA တို့ နဲ့ အကြား တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပေါ် လာနေတာ ဖြစ်ပါတယ်။
BBC

ကိုးကန့်သောင်းကျန်းသူ အဖွဲ့များက ကုန်းကြမ်းမြို့ရှိ တပ်ရင်းဌာနချုပ် နှင့် လောက်ကိုင်မြို့တွင်း သို့ အဝေးမှ နှောင့်ယှက်ပစ်ခတ် ၊ ကုန်းကြမ်း- လောက်ကိုင် ကားလမ်းမိုင်တိုင် (၂၃)အနီးရှိ တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်



နေပြည်တော် ၊ ၂၆-၂-၂၀၁၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့တွင် ရှိသော နယ်မြေခံ တပ်ရင်းဌာနချုပ် အား ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့မှ ဒုံးပစ်လောင်ချာ၊ လက်နက်ငယ် များဖြင့် အဝေးမှ လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ ပြန်လည်ပစ်ခတ် ခဲ့သဖြင့် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွား ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။


လောက်ကိုင်မြို့ ပတ်ဝန်းကျင်တွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာ၌ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ များထံမှ အမ်(၂၂) တစ်လက်၊ ကျည် ၂၆ တောင့်နှင့် ကျည်အိမ်တစ်ခု တို့ကို သိမ်းဆည်း ရမိခဲ့သည်။


ကိုးကန့် သောင်းကျန်းသူ အဖွဲ့များသည် လောက်ကိုင်မြို့ အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက် ရှိရာ ယမန်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့် သောင်းကျန်းသူ များက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာ ဘက်မှ လောက်ကိုင် မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ၏ နေအိမ်ဝင်း အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုးကန့် လုံခြုံရေး အဖွဲ့မှ တစ်ဦး သေဆုံး ၍ လေးဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့လက်နက် ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့သော နေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။


ကုန်းကြမ်း- လောက်ကိုင် ကားလမ်းတွင် ဒေသခံပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာ နိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှ စ၍ ကားလမ်း တစ်လျှောက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် မိုင်တိုင် (၂၃)အနီးရှိ ကိုးကန့် သောင်းကျန်းသူများ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၂၁၇၅ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပြီး ဆုတ်ခွာ သွားသော ကိုးကန့် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

Themyawadydaily

လမ်းကြောင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသောတပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွား လက်နက်/ခဲယမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


ကုန်းကြမ်း-လောက်ကိုင်ကားလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိုင်တိုင်အမှတ် (၂၃)အနီး၌ ကိုးကန့်သောင်းကျန်းသူ အင်အားစုအချို့နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှစစ်သည် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရစစ်သည်များအား ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံများသို့ ဆက်လက် ပို့ဆောင်လျက်ရှိသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်မြို့ အနောက်တောင်ဘက်(၂) မိုင်ခန့်အကွာတွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအင်အားစုအချို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများထံမှ တရုတ်စက်လတ် ၁ လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊TNT ယမ်းချောင်းနှင့်တိုက်မိုင်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ လောက်ကိုင်မြို့နှင့်ပါစင်ကျော်ကျေးရွာကြား တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံ ရေး ဆောင်ရွက်စဉ် မာလီရှူးဝါးကျေးရွာအနီး၌ မသင်္ကာဖွယ်တွေ့ရှိသူ တစ်ဦးအား စစ်ဆေးခဲ့ရာ ကိုးကန့် သောင်းကျန်းသူအဖွဲ့၏ အမာခံဖြစ်သူဟု ယူဆရသူ ရှောက်လော်ဟန်၊ ၂၉ နှစ်အား ဖမ်းဆီးရမိပြီး ၎င်းထံမှ တရုတ်-မြန်မာ နယ်နိမိတ်မှတ်တိုင်အမှတ်(၁၄၄)အနီး ကိုးကန့် သောင်းကျန်းသူများ ယာယီအခြေပြုလျက်ရှိသော ဟုန်ဇူထန်ကျေးရွာသို့ သွားရောက်ပို့ဆောင်မည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ဝဝဝ ပြားအား သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ယနေ့မွန်းလွဲပိုင်းတွင် ပါစင်ကျော်ကျေးရွာနှင့်ချင်းရွှေဟော်ကြား ကားလမ်းတစ်လျှောက် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအင်အားစုများ လုံထန်ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူများနောက်သို့ လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
(မြဝတီ)

KIO နှင့် အစိုးရတပ်တို့ ရှမ်းမြောက်တွင် တိုက်ပွဲပြန်ဖြစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ၏ စစ်တပ်နှင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘောကျေးရွာအနီးတွင် စက်တင်ဘာလ ၂၉ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။


ကချင်ပြည်နယ် လိုင်ဇာမြို့အတွင်းလုံခြုံရေးယူထားသည့် ကေအိုင်အေ တပ်သားများအား ဇူလိုင်လ ၂၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

မုန်ဘော် ပြည်သူ့စစ်အခြေစိုက်သည့် နေရာအနီးတွင် အစိုးရ၏ တပ်မ ၈၈ နှင့် KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈တို့ မိနစ် ၃၀ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ တပ်ရင်းမှူး တစ်ဦးက ပြောသည်။

“မနေ့က ညပိုင်း နာရီဝက်လောက်ကြာ မုန်ဘော်ပြည်သူစစ်ရဲ့ကုန်းအနားမှာ တိုက်ပွဲဖြစ်တာ။ ၃၆၊ ၃၈ မုန်ဘော်နယ်မှာ ဖြစ်တာ။ အစိုးရစစ်တပ်က ကျွန်တော်တို့ နယ်မြေထဲ လှုပ်ရှားနေတာကြာပြီ။ သူတို့ ပုံမှန်သွားလာနေတာ မနေ့ကတော့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော မုန်းဘော်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ နီးကပ်စွာ စောင့်ကြည့်နေသဖြင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု အဆိုပါ တပ်ရင်းမှူးက ဆက်ပြောသည်။

“အစိုးရတပ်မတွေ အရမ်းထိုးလာနေပြီ။ ကျွန်တော်တို့ စောင့်ကြည့်နေကြတာ။ သိပ်နီးကပ်လာပြီ။ တိုက်ပွဲဒီညလား မနက်ဖြန်လား ပြန်ဖြစ်နိုင်တယ်။ အစိုးရ စစ်အင်အားက ၁၀၀၀ ဂဏန်းရှိမယ်။ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုတော့ လုပ်နေတယ်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ပြီးခဲ့သည့် ရက်သတ္တပတ် ၃ ပတ်နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း စက်တင်ဘာ ၂၉ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

မန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေကို တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ နှစ်ဖက်တိုက်ပွဲ အခြေအနေကို မသိရှိရသေး၍ ဖြေကြားနိုင်ခြင်း မရှိဟု ပြောကြားခဲ့သည်။
မဇ္ဈိမ

အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခိုက်

ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်အတွင်းရှိ စက်တင်ဘာလ ၂၇ရက်နေ့က မြန်မာ အစိုးရတပ် ၀င်ရောက်V ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(KNDO) တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

"အစိုးရဘက်က စစ်ကြောင်းပုံစံ ၀င်လာတာကို စခန်းနားရောက်မှ သိရတယ်။ အဲဒီမှာ ပစ်ခတ် ခံရပြီး KNDO က တယောက်သေတယ်။ တယောက်က ဒဏ်ရာရသွားတယ်"ဟု ဒေသခံ ဆေး တပ်သားတဦးက အတည်ပြု ပြောဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှာ မူသယ်ကျေးရွာအနီးရှိ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၏ KNDO ရှေ့တန်း တပ်ခွဲစခန်း(ပလယ်ကော်ပလောစခန်း)တွင်ဖြစ်ပြီး အစိုးရတပ်မှ ကြိုတင် အကြောင်းကြားမှုမရှိဘဲ ခန့်မှန်းခြေ အင်အား ၃၀ခန့်က စစ်ကြောင်းပုံစံ ၀င်ရောက် လာခြင်းဖြစ်ကြောင်း နယ်မြေခံ တပ်မဟာ(၃)ဘက်က ပြောသည်။

ထိုဒေသမှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့၏ ဟဲဒဲနယ်မြေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကို ၎င်းဆေးဝန်ထမ်းများမှတဆင့် ကေအဲန်ယူ တပ်မဟာ(၃) ဌာနချုပ်သို့ ယမန်နေ့ညနေက ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ကေအိုင်စီ - ကရင်သတင်းဌာန

အစိုးရတပ်နှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား ဒီကနေ့ မွန်းလွဲက တိုက်ပွဲဖြစ်ကြပါတယ်။

ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာအနီးမှာ မွန်းလွဲ ၂ နာရီလောက်မှာ ဒီကေဘီ အေတပ်နဲ့ အစိုးရ စကခ ၁၉ တပ်တို့ တိုက်ပွဲဖြစ်တာပါ။

ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဒီဖြစ်ရပ်နဲ့ပတ် သက်လို့ ပြောဆိုရာမှာ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လာက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူတွေက ၀င်စစ်ဆေးတဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ပြန်လွှတ်ဖို့ ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်ပြီး ပစ်ခတ်ကြတာဖြစ်ကြောင်း ရှင်းပြပါတယ်။

ဒီပစ်ခတ်မှုကြောင့် အစိုးရတပ်က တဦးဒဏ်ရာရှိသွားကြောင်း၊ ဖမ်းဆီးထားသူတွေကိုတော့ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ပြီးရင် ပြန်လွှတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်ကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။
By နော်နိုရင်း

အသံဖိုင်နားဆင်ရန်
https://soundcloud.com/dvbradio/nr-dkba-news-26092014

မြ၀တီတွင် ပစ်ခတ်မှု ဖြစ်ပွား

ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့မှာ အစိုးရစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် တပ်တို့ ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲ့များနှင့် ကေအန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီတို့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ ကျော်က ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းတချို့ ပိတ်လိုက်ပြီး မြို့ခံလူထုတချို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မြန်မာအစိုးရစစ်တပ်မှ မြ၀တီမြို့ပေါ်ရှိ နေရာတချို့တွင် လုံခြုံရေး ရယူထားလိုက်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာ အနီးမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

By ဒီဗွီဘီ

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလ အစိုးရစစ်တပ်နှင့် DKBA တိုက်ပွဲ ဖြစ်ပွား

ကလို့ထူးဘော စစ်ဌာနချုပ်တွင် ၂၀၁၃ ဇူလိုင်လ အတွင်းက တွေ့ရသော DKBA အမျိုးသမီး တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – မြတ်စုမွန်/ဧရာဝတီ)


ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် မွန်ပြည်နယ် ကျိုက်မရောမြို့ အနီးတွင် ယနေ့ နံနက်ပိုင်းက အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရဘက်မှ ၈ ဦးကို DKBA ဘက်မှ ထိန်းသိမ်း ထားကြောင်း စုံစမ်း သိရှိရသည်။

ကျိုက်မရောမြို့နှင့် တမိုင်ကျော် အကွာအဝေးတွင်ရှိသည့် ကလှိုင်ကနိုင် ကျေးရွာအုပ်စု ကရင်တောအပေါ်ရွာတွင် အစိုးရ ခြေမြန် တပ်ရင်း(ခမရ) ၂၀၈ နှင့် DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲ တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် မြ၀တီမြို့ရှိ DKBA စစ်ဌာနချုပ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲမှ မန္တလေး ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ဝင်းဇော်လေး ၏ နေအိမ်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့(စရဖ) အဖွဲ့များက ၀င်ရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းစစ်ဆေး မှု ကြောင့် နောက်ဆက်တွဲအနေနှင့် အစိုးရဘက်နှင့် DKBA ကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ယနေ့ အစိုးရဘက်မှ DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲသို့ သွားရောက်၍ ဆွေးနွေးညှိနှိုင်းမှုလုပ်ရန် ကြိုးစားစဉ် DKBA ဘက်မှ စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲက ဗိုလ်ဝင်းဇော်လေးကို ရှောင်တခင် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် နားလည်မှု လွဲမှားသွားလို့ အခုလို ဖြစ်ပွားခဲ့တာပါ။ အဲဒီကိစ္စအပေါ် အစိုးရဘက်က လာရောက်ဆွေးနွေးတဲ့ သူတွေကို ကျနော်တို့ လက်အောက်က အဖွဲ့က ထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။ ကျနော်သိရသလောက်က အစိုးရဘက်က တပ်အင်အားများလို့ လာဆွေးနွေးတဲ့သူတွေကို ထိန်းသိမ်းလိုက်တဲ့ သဘောထင်ပါတယ်”ဟု ဗိုလ်ကြီး စောစိုးမြင့် က ပြောသည်။

ဆက်လက်၍ ၎င်းက“ အခု မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို ကျနော်တို့ ဌာနချုပ်က ထိပ်ပိုင်း ခေါင်းဆောင်တွေကို အသိပေးထားပြီးပါပြီ။ အထက်ပိုင်းကလည်း အကောင်းဆုံး ဖြေရှင်းပေးဖို့ ညွှန်ကြားထားပါတယ်။ သူတို့ဘက်ကလည်း မွန်ပြည် နယ် ကာလုံဝန်ကြီး လာရောက်ညှိနှိုင်းမယ်လို့ ကြားပါတယ်။ လက်ရှိအချိန်မှာတော့ ကျနော်တို့လည်း တင်ပြလာမယ့် အခြေအနေ ကို စောင့်နေပါတယ်”ဟုလည်း ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာအနီးတွင် နေထိုင်သည့် ဒေသခံ ဦးလှကို ဆိုသူက ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များမှ လက်နက်ကြီး ငယ် များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ ပစ်ခတ်မှုများကြောင့် အစိုးရတပ်ပိုင်းမှ ဗိုလ်ကြီးတဦးနှင့် ရဲတပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် ရဲတပ်သားတဦးကိုတော့ DKBA က ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဒဏ်ရာရ ဗိုလ်ကြီးနှင့် ကျန် ရဲ ၊ စရဖ နှင့် စစ်တပ်မှ တပ်ကြပ်အရာရှိများကို ဆက်လက် ထိန်းသိမ်းထားကြောင်း ပြောပြသည်။

“ဆယ်နာရီ ခွဲလောက်က စဖြစ်တာပါ။ ဆိုင်ကယ်စီးလာတဲ့ တပ်အရာရှိနဲ့ ရဲတပ်သားတဦးကို ဟိုဘက်က စပစ်တယ်။ နောက်တော့ အဲဒီအနောက်မှာ ပါလာတဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်ကြတော့တာပဲ။ နှစ်ဦးဒဏ်ရာရတယ်လို့ ကြားတယ်”ဟု ၄င်းက ပြော သည်။

လမ်းများကို ပိတ်ထားကြောင်း၊ အစိုးရ တပ်များ ထပ်မံရောက်ရှိလာပြီး ၀ိုင်းထားသည်ဟု ကြားသိရကြောင်း၊ DKBA ဘက်က အင် အား ၂၀ ကျော်ရှိနိုင်ကြောင်း၊ ထိန်းသိမ်းထားသော အစိုးရဘက်က အရာရှိများကို လွှတ်ပေးသည်ဟု မကြားသိရသေးသော်လည်း တိုက်ပွဲသံများကို မကြားရတော့ကြောင်းလည်း ဦးလှကိုက ညနေ ၄ နာရီခန့်က ဧရာဝတီကို ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ စက်တင်ဘာ ၂၂ ရက်က စတင် သော တွေ့ဆုံ ဆွေးနွေးပွဲကို ၅ ရက်မြောက် ကျင်းပနေပြီး ယနေ့သည် နောက်ဆုံးရက် ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ ရောက်ရှိနေသည့် DKBA တပ်ဖွဲ့ခေါင်းဆောင် ပိုင်းကိုလည်း ယနေ့ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေကို အသိပေးထားကြောင်း၊ ခေါင်းဆောင် ပိုင်းကလည်း ဆွေးနွေးပွဲအပေါ် ထိခိုက်မှုမရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဗိုလ်ကြီးစောစိုးမြင့်က ဆို သည်။

ညနေပိုင်း ၆ နာရီခန့် စုံစမ်းချက်အရ DKBA ဘက်မှ ထိန်းသိမ်းထားသည့် ဓားစာခံများကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရှိရ သည်။

တိုက်ပွဲ ဖြစ်ပွားသည့် ရွာအနီးဝန်းကျင်မှ ရွာသူ၊ ရွာသားများသည် ကျိုက်မရော ဘုရားဝင်းအတွင်းနှင့် ကျိုက်မရောမြို့ပေါ်တွင် ရှိသည့် အထက်တန်းကျောင်းဝင်း အတွင်းတွင် ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြကြောင်း၊ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ရှိသည် ဟု ခန့်မှန်းရကြောင်း၊ ဆက်လက်၍လည်း ဒုက္ခသည်များ လာရောက်နေကြဆဲ ဖြစ်ကြောင်း ဒေသခံ ဦးလှကိုက ပြောပြသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ ညနေ ၆ နာရီအထိ စစ်တပ်ပိုင်းနှင့် DKBA တပ် နှစ်ဘက်စလုံးကို နောက်ဆုံးအခြေအနေများ သိရှိရန် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

စက်တင်ဘာ ၁၈ ရက်ညကလည်း မြ၀တီမြို့တွင် DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းလာသော အနက်ရောင် SURF အမျိုးအစား ကား ကို အစိုးရ လုံခြုံရေးအဖွဲ့များက စစ်ဆေးရန် တားမြစ်ရာ အစစ်အဆေးမခံဘဲ မောင်းထွက်သွား၍ စစ်တပ်က ပစ်ခတ်တားဆီးမှု ဖြစ် ပွားခဲ့ပြီး တဦး သေဆုံး၍ တဦး ဒဏ်ရာရခဲ့သည်။
ဧရာဝတီ

ကေအဲန်ယူနှင့် အစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့


ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း အခြေစိုက်သော အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ(၅)၊ မူတတြော်(ဖာပွန်)ခရိုင် အခြေစိုက် တပ်အချို့ စက်တင်ဘာ လ ၉ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဖာပွန်မြို့နယ်ရှိ အူးသူးထာ့စခန်း အမှတ်(၁) အခြေချစစ်ဗျူဟာ (ဖာပွန်) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၁၉)မှ အစိုးရ တပ်ဖွဲ့ဝင်အချို့သည် ကေအဲန်ယူ သတ်မှတ်နယ်မြေအတွင်း ဖြတ်ကျော်ဝင်ရောက်လာမှုကြောင့် ၎င်းဒေသရှိ လှုပ်ရှားနေသော ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၁) တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင် ၁၀ဦးကျော်နှင့် ငါးမိနစ်ကြာ ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး ဗိုလ်မှူးစောဂလယ်ဒို့က “ပစ်ခတ်မှုဖြစ်တာ နေ့လည် ၁၂နာရီမှာ ပါ။ ပစ်ခတ်မှုဖြစ်ပွားတာက အစိုးရစစ်တပ်ရဲ့ အူးသူးထာ့စခန်းနဲ့ ကိုက်တစ်ထောင်ကျော်အကွာ အူးသူးထာ့ချောင်းမှာပါ။ သူတို့က သတ်မှတ်နယ်မြေထက် နယ်ကျော်ဝင်လာပြီး အကြောင်းကြားမှုလည်း မရှိလို့ ဒီက တပ်တွေနဲ့ ပစ်ခတ်မှုဖြစ်တာ”ဟု ကေအိုင်စီ သို့ အတည်ပြု ပြောကြားသည်။

ကေအဲန်ယူ တပ်မဟာ(၅)၌ လုံခြုံရေးအရ ကိုက် ၂၀၀ကျော်သည့်နေရာများတွင် အစိုးရတပ်အနေဖြင့် သွားလာပါက အပြန်အ လှန် သတင်းပို့ ဆက်သွယ်မှုအကြောင်းကြားရန် သတ်မှတ်ထားကြောင်း၊ ထိုသို့ သတ်မှတ်ရခြင်းမှာ ကန့်သတ်နယ်မြေများတွင် မြေမြှုပ်မိုင်း မရှင်းရသေးကြောင်းလည်း ဗိုလ်မှူးစောဂလယ်ဒို့က ဆက်ပြောသည်။

၎င်းပစ်ခတ်မှုတွင် KNDO ဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် အစိုးရစစ်တပ်ဘက်မှ ထိခိုက်မှုရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၅)အနေဖြင့် ဗဟိုဌာနချုပ်နှင့် သက်ဆိုင်ရာ အစိုးရတပ်များထံ ဆက်သွယ်အ ကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅)တွင် အစိုးရစစ်တပ်များ၏ နယ်မြေဖြတ်ကျော် ၀င်ရောက်လာမှုကြောင့် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားပြီး ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့ကလည်း နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၁ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့သည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News

KNU/KNLA PC တပ်ဖွဲ့ဝင်နှင့် အစိုးရတပ်၊ ရဲများက အချင်းပွားမှုဖြစ်


ကရင်ပြည်နယ် မြ၀တီမြို့ရှိ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Pace Council) တပ်ဖွဲ့ဝင်များ ကို နယ်မြေခံ အစိုးရစစ်တပ်နှင့် ရဲအင်အား ၁၅၀ကျော်က စက်တင်ဘာ ၉ရက်နေ့တွင် အချင်းများကာ သေနတ်ပစ်ဖောက်မှုအ ထိ ဖြစ်ပွားခဲ့သည်ဟု KNU/KNLA(PC) မြ၀တီမြို့ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောအယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

ဗိုလ်ကြီးစောအယ်ဒိုက “မနက် ၁၀နာရီကျော်လောက်မှာ မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူးက အဲဒီနေရာကို သွားတယ်။ ဒီက ရဲဘော် တွေကလည်း သူ့ကို ဘယ်သူမှန်းသိတာ မဟုတ်ဘူး။ တာဝန်အရ မေးမြန်းတဲ့အပေါ်မှာ စကားများကြပြီး ရဲဘော်ကို စပြီး ဆွဲထိုး လိုက်တော့ သေနတ်နှစ်ချက် ပစ်ဖောက်မှုအထိ ဖြစ်သွားတာပါ”ဟု ပြောသည်။

မြ၀တီမြို့အထွက် မြေနီကုန်းကျေးရွာအနီးရှိ မြေနေရာများနှင့် ပတ်သက်၍ အငြင်းပွားများ၊ တိုင်ကြားမှုများ ရှိခဲ့သည့်အပေါ် မြို့ နယ်အုပ်ချုပ်ရေးမှူးက သွားရောက်ကြည့်ရှုခဲ့ရာတွင် KNU/KNLA PC ၏ ဆက်ဆံရေးရုံးသို့ အသိပေး၊ အကြောင်းကြားခြင်း မရှိ သည့်အတွက်လည်း ယခုလို မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားကာ KNU/KNLA PC တပ်ဖွဲ့ဝင် ၂၀ခန့်ကို နယ်မြေခံ အစိုး ရတပ် ခြေမြန်တပ်ရင်း(ခမရ ၂၇၅) အပါအ၀င် နယ်ခြားစောင့်တပ်(BGF)နှင့် ရဲတို့မှ ၀ိုင်းရံသည်အထိဖြစ်ခဲ့ရကြောင်း ဗိုလ်ကြီး စောအယ်ဒိုက ဆက်ပြောသည်။

ထိုအခြေအနေများကြောင့် မြ၀တီမြို့ခံများက ထိတ်လန့်သွားခဲ့ကြပြီး တာဝန်ရှိသူများအချင်းချင်း ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြ ရာ နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် မြန်မာစစ်တပ်နှင့်ရဲများက အဆိုပါနေရာမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားသော မြေနေရာမှာ မြ၀တီမြို့နယ်အတွင်း ငြိမ်းချမ်းရေးရယူထား ကရင်လက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်နှင့် ပြည် သူများအကြား ယခင်ကတည်းက မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းများရှိခဲ့ကြောင်း မြ၀တီမြို့ခံများက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြ၀တီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းသည့်အခါ မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်း အဝေးပြုလုပ်နေ၍ မအားလပ်ကြောင်း ရုံးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ တုန့်ပြန်ပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ်စောထိန်မောင် ဦးဆောင်သည့် KNU/KNLA PC သည် လက်ရှိ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးရှိ နော်တယာမြို့၌ အခြေစိုက်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)မှ ခွဲထွက်ကာ မြန်မာအစိုးရထံ သွားရောက်အပစ်အခတ် ရပ် စဲပြီး ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် သီးခြားဖွဲ့စည်းခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News

ပအို့ဝ် အဖွဲ့နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း တိုက်ပွဲ ဖြစ်ပွား


ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း လွယ်တိုင်း လျန်းဌာနချုပ် အခမ်းအနားတခုမှ စစ်သမီးများ (ဓာတ်ပုံ – ဧရာဝတီ)


ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား ယနေ့ နံနက်ပိုင်း က တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီး ဒေသရှိ နောင်တော်ကျေးရွာ၌ PNLO အဖွဲ့မှ နေအိမ်များ တည် ဆောက်နေ မှုကို RCSS /SSA က ဟန့်တားရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း PNLO ဥက္ကဌ ခွန်မြင့်ထွန်း က ဧရာဝတီ ကို ပြောပြသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ အိမ်ဆောက်တာပါ၊ ဒါကို မဆောက်ဖို့ RCSS/SSA က တားတဲ့အတွက် တိုက်ပွဲဖြစ်တာပါ၊ အဲဒီ နယ်မြေမှာ ကျနော်တို့ အိမ်ဆောက်ဖို့အတွက် အစိုးရနဲ့ကျနော်တို့ အကြား သဘောတူညီမှု ရပြီးသားပါ”ဟု ၎င်းက ပြောဆိုသည်။

RCSS/SSA အဖွဲ့မှ တာဝန်ရှိသူ တဦးက PNLO အဖွဲ့မှ နေအိမ်တည်ဆောက်နေသည့် နယ်မြေသည် ၎င်းတို့နယ်မြေ ဖြစ်ကြောင်း၊ နေ အိမ်များ ဆောက်လုပ်ရန် စတင်ပြင်ဆင်စဉ်ကပင် ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ရပ်တန့်ခြင်း မရှိ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

“ရှမ်းပြည်နယ်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူက အိမ်ဆောက်မိန့်ပေးတယ်လို့ ကျနော်တို့သိရတယ်၊ အဲဒါကြောင့် အိမ် မဆောက်ဖို့ သတိပေးတာ နောက်မဆုတ်တဲ့အပြင် တပ်တွေပါ တိုးချလာတယ်၊ အဲဒါကြောင့် ကျနော်တို့က တိုက်ခိုက်ရတာပါ”ဟု RCSS/SSA အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲသည် နံနက် ၆ နာရီဝန်းကျင်တွင် စတင်ကာ ၁၁ နာရီ ၀န်းကျင်၌ ရပ်တန့်ခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရမှုကိုမူ နှစ်ဘက်စလုံးမှ အတည်မပြုနိုင်သေးကြောင်း ပြောဆိုကြသည်။

နေအိမ် ဆောက်လုပ်မှုများအား ရပ်တန့်ရန်၊ ပအို့ဝ် တပ်များ ဆုတ်ခွာပေးရန်နှင့် ၎င်းတို့နယ်မြေ၌ လှုပ်ရှားခွင့်ပြုမည် မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် PNLO ဥက္ကဌ ခွန်မြင့်ထွန်း တို့ထံ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့်စာ၌လည်း ဖော်ပြထားသည်။

PNLO အဖွဲ့ အနေဖြင့် အကူအညီ တစုံတရာ လိုအပ်ပါကလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပေးပို့စာတွင် ပါရှိသည်။

PNLO နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

RCSS/SSA နှင့် PNLO တို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ (UNFC) က ကြားဝင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း UNFC ဒု ဥက္ကဌ နိုင်ဟံသာ က ယနေ့ကျင်းပသော NUFC ညီလာခံ နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

UNFC ကို PNLO အပါအ၀င် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။
From ဧရာဝတီ